Tuesday, November 7, 2017

လမ်းဆုံ

လမ်းဆုံ
~~~~~

တစ်ခါက လူငယ်တစ်ဦးဟာ တောလမ်းတစ်ခုကို ဖြတ်လျှောက်လာပါတယ်။ သူ့ရည်မှန်း ချက်က တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်ကျော်ပြီး ရတနာသိုက်ရှိရာကို သွားဖို့ပါ။ ဒီလိုနဲ့ တဖြည်းဖြည်းလျှောက်လာရင်း တောလမ်းတစ်နေရာအရောက်မှာ လမ်းဆုံတစ်ခုကို တွေ့ သွားပါတယ်။ ဒါနဲ့ လူငယ်လည်း ရတနာသိုက်လမ်းညွှန်မြေပုံကို ပြန်ကြည့်ပါတယ်။ မြေပုံထဲမှာ လမ်းဆုံမပါလေတော့ လွန်စွာ စိတ်အိုက်ရပါတော့တယ်။

ဒါပေမယ့် ကံကောင်း ထောက်မစွာပဲ လမ်းဆုံအနီးမှာ အဘိုးအိုတစ်ဦးကို တွေ့မြင်သွား ပါတယ်။ အဘိုးအိုကို နှုတ်ဆက်စကားဆိုရင်း ခရီးဆက်ဖို့ လမ်းကြောင်းကို မေးမြန်းစုံစမ်းပါတယ်။ အဘိုးအိုနဲ့ စကားလက်ဆုံကြရင်း လူငယ်လေး နားလည်လာတာက အဘိုးအိုဟာလည်း သူ့လိုပဲ လွန်ခဲ့တဲ့ဆယ်စုနှစ်လေးခုအကြာက ရတနာသိုက်ရှိရာကို ခရီးနှင်လာခဲ့တဲ့ လူတစ်ဦး ဆိုတာပါပဲ။

အဲဒီလမ်းဆုံလေးမှာ အသီးအရွက်တွေလည်း ပေါများသလို သစ်ဥ၊ သစ်ဖုတွေလည်း လွန် စွာ စုံလင်လှပါတယ်။ အခက်အလက်ဝေဆာတဲ့ သစ်ပင်ကြီးတွေနဲ့ အေးမြတဲ့ စမ်းချောင်းလေး အနီးမှာ ရှိတာမို့ လူတိုင်းနှစ်သက်နိုင်တဲ့နေရာဆိုရင်လည်း မမှားပါဘူး။
အဘိုးအိုဟာ လွန်ခဲ့တဲ့ နှစ်(၄၀)ကျော် လူငယ်အရွယ်က သူ့လိုပဲ ရတနာသိုက်ရှိရာကို ခရီး နှင်လာရင်း ဒီလမ်းဆုံလေးမှာ ခရီးတစ်ထောက်နားခဲ့ပါတယ်။ မြေပုံအညွှန်းမှာ လမ်းဆုံမပါလေ တော့။ သူတတ်ထားတဲ့ ဗေဒင်ပညာတွေနဲ့ တွက်ချက်ပါတယ်။ ဘယ်လမ်းကိုသွားရင် ရတနာ သိုက်ကိုရောက်မလဲ။ ဘယ်အချိန်မှာ ကံအကောင်းဆုံး ဖြစ်မလဲပေါ့။ ဒီလိုနဲ့ နေ့ရက်တွေ အများ ကြီး စောင့်ခဲ့ရပါတယ်။ တစ်ခါတစ်ခါ သစ်ဥ၊ သစ်ဖုတွေ များစွာစားပြီး အစားအဆိပ်တက်ကာ အိပ်မောကျနေမိတယ်။ ဒါနဲ့ ဗေဒင်ကိန်းဂဏန်းအရ ကံအကောင်းဆုံးဆိုတဲ့ အချိန်ကိုလည်း ကျော် လွန်သွားခဲ့ပြန်ပါတယ်။

ကံအကောင်းဆုံးဆိုတဲ့အချိန်ကို ဖမ်းဆုပ်မိပြန်တော့လည်း လမ်းခွဲရှိရာ အရပ်မျက်နှာတွေ ဟာ ဗေဒင်ကိန်းဂဏန်းအရ ခရီးမသွားအပ်တဲ့အရပ်တွေ ဖြစ်နေပြန်ပါတယ်။ ဒီလိုနဲ့ စောင့်ဆိုင်းရင်း စောင့်ဆိုင်းရင်း သူဟာ လူငယ်ကနေ လူကြီးအရွယ်ကို ရောက်ရှိလာခဲ့ပါတယ်။ လူကြီးအရွယ်အထိ အရင်လိုပဲ လွဲချော်တုန်းပါပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့ရက်အနည်းအငယ်ကတော့ သူ့အတွက် ကံအကောင်းဆုံး အချိန်နဲ့ လမ်းခွဲရှိရာ အရပ်မျက်နှာကို တွက်ချက်မိပါတယ်။ ဒါပေမယ့် သူခရီးမ ဆက်နိုင်တော့ပါ ဘူး။ လွန်စွာ အိုမင်းပြီး ခြေတွေ၊ လက်တွေ လေးလံနှေးကွေးလာခဲ့ပြီလေ။
လူငယ်လေးဟာ အဘိုးအိုရဲ့ အတိတ်ကြောင်းကို နားလည်လာခဲ့ပြီး လွန်စွာ ၀မ်းနည်းကြေ ကွဲ ဖြစ်ရပါတယ်။ ပြီးတော့အဘိုးအိုရဲ့ စကားလေးတွေကို အမှတ်ရနေပါတယ်။

" လူလေးရေ.... ငါတဖြည်းဖြည်း နားလည်လာခဲ့တာကတော့ ကံအကောင်းဆုံး အချိန်ဆို တာ လက်ရှိအချိန်ပဲ။ ကံအကောင်းဆုံးအလုပ်ဆိုတာ လက်ရှိအချိန်ကို ဥာဏ်နဲ့ ၀ီရိယ ထပ်ပေါင်း ထည့်ဖို့ပဲ။ ငယ်ရွယ်စဉ်မှာ လမ်းရွေးရင်း အချိန်မကုန်ဖို့နဲ့ သက်သာမှုနယ်ပယ်တစ်ခုဖြစ်တဲ့ လမ်းဆုံ တွေမှာ ရပ်တန့်အချိန်ဖြုန်းမနေဖို့လိုတယ်။ ဒီအချိန်မှာ နောင်တအရဆုံးကတော့ လမ်းခွဲတွေကို လျှောက်မကြည့်ပဲ မမြင်နိုင်တဲ့ ကံတရားကိုပဲထိုင်ပြီး စောင့်ကြိုနေမိတဲ့ အပြစ်ပါ။ တကယ်တော့ ဒီလမ်းခွဲတွေဟာ အရှေ့စူးစူး တစ်နေရာမှာ ပြန်ဆုံသွားတာပဲ။ ဒါကြောင့် ရှေးလူကြီးတွေဟာဒီလမ်းဆုံကို မြေပုံထဲမှာ မရေးခဲ့တာပဲ။ ရတနာသိုက်နဲ့ ထိုက်တန်တဲ့ ဥာဏ်နဲ့ ၀ီရိယရှိသူကိုဒီလမ်းဆုံလေးက စစ်ထုတ်ပေးလိုက်တာပဲ။ ဒီအသိကိုရလာတဲ့ ဒီနေ့အချိန်အခါမှာတော့ ငါဟာ အခုလို အိုးမင်းယိုယွင်းနေခဲ့ပါပြီ။ ရဲရဲသာသာ ဆက်လျှောက်သွားပါ။ တစ်နေရာရောက်ရင် လိုရာ ကို ပြန်ဖောက်ထွက်နိုင်ပါလိမ့်မယ်"

လူငယ်လည်း အဘိုးအိုကို ရှိခိုးကန်တော့ပြီး ရတနာသိုက်ရှိရာသို့ ရည်စူးကာ လမ်းခွဲတစ် ခုကို တိတိကျကျ ရွေးချယ်လိုက်ပြီး ဆက်လက်ခရီးနှင်သွားပါတော့တယ်။

စာရေးသူရဲ့ဒီပုံပြင်လေးလိုပါပဲ တစ်ခါတစ်ခါ လမ်းလျှောက်ရင်း လမ်းဆုံတွေ ( တွေဝေစရာ တွေ) ကို မမျှော်လင့်ပဲ တွေ့ရတတ်ပါတယ်။ အဲဒီလမ်းဆုံတွေဟာ ( Comfort Zone ) လို့ခေါ်တဲ့ သက်သာမှု နယ်ပယ်တွေလည်း ဖြစ်နေတတ်ပြန်ပါတယ်။ ရှေ့ခရီးမဆက်ဖြစ်ရင်တောင် ပုံမှန်စား နိုင်သောက်နိုင်၊ ပျော်ပါးနိုင်နေတာမို့ တစ်ခါတစ်ခါ ခရီးဆက်ဖို့၊ ကြိုးစားအားထုတ်ဖို့ မေ့လျော့ နေတတ်ပါတယ်။
ဒါပေမယ့် သတိဝင်လာတဲ့ တစ်နေ့မှာတော့ ခရီးဆက်ဖို့ စွမ်းဆောင်နိုင်စွမ်းတွေ မရှိတော့ ပါဘူး။ တကယ်တော့ လျှောက်မိလို့ လမ်းမှားတာထက် ရပ်နေတာက ပိုဆိုးပါတယ်။ လမ်းမှားတဲ့ တိုင်အောင် အတွေ့အကြုံသစ်များစွာ ရရှိနိုင်လို့ပါပဲ။ အဲဒီအတွေ့အကြုံတွေဟာလည်း လမ်းမှန် ပေါ်ပြန်ရောက်ဖို့ ဘ၀သင်ခန်းစာကောင်းတွေ ၊ အရင်းအနှီးကောင်းတွေ ဖြစ်နေတတ်ပါတယ်။

လမ်းဆိုရာမှာလည်း မိမိဘ၀အတွက် တိုးတက်ရာ တိုးတက်ကြောင်းကို ဖြစ်စေနိုင်တဲ့အရာ တွေကိုသာ ဆိုလိုပါတယ်။ မိမိကိုယ်ကို ဆုတ်ယုတ်ပျက်စီးစေနိုင်တဲ့ လမ်းမျိုးကိုတော့ မျက်စိမှိုတ် တွန်းပို့တာမျိုးတော့ မလုပ်မိပါစေနဲ့။ ဒါ့ကြောင့် စာရှုသူမိတ်ဆွေ တွေဝေမှုလမ်းဆုံတွေမှာ အချိန် ဖြုန်းနေမှုကို ဒီနေ့ပဲ ရပ်တန့်လိုက်ပါ။ ရဲရဲဝံ့ဝံ့ရှေ့ဆက်ပါ။ အရှေ့စူးစူးတစ်နေရာမှာ သင့်အတွက် အောင်မြင်ခြင်းဆိုတဲ့ ရတနာသိုက်တစ်ခုက တံခါးဖွင့် စောင့်ကြိုနေပါတယ်။

“ တစ်ခုခုလုပ်ဖို့ အချိန်ယူစဉ်းစားတတ်တာ ကောင်းပါတယ်။ ဒါပေမယ့် လိုအပ်တာထက် အချိန်ပိုယူ နေရင်လည်း လက်တွေ့အကောင်အထည်ဖော်ဆောင်ဖြစ်မှာ မဟုတ်တော့ပါဘူး။ လက်ခံမလား။ ငြင်းပယ်မလား။ တိတိကျကျဆုံးဖြတ်ပါ။ ”

#credit- ကောင်းစံသာ(ရေကြည်)

ဗဟုသုတအဖြစ် ပြန်လည်မျှဝေလိုက်ပါသည်#

0 comments:

Post a Comment