သူငယ်ချင်း---သာအေးသို့
********* ******* *****
သူငယ်ချင်း
လောကသို့ သက်ဆင်းခဲ့ကြတဲ့တို့တွေမှာ
ကိုယ် နင်းလျှောက်မယ့် လမ်းကို
ကိုယ် ခင်းရတာ သဘာဝကျပါတယ် ကွယ် ---
သို့သော်
ကိုယ်ရွေးချယ်ထားတဲ့လမ်းက
ကိုယ်နင်းလျှောက်တဲ့အခါ
ဆူးတွေ ခင်းထားတာ မဖြစ်နဲ့ပေါ့ သူငယ်ချင်း ။
သူငယ်ချင်း
ကြုံရ ဆုံရ
ဘဝရဲ့ ဒုက္ခတွေကြားမှာ
မင်းရဲ့ စိတ်ဓာတ်တွေ မပြိုလဲစေနဲ့ပေါ့
ကြုံရ ဆုံရ
ဘဝရဲ့ ခါးသက်မှုဒဏ်ကြောင့်
ရုပ် နာမ် နွမ်းလျ
မင်းရဲ့စိတ်ဓာတ်ကို အကျမခံပါနဲ့
လဲရင် ပြန်ထ
ထရင် ပြန်လဲ အားမငယ်ပါနဲ့
မင်းရဲ့စိတ် သိမ်ငယ်သွားတာနဲ့
အဆင်မပြေမှုတွေ ပိုများလာလိမ့်မယ် --။
သူငယ်ချင်း
နားထောင် တတ်အောင် ကြိုးစားပါ
သို့သော်
အရာရာကို နားယောင်ပြီး
အမှောင် ခရီးကို
ငွေကုန်ခံပြီး မသွားမိပါစေနဲ့ သူငယ်ချင်း ။
သူငယ်ချင်း
တစ်က စခဲ့သူ နည်းပါတယ်ကွာ
အငိုနဲ့ စခဲ့ရတဲ့လူတွေဖြစ်သလို
သုညက လှပခဲ့တဲ့ ဘဝတွေပါကွာ
တို့တွေကြားက ကွာဟချက်က
ပြင်းထန်သော စိတ်ဓာတ်နဲ့
ငြင်းဆန်သော စိတ်ဓာတ်လေးပါကွာ --။
သူငယ်ချင်း
အလုပ် လုပ်ကြတဲ့အခါ
တစ်ချို့က
ငါ ဖြစ်ရမည် လို့
ပြင်းထန်သောစိတ်ထားနဲ့ ကြိုးစားခဲ့ကြသလို
တစ်ချို့က
မဖြစ်ပါဘူး ကွာလို့
ငြင်းဆန်သော စိတ်ထားနဲ့
လမ်းလွှဲသွားခဲ့ကြတယ် --။
သူငယ်ချင်း
မင်းမှာလည်း စွမ်းအားရှိတယ်
သူ့မှာလည်း စွမ်းအားရှိတယ်
သို့သော်
အသက် နှစ်ဆယ်ကျော် အရွယ်လေးမှာ
အဆင်မပြေပါလားလို့ တွေးပြီး
မင်းကိုယ်မင်း
မထိန်းနိုင်ခဲ့ရင်
အသက် သုံးဆယ် မှာ
ဒီထက် အဆင်မပြေမှုတွေ ကြုံရလိမ့်မယ် ။
သူငယ်ချင်း
ဘဝပဲကွာ ခက်မှာပေါ့
ရှေ့ဆက်ဖို့ပဲ အရေးကြီးတာလေ
တို့တွေ
ကျောင်းစတက်တဲ့နေ့
ဝ လုံးကို ဝိုင်းဝိုင်းရေးတတ်ဖို့
လက်ထောက် ရေးပြတဲ့ဆရာမရှိတာတောင်
တစ်နှစ် အချိန် ပေးခဲ့ရတာ မမေ့ပါနဲ့ကွာ ။
အခု
တို့တစ်ထွေ
ဝလုံးကို ဝိုင်းဝိုင်းရေးတတ်နေပြီကွာ
သို့သော်
ရေးမယ့် နေရာက
ကိုယ်နဲ့ အထာမကျသေးတာပဲ ရှိတာပါကွာ။
မင်း အားငယ်နေတာလား
မင်း သိမ်ငယ်နေတာလား
လုပ်တိုင်းသာ အောင်မြင်နေရင်
ဘဝရဲ့ သရုပ်က
သူဋ္ဌေးဇာတ်ရုပ်တွေပဲ ဖြစ်နေမှာပေါ့ ။
အောင်မြင်တဲ့သူတွေကို ငေးပြီး
မင်းကိုယ်မင်း
သိမ်ငယ်နေရမှာ မဟုတ်ဘူး သူငယ်ချင်း
အဆင်ပြေနေတဲ့သူတွေကို ကြည့်ပြီး
မင်းကိုယ်မင်း
ဂုဏ်ငယ်နေရမှာ မဟုတ်ဘူး သူငယ်ချင်း ။
မင်းဘဝမှာ
မင်းကိုယ် မင်း ယုံကြည်ပြီး
မင်းကိုယ်မင်း ဂုဏ်ယူရအောင်
မင်းကိုယ်မင်း အားကျရအောင်
ကြမ်းလည်း ဆက်လျှောက်
နွမ်းရင်လည်း ဆက်လျှောက်
စင်ပေါ်ကို ရောက်တဲ့နေ့
မင်း အမောပြေသွားမှာ သူငယ်ချင်း ။
သူငယ်ချင်း
မင်းကိုယ်မင်း
ယုံကြည်မှု ပျက်လာတဲ့အချိန်
ငါ့ကို သတိရပေးပါကွာ
မင်းကို ယုံကြည်နေတဲ့
တစ်ယောက်တည်းသောသူ
ငါ ရှိနေသေးတယ် ဆိုတာကိုပေါ့ --။
သူငယ်ချင်း
ပြင်းထန်သော စိတ်ဓာတ် နဲ့
ဘဝကို ကျော်ဖြတ်စမ်းပါကွာ
ငြင်းဆန် မနေပါနဲ့
တွန်းလဲမယ့်သူ မရှိပဲ
မင်းကိုယ် မင်း ပြိုလဲသွားလိမ့်မယ် ။
သူငယ်ချင်း သာအေး
ကျန်းမာချမ်းသာ၍ ဘေးဘယာကင်းပါစေလို့
တောင်းဆု ပြုလိုက်တယ် ။
အရှင်နန္ဒသီရိ
0 comments:
Post a Comment