Sunday, November 19, 2017

မောင်တစ်ထမ်း မယ်တစ်ရွက်

မောင်တစ်ထမ်း မယ်တစ်ရွက်
=================

လူဆိုတာ တစ်ခါတစ်လေမှာ ငွေကြေးထက်
နှလုံးသားဆန္ဒကို ရွေးချယ်ခဲ့ကြတယ်။

တစ်​ခါတစ်​​လေတော့လည်း နှလုံးသားဆန္ဒထက်
ပိုင်ဆိုင်မှူကို ပိုကြည့်ခဲ့ကြတယ်။

ဘယ်ဟာကိုပဲ ဦးစားပေးခဲ့ ပေးခဲ့
အရေးအကြီးဆုံးကတော့ စိတ်တူကိုယ်တူဖြစ်ဖို့က ပထမပါ။

ငွေကြေးပြည့်စုံလည်း စိတ်သဘောထားမတူရင်
"သစ္စာ"ဆိုတာ ဖြစ်လာမှာ မဟုတ်သလို ထမင်းရည်အတူသောက်ပြီး
တစ်ယောက်ကိုတစ်ယောက် ဖေးမ နွေးထွေးမှူမရှိရင်လည်း
ပျော်ရွှင်မှူဆိုတာ ပျောက်ဆုံးနေကြအုံးမှာပါ။

အိမ်ထောင်ရေးဆိုတာ ထီထိုးရသလိုပဲလို့ ပြောတတ်ကြတယ်
အမှန်တော့ အိမ်ထောင်ရေး ဆိုတာ ထီထိုးရသလောက် မခက်ခဲပါဘူး
အိမ်ထောင်ရေးမှာ တစ်ယောက်ကို တစ်ယောက် "ယုံကြည်မှူ"ရှိဖို့ပဲ
လိုတယ်။

ယောက်ျားလေးအနေနဲ့ အိမ်ထောင်ပြုတယ်ဆိုတာ သူ့အိမ်ထောင်ဖက်ကို
တာဝန်ယူနိုင်မယ်လို့ ယုံကြည်ပြီး မိန်းကလေးအနေနဲ့လည်း
သူမအိမ်ထောင်ဖက်ကို ယုံကြည်မှူကြောင့်ပဲ သူမဘဝကို ပုံပေးခြင်းပါ။

ရွှေဘုံပေါ်မှာ စံပြီး ပျော်ရွှင်မှူ မရှိရင် ခမ်းနားတဲ့ ဘဝ မဟုတ်သလို
ဖျာကြမ်းပေါ်မှာ အိပ်ပြီး နွေးထွေးကြင်နာတဲ့ ရင်ခွင်သာရှိရင်
သာယာပြည့်စုံတဲ့ ဘဝပါ။

ဘဝတစ်ခုတည်ဆောက်ရာမှာ ယုံကြည်မူ က နံပါတ်တစ်ဆိုရင်
"နားလည်​မှု "က နံပါတ်နှစ်ပါ။နားလည်မှူသာ ညီမျှခဲ့ရင် ပင်ပန်းလို့
ကျခဲ့တဲ့ ချွေးစက်ပေါင်းများစွာက အဲယားဂွန်းခန်းမှာ ထိုင်ပြီး
ပူလောင်မှူများစွာနဲ့ ကျနေရတဲ့ မျက်ရည်ထက် များစွာ တန်ဖိုးကြီးပါ
လိမ့်မယ်။

ငွေကြေးမချမ်းသာရင် အချစ်ဆိုတာ အလကားပါပဲလို့ လူတစ်ချို့က
ထင်နေတတ်ကြတယ်။ မှန်သင့်သလောက်မှန်ပေမယ့် တကယ်တန်း
ငွေကြေးပြည့်စုံတိုင်းလည်း အိမ်ထောင်ရေး သာယာပါလိမ့်မယ်လို့
ထင်နေလား.....?
ကြွယ်ဝမှူဆိုတာ မိဘချမ်းသာလို့ သားသမီး ချမ်းသာတာလား
သားသမီးချမ်းသာလို့ မိဘ ချမ်းသာတာလား
များသောအားဖြင့်တော့ မိဘချမ်းသာလို့ သားသမီးချမ်းသာတာပါ
သားသမီးအရည်အချင်းကြောင့် မိဘ ချမ်းသာလာတယ်ဆိုတာ
ရှားပါတယ်။

သူဋ္ဌေးသားသမီးဆိုပြီး အထင်ကြီး၍ ယူပီးမှ အရည်အချင်းမရှိတော့
ဘယ်လောက်ပဲချမ်းသာပါစေ အရည်အချင်းမရှိရင် အချိန်တန်တော့
မွဲလာတယ်။ အဲ့ဒီကစ၍ အိမ်ထောင်ရေးက ပြိုပျက်လာတော့တာပါပဲ။
တစ်ချို့ကျတော့ ပေါများမှူကြောင့် ပျက်စီးခြင်းဆိုက်လာပြီး
အိမ်ထောင်ရေးဖောက်ပြန်မှူတွေ ရှိလာတယ်။

ငွေကြေးနဲ့ သစ္စာတရားဆိုတာ ဘာမှ မဆိုင်ပါဘူး
သစ္စာတရားဆိုတာ နှလုံးသားက စီးဆင်းလာတဲ့ မေတ္တာတရားကြောင့်
သာ "သစ္စာ" ဖြစ်လာတာပါ။ထမင်းကြမ်းခဲကို ယပ်ခတ်စားနေရလည်း
စိတ်တူကိုယ်တူသာ ကြိုးစားမယ်ဆိုရင် တန်းဝင်သော ဘဝ
အဆင့်တစ်ခုကို ရောက်ရှိပိုင်ဆိုင်ပါလိမ့်မယ်။

မောင်တစ်ထမ်း မယ်တစ်ရွက် သာ ညီမျှပါစေ
သုညကစလည်း သုညရှေ့မှာ ကိန်းဂဏန်း ပေါင်းများစွာ ထပ်ပေါင်း
လာပါလိမ့်မယ်။ယနေ့ခေတ် ကမ္ဘာကျော် သူဋ္ဌေးတွေရဲ့ဘဝကို
လေ့လာကြည့်ပါ။ များသောအားဖြင့် မွေးလာကတည်းက
ချမ်းသာလာသူက မရှိသလောက်ပါပဲ။ သုညကစပြီး
အပေါင်းများစွာ ပေါင်းထည့်ခဲ့သူတွေ များပါတယ်။

ဖူးစာဆိုတာ ရေစက်ပါ
ရေစက်တစ်ခုကြောင့် ဘဝတစ်ခုကို အတူတူထူထောင်ခွင့်ရကြတာကို
အိမ်ထောင်ကျတယ်လို့ ဆိုလိုပါတယ်။

ဘဝဆိုတာ အတူတူတက်ညီလက်ညီ ကြိုးစားမယ်ဆိုရင်
စိတ်​ကူးယဉ်​ တာထက် လက်တွေ့မှာ တကယ်ဖြစ်လာတာမျိုးပါ။
အိမ်ထောင်ဦးစီးကလည်း ရိုးသားကြိုးစားမယ်
အိမ်ရှင်မကလည်း တတ်နိုင်တဲ့ဘက်က ပါရမီဖြည့်ပေးမယ်ဆိုရင်
မိုးရေထဲမှာ ထီးမပါလည်း မေတ္တာ အရိပ်က လုံခြုံမှူပေးပါလိမ့်မယ်။

နေပူထဲသွားရလို့ မကြောက်ပါနဲ့
နေရိပ်ကို ရဖို့က နေပူ အရင်ခံရတတ်ပါတယ်
နေပူကိုကြောက်ပီး နေရိပ်ထဲ အရင်ဝင်ခိုမိရင်တော့
နေပူလာတဲ့အချိန် ခံနိုင်ဖို့ မလွယ်ဘူးလို့ ယူဆပါတယ်။

အသွင်မှ တူရင်တော့ ၊ အတွေးအခေါ် အယူအဆနဲ့ မေတ္တာသာ
တူရင်တော့ အိမ်သူမဖြစ်စရာ အကြောင်းမရှိဘူးလို့ ယူဆပါတယ် ။

လေးစားစွာဖြင့် ♥ ♥ ♥
ဇင်းနစ်​ မကွေး

0 comments:

Post a Comment