Saturday, April 30, 2016

မြတ်ဗုဒ္ဓ မဖြေခဲ့သော အမေးပုစ္ဆာ(၁၄)ချက်

မြတ်ဗုဒ္ဓ မဖြေခဲ့သော အမေးပုစ္ဆာ(၁၄)ချက်
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
အခြေအမြစ်မရှိ၊ အကြောင်းမရှိ၊ အကျိုးမရှိ၊ အချည်းနှီးသာဖြစ်သော အမေးပုစ္ဆာများကို မြတ်ဗုဒ္ဓ မဖြေခဲ့သည့်အတွက် တစ်ချို့ကိတ္ထိဆရာကြီးများနှင့် အယူဝါဒအားဖြင့် မတူသူများက မြတ်ဗုဒ္ဓသည် မဖြေနိုင်၍(တစ်နည်း)မသိ၍ဟု ဝါဒဖြန့်ခဲ့ကြ၏။ ထို အခြေအမြစ်မရှိသော အမေးပုစ္ဆာ(၁၄)ချက်မှာ အောက်ပါအတိုင်းဖြစ်၏။
၁။(က) ကမ္ဘာကြီးသည် အစဉ်တည်မြဲသလော။
(ခ) မတည်မြဲဘဲ ပျက်စီးသွားသလော။
(ဂ) တည်လည်းတည်မြဲ၊ ပျက်စီးလည်း ပျက်စီးသလော။
(ဃ) မတည်လည်း မတည်မြဲ၊ မပျက်စီးလည်း မပျက်စီးသလော။
၂။(က) ကမ္ဘာကြီးသည် ကာလအပိုင်းအခြားအားဖြင့် သက်တမ်းရှိသလော။
(ခ) ကမ္ဘာကြီးသည် ကာလအပိုင်းအခြားအားဖြင့် သက်တမ်းမရှိသလော။
(ဂ) ကမ္ဘာကြီးသည် ကာလအပိုင်းအခြားအားဖြင့် သက်တမ်းလည်းရှိ၊ မရှိလည်း မရှိသလော။
(ဃ) ကမ္ဘာကြီးသည် ကာလအပိုင်းအခြားအားဖြင့် သက်တမ်းရှိသည်လည်းမဟုတ်၊ မရှိသည်လည်း မဟုတ်သလော။
၃။(က) ဗုဒ္ဓသည် ပရိနိဗ္ဗာန်ပြုပြီးသည့် အခြားကာလ၌ ရှိသေးသလော။
(ခ) မရှိတော့ပြီလော။
(ဂ) ရှိလည်းရှိ၊ မရှိလည်း မရှိပြီလော။
(ဃ) ရှိသည်လည်းမဟုတ်၊ မရှိသည်လည်း မဟုတ်သလော။
၎။(က) အသက်နှင့် ခန္ဓာကိုယ်ဟူသော တရားနှစ်ပါးသည် အတူတူပင်လော။
(ခ) ၄င်းတရားနှစ်ပါးသည် တကွဲတပြားစီလော။
ထိုသို့သော အဖြေမျိုးကို မေးသူအနေဖြင့် သိသော်ငြားလည်း အကျိုးမဲ့သာ ဖြစ်သောကြောင့် မြတ်ဗုဒ္ဓသည် ဖြေကြားခြင်းမရှိခဲ့ပေ။ ထိုအဖြေကိုသိရလို့ ကောင်းရာသုဂတိကို မရောက်နိုင်သလို၊ ကိလေသာအာသဝေါတရားလည်း မကုန်ခမ်းနိုင်သောကြောင့်ပင်တည်း။
ဥပမာတစ်ခု ဆောင်ပြရပါမူ..... အဆိပ်လူးမြှား မှန်ထားသည့် လူတစ်ယောက်ကို သမားတော်တစ်ယောက်က ဆေးကုသပေးမည်ပြုရာတွင် ဆေးဝါးအကုအသမခံမီ မြှားမှန်ထားသူက " ကျွန်ုပ်အား ဤမြှားနှင့် ပစ်လိုက်သောသူသည် မူးမျိုးမတ်နွယ်ထဲမှလော။ မင်းမျိုးမင်းနွယ်ထဲမှလော။ ကျေးကျွန်လူတန်းစားထဲမှလော။ ထိုသူ မည်သူမည်ဝါနည်း။ မည်သူ့မျိုးရိုးထဲမှနည်း။ အရပ်မြင့်သလော။ အရပ်နိမ့်သလော" စသည့် မေးခွန်းရဲ့အဖြေကို သိရမှသာလျှင် ဆေးကုခံမည်ဟု ပြောနေသော အဆိပ်လူးမြှား မှန်ထားသူနှင့်တူဘိ၏။ ထိုသို့ အခြေအမြစ်မရှိသော မေးခွန်းမေးရင်းနှင့်သာ ထိုသူသည် မြှားဆိပ်တက်ကာ သေဆုံးရလတံ့။ ရောဂါအတွက် မပူပန်ဘဲ အကျိုးမဲ့တရားကိုသာ ပူပန်နေသူအတွက် အချည်းအနှီးသာ ဖြစ်ပေတော့မည်။
မြတ်ဗုဒ္ဓသည် အချည်းအနှီးစကားကို အဘယ်သောအခါမျှ မဆိုမမိန့်ကြားပါ။ မှန်သောစကား ဖြစ်သော်ငြားလည်း အချိန်အခါမသင့်လျှင် ဆိတ်ဆိတ်သာ နေဘိ၏။
(မဇ္ဈိမနိကာယ်မှ မှီငြမ်း၍ရေးသည်)
Yarzar
facebook 

0 comments:

Post a Comment