နိဗ္ဗာန်ဟူသည် အဘယ်နည်း
★ ★ ★ ★ ★ ★ ★ ★ ★
နိဗ္ဗာန်ဆိုတာ ဘယ်အရပ်မှာလဲ၊ ဘယ်လိုပုံစံလဲ၊ လုံးသလား ပြားသလား၊ ဘယ်သဘောကို ဆောင်သလဲ.?
ဘာသာခြားတွေ ငေါ့ထဲ့ထဲ့မေးတတ်ကြတဲ့ အမေးစကားပါ။

ကျွန်တော်လေ့လာထားသလောက် ဖြေကြည့်လိုက်ပါတယ်။ တစ်ခုတော့
ကြိုတင်ဝန်ခံထားပါရစေ.. နိဗ္ဗာန်ဆိုတာ ကျွန်တော်တို့လို
မျက်ကန်းပုထုဇဉ်တွေအဖို့ မြင်နိုင်သိနိုင်ဖို့ခက်တဲ့ ပရမတ္ထတရားဖြစ်တဲ့အတွက်
စာသိတစ်ခုတည်းနဲ့သာ ရေးသားခြင်းဖြစ်သည်။
ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားတော်မူခဲ့တဲ့ နိဗ္ဗာန်ဟူသည်မှာ -
၁။ နိဗ္ဗာနံ အသင်္ခတံ
(နိဗ္ဗာန်သည် ရေ၊ မြေ၊ လေ၊ မီး ဆိုသည့် မဟာဘုတ်ဓာတ်ကြီးလေးပါးတို့ ပေါင်းစပ်ဖွဲ့စည်းတည်ဆောက်ထားသောတရား မဟုတ်သည့်အတွက် ပြုပြင်ပြောင်းလဲမှုမှ ကင်းစင်ခြင်း)
၂။ နိဗ္ဗာနံ နိစ္စံ
(နိဗ္ဗာန်သည် တည်မြဲမှုရှိခြင်း)
၃။ နိဗ္ဗာနံ ပရမသုခံ
(နိဗ္ဗာန်သည် တဏှာ၊ ဥပါဒါန် စတဲ့ တရားတွေကို ဖြစ်ပွားစေသည့် ဝေဒနာတရားတွေမှ ကင်းစင်သည့် အကောင်းဆုံးသော ချမ်းသာသုခနှင့် ပြည့်စုံခြင်း)
၎။ နိဗ္ဗာနံ ဓူဝံ
(နိဗ္ဗာန်သည် ဖန်းဆင်းထားသောတရား မဟုတ်ဘဲ အမြဲရှိသည့်တရားဖြစ်ခြင်း)
၅။ နိဗ္ဗာနံ ဝိမုတ္တိရဿာ
(နိဗ္ဗာန်သည် လွတ်မြောက်သောအရသာနှင့် လုံးဝပြည့်စုံခြင်း)
၆။ နိဗ္ဗာနံ သုဘံ
(နိဗ္ဗာန်သည် အလွန်တင့်တယ်ခြင်းတရားနှင့် ပြည့်စုံခြင်း)
၇။ နိဗ္ဗာနံ ဝိရောဓိသမ္ပတ္တံ
(နိဗ္ဗာန်သည် ၁၅၀၀သော ကိလေသာတရား၊ ရုပ်နာမ်၊ ခန္ဓာတရားတို့မှ ပေါ်ပေါက်လာသော ဝေဒနာတရားများနှင့် ဒုက္ခအပေါင်းမှ ကင်းလွတ်ခြင်း)
နိဗ္ဗာန်နဲ့ပတ်သက်လို့ ဗုဒ္ဓကိုယ်တော်တိုင် ဟောသည့်တိုင်အောင် သာမန်လူတွေရဲ့ ဥာဏ်မျက်စိနဲ့မြင်နိုင်ဖို့ဝေးစွ၊ သောတာပန်, သကဒါဂါမ်၊ အနာဂါတ် အစရှိတဲ့ အရိယာတွေတောင်မှ နိဗ္ဗာန်ကို အာရုံပြုနိုင်သည့် အဆင့်မျှသာ ရှိသေးသည်။ ဘာလို့ မမြင်နိုင်သလဲဆိုတော့ အာသဝေါတရားတွေ မကုန်ခမ်းသေးလို့ပါပဲ။ နိဗ္ဗာန်ဆိုတဲ့သဘောက ပရမတ္ထ အရှိတရား၊ အငြိမ်းဓာတ်၊ အကြောင်းအကျိုးကင်းတယ်၊ အိုနာသေဘေး ကင်းတယ်၊ သန္တိသုခခေါ်တဲ့ ငြိမ်းအေးမှုတစ်ခုပဲ ရှိတယ်၊ ဒုက္ခခပ်သိမ်း ငြိမ်းတယ်၊ ၃၁ဘုံ စကြ၀ဠာခေါ်တဲ့ သင်္ခတနယ်ရဲ့ဆန့်ကျင့်ဘက်ဖြစ်တဲ့ အသင်္ခတနယ်မြေမှာရှိတယ်။ ဒီနေရာမှာ စောဒကတက်စရာ တစ်ခုရှိပါတယ်။ ဗုဒ္ဓက နိဗ္ဗာန်လမ်းကိုပြတော့ ရဟန္တာတွေက မြင်ကြပြီး၊ ဗုဒ္ဓကို ကိုးကွယ်သူတွေက နိဗ္ဗာန်ဆိုတာ ဘယ်မှာမှန်းလည်းမသိ၊ ဘယ်ပုံသဏ္ဍာန်မှန်းလည်း မသိဘဲနဲ့ သူများနိဗ္ဗာန်တိုင်း ရမ်းနိဗ္ဗာန်နေကြတယ်လို့ ပြောစရာရှိကောင်းရှိနိုင်တယ်။
ဥပမာလေးတစ်ခု ပြောပြရရင် .. မွေးရာပါ မျက်စိမမြင်တဲ့ လူတစ်ယောက်ကို နေရောင်ခြည်ကိုပြပြီး နေရောင်ခြည်ဟာ ဘာအရောင်ဖြစ်တယ်၊ အလင်းရတယ်၊ မျက်လုံးကျိန်းတယ်လို့ သွားပြောလို့ မျက်စိမမြင်တဲ့လူက လက်ခံမှာလား။ ဘယ်သူဘာပြောပြော သူမမြင်နိုင်တဲ့အရာတစ်ခုကို ဘယ်ပုံသဏ္ဍာန် ဘယ်ပုံဘယ်နည်းဆိုတာ ပြောနေလို့လည်း သူမသိနိုင်ဘူး။ တကယ်မြင်ချင် သိချင်ရင် ကန်းနေတဲ့မျက်လုံးကို အလင်းရအောင် ကုသပြီးမှသာ မြင်နိုင်တွေ့နိုင်တော့မှာပေါ့။ နိဗ္ဗာန်ဆိုတဲ့သဘောကလည်း ဒီအတိုင်းပါပဲ။ မြင်ပြီးသူက ပြောပြပေမယ့် မမြင်နိုင်သေးတဲ့လူက သိပ်လက်မခံချင်ကြဘူး။ ဘာလို့လဲဆိုတော့ ကန်းနေကြလို့ပေါ့ဗျာ..
မြင်ချင်လား.... အကန်းမျက်စိကို ခွဲစိပ်ကုသ,သလို၊ နိဗ္ဗာန်မြင်နိုင်တဲ့အလင်းရဖို့ ဝိပဿနာတရား များများရှု။ ရဟန္တာတွေမှာရှိတဲ့ ဥာဏ်စဉ်(၂၂)ပါးရရင် သိပ်သိချင်နေတဲ့နိဗ္ဗာန် မြင်ပြီသာမှတ်တော့။
ဤမျှသာ (လေ့လာမိသလောက်)
Yarzar
facebook

0 comments:
Post a Comment