စိတ်ကိုစောင့်ရှောက်ရမယ်
အဝေးကို သွားတတ်တဲ့ စိတ်။ လူက ဒီမှာ၊ စိတ်က တစ်နေရာ။ တစ်ခါမှ မရောက်ဖူးတဲ့ နေရာလည်း စိတ်နဲ့ သွားတာပဲ။ ဒီဓမ္မပဒထဲက ရဟန်းဆိုရင် လူကသာ သူ့ဆရာကို ယပ်ခပ်ပေးနေတာ စိတ်က အိမ်ထောင်ကျနေတယ်။ ရှိတဲ့ သင်္ကန်းလေးရောင်း၊ ဆိတ်ဝယ်၊ ဆိတ်တွေပွား၊ ငွေတွေရ၊ မိန်းမယူ၊ ကလေးရ၊ သားနဲ့ မယားနဲ့ သုံးယောက်သား ဆရာဘုန်းကြီးဆီ ကန်တော့ဖို့ သွားနေတာ။ လမ်းမှာ ကလေး လှည်းပေါ်က ပြုတ်ကျလို့ သူ့မိန်းမကို နှင်တံနဲ့ ရိုက်လိုက်တာ ဆရာဘုန်းကြီးရဲ့ ခေါင်းကို ယပ်တောင်နဲ့ ချမိတယ်။ "မင့်မိန်းမ မင်း ကြိုက်သလောက် ရိုက်ပါကွယ်။ ငါ့ ခေါင်းတုန်းတော့ ချမ်းသာပေးပါ။" ဆရာဘုန်းကြီးက တားယူရတယ်။ စိတ်က အဲ့ဒီလို လှည့်လည်တာ။ လွှတ်ပေးထားလို့ မဖြစ်ဘူး။
ကိုယ့်ဘေးကလူကို သတိထား။ လူကသာ စာသင်ခန်းထဲမှာ စိတ်က ဘယ်ရောက်နေမှန်း မသိဘူး။ ရစရာရှိတဲ့ အကြွေး သွားတောင်းချင် တောင်းနေမှာ။ သူ့ကြွေး ယူထားတဲ့သူက မပေးနိုင်းဘူး၊ ပပေးဘူးဆိုလို့ ရန်ဖြစ်နေရရင် . . . ကိုယ့်လာဆော်နေအုံးမယ်။ သတိထား။
အထီးတည်း လှည့်လှည်တဲ့ စိတ်။ ရုပ်ခန္ဓာကြီး မပါဘဲ သူ့ချည်းပဲ သွားနေတာ။ တစ်နည်း ပြောရရင် အဘိဓမ္မာ သဘောအရ အခိုက်အတန့် တစ်ခုမှာ တစ်စိတ်ပဲ ဖြစ်တယ်။
အထည်ကိုယ် မရှိတဲ့စိတ်။ အထည်ကိုယ် မရှိလို့ စိတ်ကို သာမန်မျက်စိနဲ့ မမြင်ရဘူး။ အဘိညာဏ်နဲ့မှ စိတ်ကို ဖတ်လို့ရတယ်။ ရုပ်ရှိတဲ့ ဘဝသားတွေလည်း ရုပ်က နုလွန်းနေရင် မမြင်ရဘူး။ ရုပ်ခန္ဓာ ဖွဲ့စည်းမှုမှာ နုတဲ့ သုခုမရုပ် ပါတယ်။ ကြမ်းတဲ့ သြဠာရိကရုပ်လည်း ပါတယ်။ နှစ်မျိုး ပါဝင် ဖွဲ့စည်းထားတာ။ ရုပ် အဖွဲ့အစည်းမှာ ရုပ်နုတွေ များလွန်းနေလို့ နတ်တွေကို မမြင်ရတာတဲ့။
စိတ်က နှလုံးသားထဲက သွေးမှာ တည်တယ်တဲ့။ ဦးနှောက်ကတော့ စိတ်နဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်တဲ့ ဖြစ်စဉ်တွေကို မှတ်သားပေးတာ။
အဲ့ဒီစိတ်ကို စောင့်ရှောက်ရမယ်။ ပျော်လိုက်ပါးလိုက်၊ မော်လိုက်ကြွားလိုက်နဲ့ စိတ်ကို လွှတ်ပေးထားရင် ဝဋ်ဆင်းက မလွတ်နိုင်ဘူး။
-----
စိတ်က မတည်မြဲဘူးဆိုရင်၊ သဒ္ဓါတရားက မလေးနက်ဘဲ ရေမှာပေါ်တဲ့ သစ်ဆွေးလို ပေါလောပေါ်နေတယ်ဆိုရင် သူတော်ကောင်းတရားကို မသိနိုင်တော့ဘူး။ ပညာ မပြည့်နိုင်ဘူး။
စိတ်ဓာတ် ခိုင်မာမှ။ သဒ္ဓါတရား ပေါလောပေါ်တယ်ဆိုတာ သဒ္ဓါတရား အားနည်းတာကို ပြောတာ။ ဘဝနေနည်း ပညာရဖို့ ဒီသင်တန်းတက်တယ်။ သဒ္ဓါတရားနဲ့ လုပ်ရတာ။ ယုံကြည်ချက် လိုတယ်။ ယုံကြည်ချက် မခိုင်မာရင်၊ ကိုယ့်အလုပ်ကိုယ် မယုံကြည်ရင် လောကီအကျိုး၊ လောကုတ္တရာအကျိုး မရနိုင်ဘူး။
စီးပွားရေး လုပ်ငန်းမှာ ယုံကြည်ချက် အားနည်းတော့၊ စိတ်ဓာတ်ကလည်း မခိုင်မာတော့ ဟိုအလုပ် ကောင်းနိုးနိုး၊ ဒီအလုပ် အဆင်ပြေနိုးနိုး။ လူမှုရေးမှာလည်း ဟိုလူက ကောင်သလိုလို၊ ဒီလူနဲ့ ပေါင်းရမလိုလို။ ဒီထက် ပိုဆိုးတာက ဘာသာရေး ယုံကြည်ချက်။ ကိုယ့်ဘာသာနဲ့ ပတ်သက်လို့ သဒ္ဓါတရား မလေးနက်ဘူး၊ ပေါလောပေါ်ပြီဆိုရင် ဆီရနိုးနိုး၊ ဆန်ရနိုးနိုး၊ အထောက်အပံ့တွေ မျှော်လင့်ပြီး ဘာသာပြောင်းတယ်။ ဘာသာရေး ယုံကြည်ချက်၊ နိုင်ငံရေး ယုံကြည်ချက်။ လူမှုရေး၊ စီးပွားရေး။ နေရာတိုင်းမှာ ခိုင်မြဲတဲ့သဒ္ဓါ လိုအပ်တယ်။ အထူးသဖြင့် သံသရာထိ အကျိုးသက်ရောက်မယ့် ဘာသာရေး။
-----
ကိလေသာမိုး မစိုတဲ့စိတ်ရှိမှ ဘေးကင်းမယ်။ လောကမှာ ကိလေသာ ဆွတ်ထားလို့ စိမ်းစိုနေတာ။ အခု ခေတ်စားနေတဲ့ . . . ကမ္ဘာကြီး နှစ်ခြမ်းကွဲသွားရင် စိမ်းစိုတဲ့ဘက်မှာ နေမှာလား၊ ခြောက်သွေ့တဲ့ဘက်မှာ နေမှာလား။ စိမ်းစိုနေမှ သဘောကျကြတာ။ ကိလေသာကြောင့်။ ကိလေသာပါမှ စိမ်းတာ။ ဒါပေမယ့် ကိလေသာ အစိုဓာတ်နဲ့ စိမ်းနေတာကို သာယာကျေနပ်နေရင် ဘေးမကင်းဘူး။
ဒေါသ မပါတဲ့စိတ်။ နိုးကြားတဲ့သူ။ ကုသိုလ် အကုသိုလ်ကို ပယ်ပြီးတဲ့သူ။ ဘေးကင်းတယ်။ ကုသိုလ် အကုသိုလ်ကို ပယ်တယ် ဆိုတာကတော့ ဘုရား ရဟန္တာမှ။ ဘုရား ရဟန္တာတွေ ကောင်းတဲ့အလုပ်တွေတော့ လုပ်ကြတာပဲ။ ကောင်းကျိုး ခံစားဖို့ နောက်ဘဝ မရှိတော့တဲ့အတွက် ကုသိုလ်ကို ပယ်တယ်လို့ ပြောတာ။ အကုသိုလ်ကိုတော့ လုံးဝ မလုပ်တော့ဘဲ ပယ်နိုင်တာ။ သာမန်လူတွေ အနေနဲ့ ဓမ္မပဒ ဂါထာနဲ့အညီ ဆိုပြီး ဘေးကင်းအောင် ကုသိုလ်ကို ပယ်လို့ မရဘူး။ အကုသိုလ်ကိုပဲ ပယ်ရှောင်နိုင်အောင် ကြိုးစားရမယ်။
-----
ခန္ဓာကိုယ်ဟာ ကွဲတတ်တဲ့ အိုးလိုပဲ။ ကွဲတတ်တယ်၊ အက်တတ်တယ်။ နှုတ်ခမ်းနီလေး ဆိုးလိုက်၊ တွန့်လိုက် ဖြောင့်လိုက် ကောက်လိုက်။ ဒီလောက်နဲ့ မပြီးဘဲ ကွဲပျက်တတ်တဲ့ သဘောကိုလည်း ထည့်စဉ်းစားမိအုံးမှ။
ကျုံးနဲ့ မြို့ရိုးနဲ့ ကာရံပြီး မြို့တော်ကို ကာကွယ်သလို စိတ်ကောင်းလေးကို ကာကွယ်ရမယ်။ တောထဲမှာ တိုက်ပွဲတွေနဲ့မို့ မလုံခြုံဘူး။ မအေးချမ်းဘူး။ မြို့တော်မှာတော့ သာသာယာယာပဲ။ မြို့တော်ကို ကာကွယ်သလို စိတ်ကို ကာကွယ်ရမယ်။
ကိလေသာ ရန်သူကိုတော့ ပညာလက်နက်နဲ့ ထိုးစစ်ဆင်ရမယ်။
ရန်သူစခန်း တောင်ကုန်းတွေ တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်ပြီး ပစ်ထားလို့ မရဘူး။ နိုင်ထားတာကို ကာကွယ်ဖို့ လိုသေးတယ်။ ဓမ္မပဒ သင်တန်လေးတက်လိုက်၊ ဘုရားရှိခိုးလိုက်၊ တရားထိုင်လိုက်နဲ့ စိတ်ကို လုံလုံခြုံခြုံ ထားပြီးပြီဆိုရင် . . . ဆက်လက် စောင့်ရှောက်ဖို့ လိုသေးတယ်။ အောင်ပြီဆိုပြီး ပစ်ထားလိုက်ရင် ကိလေသာရန်သူနောက် ပြန်ပါသွားမှာပဲ။
စိတ်ကောင်းစိတ်မြတ်ကို ကာကွယ်တဲ့နေရာမှာ ဘာကိုမှ ငဲ့ကွက် မနေရဘူး။ သားကို ငဲ့လို့၊ သမီးကြောင့်ပေါ့။ ဘာမှ မငဲ့ရဘူး။ တရားထိုင်တော့ ခါးနာတယ်။ ဗိုက်ဆာတယ်။ နာပါစေ။ ဆာပါစေ။ ငဲ့မနေနဲ့။ ဘာမှ မငဲဘဲ စောင့်ရှောက်ထားနိင်မှ မြို့တော်တစ်ခုလို လုံခြုံမှာ။
ရှင်အာစာရ
0 comments:
Post a Comment