အရာဝင်စိတ်နှင့် ခွန်အား
--------------
တစ်ခါက.. လူတစ်ယောက်ဟာ အင်မတန်မှ ရွံ့ဗွက်ထူပြောတဲ့ ကျေးလက်ဒေသတစ်ခုကို ကိုယ်တိုင်ကားမောင်းပြီးသွားရောက်ခဲ့ပါသတဲ့..။ အဲဒီဒေသဟာ တစ်ခါမှ မရောက်ဘူးတဲ့ ဒေသဖြစ်တာကြောင့်လည်း သူဟာ မြေပုံကို ကြည့်လိုက် ကားကို မောင်းလိုက်လုပ်ရင်း ခရီးနှင်လာခဲ့တယ်။ အဲဒီလို ခရီးနှင်လာခဲ့ပြီးလမ်းတစ်နေရာအရောက်မှာတော့ သူဟာ လမ်းပျောက်လုမတတ်ဖြစ်လာတာကြောင့် ကားမောင်းရင်းနဲ့ပဲမြေပုံကို တစ်ချက်ငုံ့ကြည်လိုက်တယ်။ အဲဒီလို ငုံ့ကြည့်လိုက်ချိန်မှာတော့ သူမောင်းနှင်လာတဲ့ကားဟာလမ်းချော်ပြီး ရွံ့နွံထဲကို ကျွံကျသွားခဲ့တယ်။ ခရီးသည်ဟာ လီဗာကို အကြိမ်ကြိမ်နင်းလို့ ရှေ့တိုးနောက်ဆုတ် ကြိုးစားကြည့်ပေမယ့်လည်း သူ့ကားဘီးကတော့ နွံထဲကို နစ်သည်ထက် နစ်လာခဲ့တယ်။
-
အဲဒီလို အကြိမ်ကြိမ် ကြိုးစားကြည့်ပေမယ့်လည်း အရာမထင်တာကြောင့် ခရီးသည်ဟာ ကားပေါ်ကဆင်းပြီး နီးစပ်ရာ ကိုအကူအညီတောင်းဖို့အတွက် စဉ်းစားလိုက်တယ်။ ခရီးသည်ဟာ ဟိုဟိုဒီဒီကြည့်လိုက်တဲ့အခါမှာတော့ လယ်ကွင်းတွေရဲ့အစွန်းတစ်ဖက်မှာ မီးခိုးအူနေတဲ့ လယ်တောတစ်ခုကို တွေ့လိုက်ရပြန်တယ်။ အဲဒါကြောင့်လည်း သူဟာ အကူအညီတောင်းဖို့အတွက် လယ်တောကို အရောက်သွားခဲ့ပြန်တယ်။
-
အဲဒီလိုနဲ့ ခရီးသွားဟာ တဲအိမ်လေးရဲ့တံခါးကို ခေါက်လိုက်တယ်။ အဲဒီအခါမှာတော့ တဲအိမ်ထဲကနေ ဆင်းရဲနုံချာလှတဲ့ လယ်သမားတစ်ဦးထွက်လာတာကို သူတွေ့လိုက်ရတယ်။ အဲဒီလို လယ်သမားကို တွေ့တဲ့အခါ ခရီးသွားက ဒီလိုပြောတယ်
-
"အစ်ကိုကြီး ကျွန်တော်က မြို့အရပ်ကနေလာခဲ့တဲ့ခရီးသွားတစ်ဦးပါအစ်ကို။ ကျွန်တော် ဒီနယ်ပယ်ကိုလည်း ကောင်းကောင်း မကျွမ်းကျင်လှပါဘူး။ စမ်းတ၀ါးဝါးနဲ့ မောင်းလာရင်း ကျွန်တော့်ကားဘီးတွေ နွံထဲကျသွားတယ်အစ်ကို။ အစ်ကို ကျွန်တော့်ကို ကူညီလို့ရရင်ကူညီပေးပါဗျာ။ ကျေးဇူးမမေ့ပါဘူး"
-
အဲဒီလို ခရီးသွားရဲ့ စကားကို ကြားတဲ့အခါ လယ်သမားက တစ်စုံတစ်ရာမျှ ပြန်လည်ပြောဆိုခြင်းမရှိဘဲသူ့ လယ်တဲလေးရဲ့ ဘေးကို ၀င်သွားခဲ့တယ်။ အဲဒီနောက်မှာတော့ သူဟာ အင်မတန်အိုမင်းနေပြီဖြစ်တဲ့ မြည်း တစ်ကောင်ကို ဆွဲပြီးထွက်လာခဲ့တယ်။ အဲဒီနောက်မှာတော့ သူဆွဲလာတဲ့ မြည်းရဲ့ ကျောကို ပုပ်ရင်း ဒီလိုပြောတယ်
-
"အာနိုးက ခင်ဗျားကို ကူညီလိမ့်မယ်"
-
အဲဒီနောက်မှာတော့ လယ်သမားနဲ့ ခရီးသွားတို့ဟာ ကားဘီးကျွံကျတဲ့နေရာကို ရောက်လာခဲ့တယ်။ အဲဒီနောက်မှာလည်း လယ်သမားဟာ သူ့ရဲ့မြည်းအိုကြီးကို ကားမှာတပ်ဆင်ပြန်တယ်။ ခရီးသွားကိုလည်း ကားပေါ်တက်စေပြီး စက်နှိုးစေတယ်။ အဲဒီနောက်မှာတော့သူက မြည်းကို ဒီလိုအော်ဟစ်ပြီးဆွဲစေတယ်
-
"ဟေ့ကောင်တွေ၊ အာနိုး၊ ဗန်ဒိန်း၊ စတားလုံး ဆွဲကြစမ်းကွ ဖေ့သားကြီးတွေ၊ ဆွဲကြပါဟ"
အဲဒီလို အော်ဟစ်သံကိုကြားတာနဲ့ လယ်သမားရဲ့ မြည်းအိုကြီးဟာ အားကုန်သွန်ပြီးဆွဲရှာတယ်။ မြည်းရဲ့ရုန်းအားနဲ့ ကားလီဗာအနင်း တိုက်ဆိုင်သွားတဲ့အခိုက်အတန့်မှာတော့ ခရီးသွားရဲ့ကားဟာ နွံတောကနေလွတ်မြောက်သွားပါသတဲ့..
-
အဲဒီလို နွံကနေ ကားလွတ်သွားတဲ့အခါ ခရီးသွားက ကားပေါ်ကနေဆင်းလာတယ်။ လယ်သမားကို ကျေးဇူးတင်စကားပြောကြားပြန်တယ်။ ပြီးတော့သူက ဒီလိုပြောတယ်
-
"ကျေးဇူးတင်ပါတယ်အစ်ကိုကြီးရာ၊ မြို့ကိုရောက်တဲ့အခါလည်း ကျွန်တော်ပေးထားတဲ့လိပ်စာကို အချိန်မရွေးဝင်ရောက်လာနိုင်ပါတယ်။ ကျွန်တော်တတ်နိုင်သမျှအကူအညီလည်းပေးဖို့အသင့်ပါပဲ။ ဒါပေမယ့် တစ်ခုတော့ မေးစရာလေးရှိတယ်။ အစ်ကို ဆွဲလာတာ မြည်းတစ်ကောင်တည်း၊ ဒါပေမယ့် ကျွန်တော့်ကားကိုဆွဲတဲ့အခါ အစ်ကိုက တခြား နာမည်တွေကို ထည့်ခေါ်နေတယ်။ ဘာလို့များ မရှိတဲ့မြည်းတွေပါ ထည့်ခေါ်နေရတာလဲအစ်ကို"
-
အဲဒီအမေးကိုကြားတဲ့အခါ လယ်သမားကြီးက တစ်ချက်ပြုံးတယ်။ ပြီးတော့ သူက ဒီလိုဖြေခဲ့တယ်
-
"ဒီလို ငါ့ညီ။ အစ်ကို့မှာအရင်က ဒီကောင်ကြီးအပါအ၀င် မြည်သုံးကောင်ပိုင်တယ်။ ကျန်တဲ့မြည်းတွေအကုန်လုံးက သူနဲ့ ဒိုးတူပေါင်ဖက် အလုပ်လုပ်ခဲ့ကြတဲ့ကောင်တွေပေါ့။ သူတို့အားလုံးက အိုပြီးသေကုန်ကြပြီ။ ခုဒီကောင်ကြီးလည်း အိုလာတော့ တိမ်ဖုံးပြီး မျက်စေ့ကွယ်နေပြီလေ။ ဒါပေမယ့် သူ့အသိစိတ်ထဲမှာ သူ့အဖော်တွေနဲ့တွဲပြီး အလုပ်လုပ်နေရတယ်လို့ထင်နေသမျှ၊ သူအားတက်သရော ရုန်းတော့တာပဲ။ သူတစ်ယောက်ထဲမဟုတ်ဘူးဆိုတဲ့ အသိပေါ့ကွာ"
-----------
လူသားတွေဟာ အစုအပေါင်း၊ အသင်းအဖွဲ့နဲ့ နေထိုင်ကြတဲ့သဘာဝရှိသူတွေပဲဖြစ်ကြတယ်။ အစုအပေါင်း အသင်းအဖွဲ့နဲ့သာ လူသားမျိုးနွယ်ရဲ့သမိုင်းကို ရေးထိုးခဲ့ကြတယ်။ အစုအပေါင်းအသင်းအဖွဲ့တွေနဲ့ပဲ နိုင်ငံ၊ မြို့ရွာတွေ ကိုတည်ဆောက်ခဲ့ကြတယ်။ အစုအပေါင်းအသင်းအဖွဲ့အလိုက်ပဲ ကမ္ဘာ့အံ့ဖွယ် အဆောက်အအုံတွေ အထင်ကရနေရာကို တည်ဆောက်ခဲ့ကြပြန်တယ်။ အဲဒီလို အစုအလိုက် နေတတ်တဲ့လူသားတွေဟာ မိမိရဲ့ အမည်နာမနောက်မှာတောင် မိမိဒေသ တစ်နည်းအားဖြင့်၊ မိမိရဲ့ အစုအဖွဲ့နာမည်ကို ထည့်သွင်းခေါ်ဆိုစေတဲ့ လူပုဂ္ဂိုဟ်တွေကိုတောင်တွေ့မြင်ရပြန်တယ်။ ငါက ဘယ်ရွာသား၊ ဘယ်မြို့သား၊ ဘယ်နိုင်ငံသား စသည်ဖြင့် မိမိရဲ့ အဖွဲ့ဝင်ဖြစ်ပုံ၊ မိမိဟာ တစ်စုံတစ်ရာသော အစုအဖွဲ့ရဲ့ အစိတ်အပိုင်းဖြစ်ပုံကိုတောင် ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုတတ်ကြသူများပဲဖြစ်တယ်။ အဲဒီအပြင် နယ်နိမိတ်အလိုက်သတ်မှတ်ထားခြင်းမရှိတဲ့ အစုအဖွဲ့တွေ အသီးသီးလည်းရှိနေတတ်ကြတယ်။ ဥပမာ ရဲတပ်ဖွဲ့ဝင်၊ တပ်မတော်သား၊ သူနာပြု စတဲ့ နယ်ပယ်အသီးသီးအလိုက် အစုအဖွဲ့တွေအလိုက် ဂုဏ်ယူပြောဆိုကြပြန်တယ်။ အဲဒီအပြင် လူသားတွေဟာ အခြေခံအားဖြင့် တစ်ဦးကောင်း တစ်ယောက်ကောင်းထက် အစုလိုက် အသင်းအဖွဲ့လိုက်ကစားလေ့ရှိတဲ့ အားကစားတွေကိုတောင် ပိုမိုကြိုက်နှစ်သက်ကြပြန်တယ်။ အဲဒါကတော့ လူသားရဲ့ အစုအဖွဲ့အလိုက်နေထိုင်တတ်ခြင်း "Teamwork abality" ကို သက်သေပြနေတဲ့ အကြောင်းချင်းရာတွေပဲဖြစ်တယ်။
-
အဲဒီလို အစုအပေါင်းအသင်းအဖွဲ့နဲ့ နေတတ်ကြတဲ့ လူသားတွေဟာ "အသင်းအဖွဲ့လိုက်စုပေါင်းလုပ်ဆောင်တတ်ခြင်း" ဆိုတဲ့ အင်အားကြောင့်သာ အခြားသောမျိုးစိတ်တွေထက် ပိုမိုဖွံ့ဖြိုးပြီး ကမ္ဘာကို စိုးမိုးသူတွေဖြစ်လာကြတယ်။ အဲဒီလို စုစည်းခြင်းကနေ ရရှိလာတဲ့ခွန်အားဟာ တစ်ဦးတစ်ယောက်ချင်းအစွမ်းနဲ့ယှဉ်တဲ့အခါ မြောက်များစွာသော သာလွန်တဲ့အင်အားကို ပေးစွမ်းနိုင်တယ်။ အဲဒီလို စုစည်းညီညွတ်ခြင်း၊ တစ်ညီတစ်ညာတည်းပြုလုပ်ဆောင်ရွက်ခြင်းအတွက် "ပြိုင်တူတွန်းလျင် ရွေ့နိုင်ပါသည်" ဆိုတဲ့ စကားရပ်တောင် ပေါ်ပေါက်လာပြန်တယ်။
-
တကယ်လို့ လူသားတစ်ယောက်ဟာ မိမိကိုယ်ကို အသင်းအဖွဲ့ဝင်အဖြစ်၊ နိုင်ငံသားအဖြစ်၊ ရပ်ကွက်သားအဖြစ်၊ မြို့သားအဖြစ် ထင်မြင်နေခဲ့မယ် "ငါဟာ အရေးပါနေပါလား" ဆိုတဲ့ မိမိကိုယ်ကို ကျေနပ်နေတဲ့စိတ် ရှိနေခဲ့မယ်ဆိုရင် သူဟာ ခိုကပ်ခြင်း၊ အလုပ်အပေါ် စိတ်မပါခြင်းဆိုတဲ့အရာတွေ မရှိတော့ဘူးလို့ ဆိုတယ်။ မြည်းအိုကြီးဟာ သူ့အဖော်တွေဟာ သူနဲ့အတူ ရုန်းကန်နေတယ်လို့ထင်နေသလို၊ လူသားတစ်ယောက်ရဲ့ အရာဝင်စိတ်ဟာလည်း အဲဒီလူအတွက် ခွန်အားဖြစ်စေမယ်လို့ဆိုတယ်။ သဘောကတော့ လူသားတွေရဲ့စုစည်းညီညွတ်ခြင်းမှာ "အရာဝင်စိတ်" ဟာ အဓိကအကျဆုံးသော အချက်ဖြစ်တယ်လို့ဆိုတယ်။ လယ်သမားကြီးဟာ မရှိတဲ့မြည်းတွေရဲ့အမည်နာမကို ခေါ်ငင်ပြီး မြည်းအိုကြီးရဲ့စိတ်ဓါတ်ကိုမြှင့်တင်သလို ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း နိုင်ငံသားတွေတစ်ယောက်ခြင်းရဲ့ စိတ်ဓါတ်ကို "အရာဝင်စိတ်" တစ်နည်းအားဖြင့် "ပူးပေါင်းဆောင်ရွက်လိုစိတ်" ကို မြှင့်တင်ပေးနိုင်တဲ့ ခေါင်းဆောင်တွေကသာ အောင်မြင်သော ခေါင်းဆောင်တွေ၊ အများလေးစားသော ခေါင်းဆောင်တွေ ဖြစ်လာကြတာကို တွေ့ရမှာပဲဖြစ်တယ်။
-
မြည်းအိုကြီးဟာ အဖော်တွေနဲ့ အတူတကွ အလုပ်လုပ်နေတယ်လို့ ထင်နေတာကြောင့် အားကုန်ရုန်းသလို ဘောလုံးအသင်းတစ်သင်းရဲ့ ကစားသမားတစ်ယောက်၊ နိုင်ငံတစ်ခုရဲ့ နိုင်ငံသားတစ်ယောက်ဟာလည်း မိမိကိုယ်ကိုယ် ငါဟာ ဒီဘောလုံးအသင်းသား၊ ငါဟာ ဒီနိုင်ငံသားတစ်ယောက်ပါလား။ ငါနဲ့အတူ အခြားနိုင်ငံသားတွေ ရှိနေကြတယ်။ ငါနဲ့အတူ အခြားသော အသင်းသားတွေ အောင်မြင်မှုကို အတူဆာလောင်နေကြတယ် စတဲ့ Teamwork စုစည်းညီညွတ်ခြင်း စိတ်ဓါတ်ဝင်လာတဲ့အခါမှသာ ကားဘီးကို နွံထဲက ထုတ်နိုင်သွားတဲ့မြည်းအိုကြီးလို ကျွန်တော်တို့တွေတွေ့ကြုံနေရတဲ့အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကနေ ကျော်လွန်နိုင်မယ်လို့ ဆိုလိုတာပဲဖြစ်တယ်။
-
ကျွန်တော်တို့တွေဟာ အထက်က ဆိုခဲ့တဲ့ အရာဝင်စိတ်ကို မြှင့်တင်ပေးတဲ့နေရာမှာလည်း မိမိအပေါ် ရေတစ်ခွက်၊ ထမင်းတစ်နပ်၊ နေရာတစ်နေရာ၊ ပညာတစ်ခု၊ စာအုပ်တစ်အုပ် စတဲ့ မိမိအပေါ် ကျေးဇူးပြုအပ်သူတွေအားလုံးရဲ့ လုပ်ဆောင်ချက်ကို အသိအမှတ်ပြုစကားပြောကြားပေးဖို့ အင်မတန်မှလိုအပ်လှတယ်။ "ခင်ဗျားရှိပေလို့သာပေါ့ဗျာ၊ ကျွန်တော်တစ်ယောက်ထဲဆို ဒီအလုပ်ဘယ်ပြီးမလဲ" "မင်းအားပေးစကားတွေကြောင့်ပေါ့သူငယ်ချင်းရာ၊ နို့မို့ဆိုငါအောင်မြင်မှာမဟုတ်ဘူး" စတဲ့ အပြုသဘောဆောင်တဲ့ စကားတွေပြောကြားပေးသင့်တယ်လို့ဆိုတယ်။ အဲဒီအခါမှသာ မြည်းအိုကြီးကို စိတ်ဓါတ်မြှင့်တင်ပေးလိုက်သလို မိမိအပေါ်ကောင်းကျိုးဆောင်ကျဉ်းသူတွေဟာလည်း နောင်လာမယ့် အကျိုးကျေးဇူးဆောင်ကျဉ်းခြင်းအတွက် အဆင်သင့်၊ အားအပြည့် ဖြစ်လာကြလိမ့်မယ်လို့ဆိုတယ်။ သူတို့ကိုယ်တိုင်လည်း ငါဟာ သူတို့အတွက် အရေးပါသူပါလားဆိုတဲ့ ကျေနပ်အားရစိတ်၊ ကြည်နူးစိတ်တွေ၊ အရာဝင်စိတ်တွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ဆိုတယ်။ အဲဒီအခါဆိုရင်တော့ မိတ်ဆွေချင်း၊ ညီအစ်ကိုချင်း၊ သူငယ်ချင်းအချင်းချင်း၊ ကျောင်းသားချင်း၊ နိုင်ငံသားခြင်း စုစည်းညီညွတ်ခြင်းစွမ်းအားတွေ ရရှိလာမယ်လို့ဆိုတယ်။ အဲဒီလို စုစည်းညီညွတ်ခြင်းစိတ်ဓါတ်ကို မြှင့်တင်ပေးနိုင်တဲ့အခါဆိုရင်တော့
Teamwork makes the dreamworks. ဆိုတဲ့စကားလို ကျွန်တော်တို့တွေအားလုံးရဲ့ အနာဂတ်စိတ်ကူးအိပ်မက်တွေကို စုစည်းခြင်းစွမ်းပကားနဲ့ အရယူနိုင်ကြလိမ့်မယ်လို့ ဆိုလိုတာပဲဖြစ်တယ်။
စုစည်းညီညွတ်ခြင်းမှ စွမ်းအားတွေရရှိလာကြပါစေ-
(ဖြိုးသုတ)
facebook သို့ သွားရန်နှိပ်ပါ

0 comments:
Post a Comment