ပေးဆပ်ခဲ့ရသမျှ ထိုက်တန်ပါတယ်
______________________________
တခါတလေ ကိုယ်အလိမ်ခံနေရတာ သိရက်နဲ့ 
တဖက်လူရဲ့ သိက္ခာကို ငဲ့ပြီး ပြောသမျှခေါင်းငြိမ့်
ပေးလိုက်ရတာတွေ လည်း ရှိခဲ့ပါတယ် ။
ကိုယ့်အပေါ် အနိုင်ယူနေမှန်း သိနေပေမဲ့
တဖက်လူရဲ့ အားနည်းချက်ကို ငဲ့ညှာပြီး ခွင့်လွှတ်ပေးလိုက်
ရတဲ့ အဖြစ်တွေလည်း ကြုံခဲ့ဖူးပါတယ် ။
ကိုယ့်အပေါ် နိမ်ချပြီးလာဆက်ဆံတာ
သိရက်နဲ့  ဒေါသတွေမထွက်မိအောင် ထိန်းချုပ်ပြီး ပြုံးပြလိုက်ရတဲ့
အခိုက်အတန့် တွေလည်း ရှိခဲ့ဖူးပါတယ် ။
ကိုယ့်ကိုအသုံးချနေမှန်းသိရက်နဲ့ 
ဆက်ဆံရေးတွေ မပျက်ချင်လို့  ဟန်ဆောင်ပေးလိုက်ရတဲ့
အခြေအနေတွေလည်း ရှိခဲ့ပါတယ် ။
ကိုယ့်အပေါ် ရန်ငြိုးရန်စမရှိလည်း
အကြောင်းမဲ့လာတိုက်ခိုက်နေတာတွေ သိရက်နဲ့ မတုဖက်ခြင်လို့  မျက်နှာလွှဲ ရှောင်ထွက်ခဲ့ရတာလည်း အကြိမ်ကြိမ်ပါပဲ ။
လိုအပ်တဲ့အချိန် ပြုံးပြုံး နဲ့  အကူညီလာတောင်းတယ်
ကိုယ်ခက်ခဲတဲ့အချိန် မျက်နှာလွဲသွားတဲ့
အပေါင်းသင်းတွေနဲ့လည်းဆက်ဆံဖူးခဲ့ပါတယ်
ကိုယ့်စီကအကူညီယူချိန် ကိုယ့်အရှေ့ ကျ
ကိုယ်တော်ကောင်း သဘောထားပြည့်ကြောင်း
ဒီတစ်သက် ကျေးဇူးမမေ့ ပါဘူး ရွှန်းရွှန်းဝေလို့ 
နောက်ကွယ်ကျ ကျေးဇူးရှိဖူးတယ်
ပြောဖို့ နေနေသာသာ သိက္ခာတစ်ပြားသားမှ ရစရာမရှိအောင် ပြောတတ်တဲ့
မိတ်ဆွေတွေနဲ့ လည်း ပတ်သက်ဆက်ဆံဖူးခဲ့ပါတယ် ။
သူမကောင်းလို့ ကိုယ်ကသာပြန်မကောင်းခဲ့ရင် ရန်သူတွေ ဝိုင်းဝိုင်းလည်လို့  နေစရာနေရာတောင်ရှိမှာ မဟုတ်ဘူး ။
ဒီလူငါ့အပေါ် မကောင်းလည်း နောက်လူတွေက ကောင်းပါမယ်လေ ဆိုပြီး
သည်းခံစိတ်ထားခဲ့ရတာ တရားမကျင့်ပေမဲ့
တရားကိုရနေပါပြီ ။
ဘာလုပ်မှာလည်း လူ့ ဘဝ တစ်ခဏအချိန်လေးအတွင်းမှာ
ရန်ကို ရန်ချင်းတုန့် ပြန်နေရင်လူဖြစ်ရှုံးရုံပဲလေ
လူတစ်ယောက်ရဲ့ သက်တမ်း ပျှမ်းမျှ ရက်ပေါင်း ( ၃၆၀၀၀ )
လေးပဲရှိတာကို အရေးမပါတဲ့ အရာတွေအတွက် အချိန်တွေ
အလကားမဖြုန်းတီးနိုင်ပါဘူး ။
တချို့ က ပြောကြတယ် " ရင့်ကျက်တည်ငြိမ်လိုက်တာနော် "တဲ့
ကိုယ်ပေးဆပ်ခဲ့ရတဲ့ စိတ်အရင်းအနှီးကိုယ်ပဲသိတာပါ ။
တိုက်ခိုက်ခံရတဲ့ စိတ်ဓါတ်စစ်ဆင်ရေးတွေကို အကြိမ်ကြိမ်ရင်ဆိုင်တိုက်ခိုက်ပြီး အနိုင်ရခဲ့လို့ 
ဒီနေ့ တည်ငြိမ်သူတစ်ယောက် ဖြစ်လာရတာ ကိုယ်ပဲသိတယ် ။
ရင့်ကျက်တည်ငြိမ်လာတယ်ဆိုတာ အသက်အရွယ်နဲ့ တခြားစီပါ ။
ပေးဆပ်မှုများလေ တည်ငြိမ်ခြင်းဖက်ကို ရောက်လေ အခက်ခဲတွေများများကြုံလေ ရင့်ကျက်ခြင်းဖက်ကိုရောက်သွားလေပါ ။
စိတ်တွေလည်း တအားချုပ်တည်းခဲ့ရသလို
မျက်ရည်တွေလည်း အကြိမ်ကြိမ်ပေးဆပ်ဖူးခဲ့တယ် ။
ခွင့်လွတ်သည်းခံခြင်းများများမွေးမြူခဲ့ရသလို
နားလည်မှုဆိုတဲ့ အရာတွေကြောင့် နောင်တတွေလည်း တစ်ပွေ့ တပိုက်နဲ့  ရင့်ကျက်သူဖြစ်သွားစေတာပါ ။
လူရယ်လို့ ဖြစ်လာရင် ကိုယ့်ပတ်ဝန်းကျင်မှာ ကောင်းတဲ့ လူတွေနဲ့ လည်း ပတ်သက်ဆက်ဆံရမယ် ဆိုးတဲ့လူတွေနဲ့ 
လည်း ပတ်သက်ဆက်ဆံရတာပါပဲ ။
အကောင်းအဆိုး ရွေးချယ်ခွင့်မရတာ
လောက နိယာမပါ ။
ဘယ်လိုလောကဓံတွေနဲ့ ကြုံလာပါစေ ဘယ်လိုလူတွေနဲ့ 
ပတ်သက်ဆက်ဆံရပါစေ ကိုယ်သာလျှင် နံပါတ်တစ် အဓိကလူတစ်ယောက်ဖြစ်တယ်
" ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်အောင်နေမယ် "
" ဘယ်သူကောင်းကောင်း မကောင်းကောင်း
အကောင်းဆုံးဆက်ဆံပေးလိုက်မယ် "
" အကောင်းအဆိုးလောကဓံကို သေချာခွဲခြားလက်ခံမယ် "
" ကိုယ့်ကြောင့် တပါးသူတွေကို မပူလောင်စေသလို
သူတပါးကြောင့် လောင်မြိုက်လာရင် သတိရှိရှိ ရှောင်ထွက်သွားလိုက်မယ် "
ဘယ်အရာမဆို အမှားနဲ့ အမှန် ဒွန်တွဲနေတတ်တဲ့ နိယာမကို လက်ခံလိုက်ရင် လူဖြစ်ခွင့် တန်ဖိုးရှိပြီ ။
သူဟာကိုယ်မဖြစ်နိုင်တဲ့လောကကြီးမှာ နေတတ်ရင်ကျေနပ်စရာကောင်းပါတယ် ။
ငါ့ကိုယ်ငါတောင်မပိုင်ပါလား ဆိုတာလက်ခံရင်
ကိုယ်စိုက်တဲ့အပင် အချိုသီးလည်း ကိုယ့်အတွက်ပဲ
အခါးသီးလည်းလက်ခံနိုင်ရမယ်လေ ။
ကိုယ်ပြုသမျှကံ ကိုယ့်ထံပြန်လာတာ
ဆန်းသလား ။
နေရာတိုင်းမှာ အားနာစိတ်တွေ
" စာနာမှုတွေ ရှေ့ တန်းတင်မိလို့ 
မျက်ရည်တွေ အမြောက်အများ
ပေးဆပ်ခဲ့လည်း ဒီနေ့ အများအမြင်မှာ ကိုယ်ဟာ
" ရင့်ကျက်တည် ငြိမ်သူ " တစ်ယောက်ဖြစ်နေလို့  ပေးဆပ်
ခဲ့ရသမျှ ထိုက်တန်တယ် ။
#credit
0 comments:
Post a Comment