မိဘကျေးဇူး ဆပ်ပုံအထူး
================
မိဘကို မဂ်ဖိုလ်နိဗ္ဗာန်ရအောင် စွမ်းဆောင်နိုင်ရင်လည်း
မိဘကျေးဇူး အကြွင်းမဲ့ကျေပါတယ်။
ကိုယ်ကိုယ်တိုင် မဂ်ဖိုလ်နိဗ္ဗာန်ရအောင်စွမ်းဆောင်နိုင်ရင်လည်း
မိဘကျေးဇူး အကြွင်းမဲ့ ကျေပါတယ်။
အသင်္ခတနိဗ္ဗာန်ကို ထာဝရ စံဝင်သွားကြတဲ့
ရဟန္တာယောက်ျား၊ ရဟန္တာမိန်းမတွေအားလုံး
မိဘအပေါ်မှာရော၊ တခြားပုဂ္ဂိုလ်တွေအပေါ်မှာရော
ဘာကျေးဇူးကြွေး၊ ဘာအကုသိုလ်ကြွေးမှ မကျန်တော့ပါဘူး။
မဂ်ဖိုလ်ရဖို့ အနီးကပ်ဆုံးအလုပ်က
ဝိပဿနာအလုပ်ဖြစ်တဲ့အတွက် မိဘကို
ဝိပဿနာအလုပ်အားထုတ်ဖြစ်အောင် ဖန်တီးပေးခြင်း၊
ဝိပဿနာစာအုပ်၊ ၀ိပဿနာတိပ်ခွေများ လှူဒါန်းခြင်း၊
ဝိပဿနာရဲ့ အခြံအရံအထောက်အပံဖြစ်တဲ့
ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နိုင်အောင် ကူညီပေးခြင်း၊
ဘာကုသိုလ်ပဲပြုပြု နိဗ္ဗာန်ကိုဦးတည်ပြီးပဲ ပြုဖို့တိုက်တွန်းပေးခြင်း၊
ကိုယ့်ကြောင့် မိဘရဲ့ ၀ိပဿနာအားထုတ်မှု
အနှောင့်အယှက် မဖြစ်အောင် အရာရာသတိပြုနေထိုင်ခြင်း
တို့ဖြင့်သာ မိဘကျေးဇူးကို အကျေဆပ်နိုင်ပါလိမ့်မယ်။
ဒါပေမဲ့
သူတစ်ပါးကို မဂ်ဖိုလ်နိဗ္ဗာန်ရအောင် လုပ်ပေးဖို့က
သိပ်မသေချာတဲ့အတွက် မိဘကျေးဇူးကို
ဒီ တစ်ဘ၀တည်းနဲ့ အကျေဆပ်ခြင်လွန်းသပဆိုရင်
ကိုယ်ကိုယ်တိုင် ဒီဘ၀မှာပဲ အနည်းဆုံး
တစ်မဂ်တစ်ဖိုလ်ရအောင် ၀ိပဿနာအလုပ် အားထုတ်တာ
အကောင်းဆုံးပါပဲ ဒကာရေ .........။
တကယ်တော့လည်း
ရှည်လျားလွန်းလှတဲ့ အစမထင် သံသရာမှာ
သူက မိဘဖြစ်လိုက်၊ ကိုယ်က မိဘဖြစ်လိုက်နဲ့
အပြန်ပြန် အလှန်လှန် ကျင်လည်နေကြရတာမို့
ဘယ်သူ့ကျေးဇူးကိုတော့ဖြင့်
ဘယ်သူကကျေအောင်ဆပ်ပြီးပြီဆိုတာ
ပုထုဇဉ်လောကမှာ လုံးဝမရှိနိုင်ပါဘူး။
ဒီဘ၀ ကိုယ့်မိဘက အတိတ်ဘ၀ တစ်ခုခုမှာ
ကိုယ့်သားသမီး ဖြစ်ခဲ့နိုင်သလို
အနာဂတ်ဘ၀ တစ်ခုခုမှာလည်း ကိုယ့်သားသမီး အဖြစ်နဲ့
ကိုယ့်ရဲ့ မိဘကျေးဇူးကို ခံယူသူဖြစ်လာနိုင်တာပဲ မဟုတ်လား။
ဒီလိုဆိုရင်
ကိုယ့်မိဘအပေါ် ကိုယ့်ဘက်က
ကျေးဇူးကြွေးကျန်သလို
ကိုယ့်မိဘဘက်ကလည်း ကိုယ့်အပေါ်
ကျေးဇူးကြွေးကျန်နေနိုင်တာပဲပေါ့။
ဒါကြောင့်
ကျေးဇူးကျေတာ မကျေတာကို အဓိကမထားဘဲ
“ကျေးဇူးဆပ်နေဖို့အဓိက”လို့ နှလုံးသွင်းပြီး
လောကနည်းနဲ့ရော၊ ဓမ္မနည်းနဲ့ပါ မိဘကို
အမြဲကျေးဇူးဆပ်နေဖို့ပဲ အရေးကြီးပါတယ်။
မိဘကို ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ
အဆင့်အတန်းမြင့်အောင် ကျေးဇူးဆပ်နေတဲ့
သားကောင်းသမီးကောင်းရဲ့ထံမှောက်ကို
ကံကောင်းခြင်းလက်ဆောင်တွေ အရပ်ဆယ်မျက်နှာကနေ
“၀င်လာမစဲ တသဲသဲ” ဆိုသလို အလုံးအရင်းနဲ့
ဝင်လာမှာကတော့ သေချာပေါက်ပါပဲ .........။
မိဘကျေးဇူးအကျေဆပ်နိုင်ကြပါစေ။
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(အလင်းတန်းဂျာနယ်၊ အောက်တိုဘာ(၁၃)၊ ၂၀၀၃။)
Friday, December 8, 2017
Home »
ဗဟုသုတဆိုင်ရာ
» မိဘကျေးဇူး ဆပ်ပုံအထူး ================
0 comments:
Post a Comment