Saturday, April 30, 2016

ကျုပ်က အနိစ္စပါဗျာ.. မမြဲပါဘူး..

ကျုပ်က အနိစ္စပါဗျာ.. မမြဲပါဘူး..
★ ★ ★ ★ ★ ★ ★ ★ ★ ★
ကဗျာဆန်သွားလားမသိဘူး...
ကဗျာဆန်တယ် မထင်လိုက်နဲ့၊ အဲ့ဒါ ခင်ဗျားတို့ ကျုပ်တို့ လက်ရှိရထားတဲ့ အသုဘခန္ဓာကြီးက ပြောပြောနေတဲ့စကား။ တို့တတွေကသာ အသုဘကို သုဘထင်၊ အနိစ္စကို နိစ္စထင်၊ အနတ္တကို အတ္တထင်နေကြတာ။ ဒီလို ထင်ခဲ့ကြတဲ့ဘဝပေါင်း နည်းခဲ့သလား များခဲ့သလား စဉ်းစားကြည့်ဖူးလား။ တစ်ခါလောက်တော့ စဉ်းစားကြည့်ကြပါလားဗျာ။ စဉ်းစားကြည့်ဖူးမှလည်း ခန္ဓာကြီးပြောတဲ့စကား ဟုတ,်မဟုတ် မှန်,မမှန် သိရတာပေါ့။
အရှုခံ အသုဘခန္ဓာငါးပါးမှ တစ်ပါးပါးကို အရှုဉာဏ်က အနိစ္စ..မမြဲဘူးလို့ သိလိုက်တာနဲ့ ဒါဟာ ခန္ဓာအရှိကို ဉာဏ်အသိက တစ်ထပ်တည်းမိအောင် ရှုသိနေခြင်းပါပဲ။ ဒီလိုပဲ.. ခန္ဓာက တစ်ခါတစ်ရံမှာ မသက်သာအောင် ဖန်တီးပေးလိုက်တဲ့အတွက် ဒုက္ခဆိုတဲ့လက္ခဏာ ပေါ်ထွက်လာပြန်တယ်။ ဒီလိုအခါမျိုးမှာ ဉာဏ်ဘက်က ဒုက္ခရယ်လို့ သိလိုက်ရမှာ ဖြစ်ပါတယ်။ တခါတလေမှာ ခန္ဓာက သဘာဝအတိုင်း တားမရဆီးမရ ဆုပ်ကိုင်ထားလို့မရတဲ့ အနတ္တသဘောတွေကို ချပြတတ်ပါတယ်။ အဲ့ဒီအခါမှာလည်း ဉာဏ်ဘက်က အစိုးမရတဲ့ အနတ္တရယ်လို့ သိပေးရမှာ ဖြစ်ပါတယ်။
ခန္ဓာက အနိစ္စကိုပြမှ အနိစ္စလို့သိရမယ်၊ ခန္ဓာက ဒုက္ခကိုပြလာမှ ဒုက္ခလို့သိရမယ်၊ ခန္ဓာက အနတ္တကိုပြမှ အနတ္တလို့သိရမယ်၊ ခန္ဓာက ဖြစ်ပြီး ပျက်တာကိုပြပါမှ ဖြစ်ပျက်ကို သိရမှာဖြစ်ပါတယ်။ ကြိုသိလို့လည်း မဖြစ်ဘူး၊ ဖြစ်ပျက်ပြီးမှ အသိနောက်ကျလို့လည်း မဖြစ်ဘူး။ ဖြစ်နေတာနဲ့ ဉာဏ်ဘက်က တန်းသိနေရမယ်၊ ပျက်နေတာနဲ့ ဉာဏ်ဘက်က တန်းသိနေရမယ်။ တစ်ချက်ပြရင် ပြတဲ့တစ်ချက်ကို အမိအရ သိနေရမယ်။ ဒီလိုသိတဲ့ ဉာဏ်မျိုးမှ ဝိပဿနာဉာဏ်ဖြစ်ပါတယ်။ ခန္ဓာက ရှင်းရှင်းလင်းလင်းဖော်ပြလို့ ဉာဏ်ဘက်က ပီပီပြင်ပြင် သိမြင်တယ်ဆိုပါမှ ဝိပဿနာစစ်စစ်ဖြစ်တယ်ဆိုတာ သဘောပေါက်ထားသင့်ပါတယ်။ ဒီနေရာမှာ စာသိနဲ့ မရောမိပါစေနဲ့၊ စာက ဒီလိုလာတယ်ဆိုပြီး စာဘက်ကို ဦးစားပေးလွန်းရင် ခန္ဓာက ပြနေတဲ့သဘောတွေကို မမြင်နိုင်တော့ပါဘူး။ စာကို ဦးစားပေးပြီး ဝိပဿနာကို နောက်ဆုံးပို့လိုက်တဲ့ သဘောဖြစ်သွားပါလိမ့်မယ်။
ခန္ဓာရဲ့အဖြစ် မှန်တယ်,မမှန်ဘူးဆိုတာကိုတော့ စာနဲ့ညှိတတ်ဖို့တော့ လိုပါလိမ့်မယ်။ ရှင်းရှင်းပြောရရင် ခန္ဓာကို စာနဲ့လိုက်ပြီး မညှိပါနဲ့၊ ညှိချင်းညှိရင် ခန္ဓာနှင့်သာ စာကိုညှိယူပါ။ ခန္ဓာကို ရှေ့ထားပြီး စာကို နောက်မှာထားပါ။ စာကိုရှေ့ထားပြီး ခန္ဓာကို နောက်မှာထားလိုက်ရင် စာပဲတတ်သွားမယ်၊ မဂ်ဉာဏ်တော့ ရမှာမဟုတ်ပါဘူး။ မဂ်ဉာဏ်ရချင်ရင် စာသိကို ခန္ဓာရဲ့နောက်မှာပဲ ထားရမယ်လို့ မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်ကြားဖူးပါတယ်။ ခန္ဓာဆိုတာ ဘယ်တော့မှ အမှားမပြဘူး၊ အမှန်ကိုပဲပြတယ်။ ခန္ဓာပြတဲ့အမှန်ကို အရှိအတိုင်းသိချင်ရင် ဉာဏ်နဲ့သာစောင့်ကြည့်... ခန္ဓာကြီးက ပြောလိုက်မယ်။
ကျုပ်က အနိစ္စပါဗျာ.. မမြဲပါဘူး
Yarzar

facebook သို့  

0 comments:

Post a Comment