လူဝတ်ကြောင် နဲ့ ဝိပဿနာ (၂)
လူဝတ်ကြောင်တွေအနေနဲ့ ရိပ်သာမှာ သီးသန့်သွားပြီး အားမထုတ်နိုင်ကြဘူး။
မိမိရဲ့ အိမ်မှာ၊ အလုပ်မှာပဲ သတိမပြတ်ကပ်နိုင်အောင် လေ့ကျင့်ကြရလိမ့်။
ရိပ်သာမသွား၊ တင်ပလ္လင်ခွေ မထိုင်၊ မျက်စိမမှိတ် ၊ အဲဒ်ီလိုအားမထုတ်လို့ နိဗ္ဗာန်ရနိုင်ပါ့မလားလို့ သံသယ ရှိကောင်းရှိနိုင်တယ်။
နိဗ္ဗာန်ရခြင်း မရခြင်းဟာ ထိုင်မှတ်ခြင်းအပေါ်မှာ လုံးလုံးမှီတည်နေတာ မဟုတ်ပါဘူး။ ပါရမီနဲ့ လက်ရှိ အားထုတ်မှုအပေါ်မှာသာ မှီတည်တာဖြစ်တယ်။
ရှင်အာနန္ဒာကိုကြည့်ပါ ။ အိပ်ရာပေါ် သတိဉာဏ်မပြတ်ရှုမှတ်ရင်း လှဲအိပ်စဉ်မှာ ခေါင်းအုံးနဲ့ ခေါင်းမထိ ခင် တစောင်းဖြစ်နေချိန် မဂ်ဆိုက်သွားတယ်။ ဣရိယာပုထ် လေးပါးကလွတ်ပြီး ရဟန္တာဖြစ်သွားတယ်လို့ ဆို တယ်။
ကျားစားခံရတဲ့ မထေရ်ဆိုရင်လည်း ကျားပါးစပ်ထဲ အစားခံနေရစဉ်မှာဘဲ မဂ်တဆင့်ပြီး တဆင့်ရ သွားတယ်။ ဒါကြောင့် ယောဆရာတော်ဘုရားကြီးက ကျားပါးစပ်ဟာ မထေရ်အတွက်တော့ ရိပ်သာကြီးဖြစ် သွားတယ်လို့ မိန့်ဟောတော်မူတယ်။
ဒါကြောင့် သီးသန့်ထိုင်မမှတ်နိုင်သူတွေအတွက် စိတ်ဓာတ်ကျ အားငယ်စရာမလိုပါဘူး။ မြတ်စွာဘုရား ရှင်ကိုယ်တိုင် ဣရိယာပုထ်တည်မြဲအတိုင်း အားထုတ်ရင်း မဂ်ရကြောင်း သတိပဋ္ဌာနသုတ်မှာ အာမခံထား ပါတယ်။
မြတ်စွာဘုရားရှင်က " ယထာ ယထာ ဝါ ပနဿကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတိ - ရုပ်ကိုယ်သည် အကြင်အခြင်းအရာအားဖြင့်တည်နေလျှင် ထိုထိုအခြင်းရာအားဖြင့် ထိုရုပ်ကိုယ်ကို ပညာဉာဏ်ဖြင့် သိ၏ " လို့ကို ဟောထားပါတယ်။
သို့ကြောင့် လယ်တ်ီဆရာတော်ဘုရားကြီးက " ဣရိယပုထ်လေးပါးအတွင်း၌ဖြစ်သော ကိုယ်အင်္ဂါအ စိတ်ပိုင်းတို့၏ လှုပ်ခြင်း၊ ရှားခြင်း၊ ထားခြင်း၊ သိုခြင်း၊ ချီခြင်း၊ ကြွခြင်း အစရှိသော ကိုယ်အမူရာကို ပြုသောအခါ ၌လည်း ပြုမြဲအတိုင်း ပြုနေကျအတိုင်း အမှတ်မဲ့မပြုရာ၊ မည်သို့ ပြုမည်ဟု ထိုအင်္ဂါကို အာရုံပြုရမည် " လို့ ဟောခဲ့ပါတယ်။
ရုပ်နာမ်ကိုမြင်တယ်ဆိုတာ သမာဓိရဲ့အလုပ်မဟုတ်ပါဘူး။ ပညာရဲ့ အလုပ်သာဖြစ်တယ်။ ဒါကြောင့် မဂ္ဂင်ရှစ်ပါးမှာ သမာဓိဟာ သမာဓိမဂ္ဂင်မှာသာပါပြီး ပညာမဂ္ဂင်မှာ မပါတာဖြစ်တယ်။ ပညာမဂ္ဂင်မှာက သမ္မာဒိဋ္ဌိ ၊ သမ္မာသင်္ကပ္ပ နှစ်ပါးသာဖြစ်တယ်။
သမ္မာသင်္ကပ္ပဟာ ဝိပဿသနာမဂ္ဂင်ထဲမှာ ပါနေတယ်။ ဒါကြောင် ခန္ဓာ၊ ရုပ်နာမ် သဘောကို ကြံစည်ကို ကြံစည်ရတယ်။
စာမှာ ဥပမာပေးထားတယ်။
ကျောက်တစ်ပွင့်ကို လှမလှ၊ အပြစ်အနာဆာ ရှိမရှိကို လက်ကကိုင်ပြီး လှည့်ပြရတယ်။ အဲဒီလို ရှေ့ နောက်ဝဲယာ၊ အထက် ၊ အောက် လှည့်ပြမှ မျက်စိကအမှန်အတိုင်း မြင်နိုင်တာဖြစ်တယ်။
လက်ဟာ သမ္မသင်္ကပ္ပ ဖြစ်တယ်။ မြင်တတ်တဲ့ မျက်စိဟာ သမ္မဒိဋ္ဌိ ဖြစ်တယ်။
လမ်းလျှောက်တဲ့အခါ လက်ကိုရမ်းတဲ့အတွက် လက်ကိုလေတိုးသွားတာကို သတိထားရင် သိပါတယ်။ သတိရှိလာပါပြီ။ သမ္မသင်္ကပ္ပကို အသုံးပြုပြီး ဉာဏ်ကိုခေါ်ပါတော့မယ်။
လက်ဆိုတာ အစိုင်ခဲပညတ်၊ တိုးမှုသဘောက ဝါယောဖောဋ္ဌဗ္ဗာဓာတ်၊ လေထိုးတာကို သိသွားစေတာ က လက်မှာရှိတဲ့ ကာယအကြည်၊ ကာယအကြည်နဲ့ ဖောဋ္ဌဗ္ဗဓာတ်တိုက်မိလို့ ရိပ်ခနဲရိပ်ခနဲ တိုးနေတာလေးကို သိတာ နာမ်။
ဒီလို ကြံစည်ရပါတယ်။
ဒါဟာ အတွေးမဟုတ်ပါဘူး။ အတွေးဆိုတာ တည်ရာအာရုံက ပညတ်တွေနဲ့ လွင့်နေတာသာ ဖြစ်ပါ တယ်။
လက်လေတိုးမှုဖြစ်စဉ် မှာက အာရုံကို သတိဉာဏ်ကယူပြီး ပစ္စုပ္ပန်တည့်တည့် သုံးသပ်နေတာဖြစ်ပါ တယ်။ ဒ်ီလို ဓာတ်ခွဲကြည့်လိုက်ရင် အတုံးအခဲ၊ အကောင်အထည်ဆိုတဲ့ သတ္တဝါပညတ်ပျောက်၊ အခိုင်အမြဲ ဆိုတဲ့ အတ္တသညာလည်း ပျောက်နေပါတယ်။
ဒါဟာ စာဖတ်ထားတဲ့အသိမဟုတ်တော့ပါဘူး။ မိမိဉာဏ်မှာ မျက်မှောက်ပြုသိပြီး ဆုံးဖြတ်ချက်ချနေ တာဖြစ်ပါတယ်။
ဒ်ီလိုမျက်မှောက်ပြုသိလို့ သဘောပေါက်လာရင် ထိုင်ပြီးအားထုတ်လို့ နှာသီးဖျားမှတိုးတိုက်တဲ့သွားတဲ့ လေနဲ့ လမ်းလျောက်ရင်းအားထုတ်လို့ လက်မှာတိုးတိုက်သွားတဲ့လေဟာ သဘောတရားအတူတူပဲဆိုတာ သိလာပါတယ်။
နှာသီ်းဖျားမှာက နှာခေါင်းဆိုတဲ့ပညတ်၊ နှာခေါင်းမှာရှိတဲ့ ကာယအကြည်၊ ရှုချင်ရှိုက်ချင်စိတ်ကြောင့် ဖြစ်လာတဲ့ ဝါယောဖေဋ္ဌဗ္ဗဓာတ်၊ ကာယအကြည်နဲ့ဖောဋ္ဌဗ္ဗဝါယော ထိခိုက်မိလို့ တိုးတိုက်သွားမှန်းသိတဲ့ နာမ်တ ရား ဒါတွေပဲဖြစ်နေတာမဟုတ်ပါလား။ သတ္တဝါပညတ်၊ အတ္တသညာကို ပယ်ခွာဖို့ကလိုရင်း ဖြစ်ပါတယ်။
ထိုင်အားထုတ်ထုတ်၊ ထအားထုတ်ထုတ်ပါ။ အားထုတ်နေဖို့ကသာ ပဓာနပါ။
နှာသီ်းဖျားမှာသာရှုတတ်ပြီး လက်မှာလေတိုးတာကို မရှုတတ်ဘူးဆိုရင် ဒါဟာ သတိသမာဓိ အဆင့် သာဖြစ်နေတာပါ။ ဉာဏ်မပါသေးပါဘူး။
စိတ်ကအာရုံတစ်ခုတည်းမှာထားတဲ့အတွက် လှုပ်ရှားမှုမရှိတော့ ကိလေသာက ယာယီလွတ်ကင်းခွင့် ရပြီး ငြိမ်းချမ်းနေမှာပါပဲ။ သာမာဓိ ရဲ့အရသာပေါ့။
ဉာဏ်ရဲ့အရသာကတော့ အဲဒ်ီလိုမဟုတ်ပါဘူး။ ဉာဏ်ရဲ့အရသာက လွတ်လပ်မှုပါ။
ဉာဏ်ဆိုတာခန္ဓာကိုသိပါတယ်။ ဝိပဿဉာဏ်ရဲ့အာရုံခန္ဓာဆိုတာ ဥပါဒါနက္ခာဖြစ်တယ်။ ဥပါဒါနက္ခန္ဓာ ဟာ နှာသီးဖျားမှာမှ ရှိတာလား။ လက်မှကောမရှိဘူး။
ဝါယောသဘော၊ အကြည်ဓာတ်သဘော၊ သိမှုသဘောတွေဟာ ဘယ်နေရာမှာဖြစ်ဖြစ် တသဘော တည်းပါ။ ဒါကြောင့် အရှိတရား ပရမတ်လို့ ပြောတာပေါ့။
ပရမတ်ကို ရှုချိန်မှာ တည်ရာနဲ့တွဲမြင်နေသေးရင် ပညတ်အမြင် မစင်သေးလို့ဖြစ်တယ်။ နှာခေါင်းလေ၊ လက်လေ ဆိုတာ ပညတ်နဲ့တွဲပြောထားတာပါ။ နှာခေါင်း၊ လက်ဟာ ပညတ်ဖြစ်လို့ ပရမတ်လို တသမတ်ထဲ မှန်တဲ့ အမှန်သဘောမရှိပါဘူး။ သတ်မှတ်ထားတဲ့ အမှန်အနေနဲ့ပဲ ရှိတယ်။ သမ္မုတိသစ္စာလို့ သာခေါ်ပါတယ်။
တကယ့်အရှိ ဝါယောပရမတ်ကတော့ တသမတ်ထဲမှန်တဲ့အမှန်ပဲ ဖြစ်ပါတယ်။
ဒ်ီလို ခွဲခွဲခြား ပိုင်းခြားနားလည်တာ ဉာဏ်ဖြစ်ပါတယ်။ သမာဓိဟာ ဒီလိုပိုင်းခြားမသိပါဘူး။ ဉာဏ်ဖြစ် အောင်တော့ သမာဓိက ကူညီပေးရပါတယ်။
အစပထမမှာ ပုဂ္ဂလဗျာပါရအနေနဲ့ မိမိကသတိကိုထားပေး၊ ဉာဏ်ဖြစ်အောင် သုံးသပ် ပေးနေ ရပါတယ်။
သုံးသပ်အားထုတ်ပါများလာတော့ ဓမ္မဗျာပါရဖြစ်လာတယ်။ အာရုံတစ်ခုကို သတိထားလိုက်တာနဲ့ ဉာဏ်က တွဲပါလာပြီး သတ္တဝါအမြင်၊ အတ္တအမြင်ကို ချက်ချင်းဖယ်ခွာပါတော့တယ်။ ဖြစ်ဆဲအရာလေးကို မိမိနဲ့ မဆိုင်တဲ့ ဘေးကအာရုံလေးအဖြစ် ထင်မြင်လာပါတယ်။
တော်တော်ကြီးကို အကျိုးရှိလာပါတယ်။ ရောဂါတစ်ခုခုဖြစ်လာမယ်ဆိုရင် တော်ရုံအခြေနေလောက် တော့ နာကျင်ခံစားတာကို ဘေးကအရာအာရုံတစ်ခုအဖြစ် သဘောထားနိုင်လာပါတယ်။
အရှင်ပညာသီရိ ( ရမ္မာကျွန်း )
ဆက် ရေး ပါ့ မယ်။
facebook

0 comments:
Post a Comment