Tuesday, March 5, 2019

#စိန်တောင်ပေါ်မှာကျောက်ကောင်းရှာ

#စိန်တောင်ပေါ်မှာကျောက်ကောင်းရှာ

••••••••••••••••••••••••••••••••••

လူဖြစ်ဖို့ဆိုတာ တော်ရုံကံနဲ့ လူမဖြစ်ဘူး။
ကံကောင်းလွန်းမှ ...
ကံထက်လွန်းမှ ....
ကံသန့်လွန်းမှ လူဖြစ်ခွင့်ရတာ။
အလေ့ကျပေါက်တဲ့အပင်နဲ့
စားကောင်းတဲ့အပင် ကွာချင်တိုင်းကွာတယ်
မဟုတ်လား။ စားကောင်းတဲ့အပင်ဆိုတာ အချိန်တိုင်း
မပေါက်ဘူး။ ပေါက်ပြန်တော့လည်း တကယ်စား
သုံးနိုင်တဲ့အဆင့်ရောက်အောင် အတော်လုပ်ယူရတာ။
ကြားထဲမှာ အဆင့်ဆင့် လေလွင့်ပျက်စီးမှုတွေ က
မနည်းဘူး။

လူ့ဘ၀ဆိုတာ လမ်းဆုံးရောက်နေတာ။
အထက်တက်မလား.....
အောက်ဆင်းမလား...... လူ့ဘ၀ကသွားရတာ။
နတ်တွေတောင် အားကျရတဲ့ဘ၀ ။
ဟိုးအတက်နတ်ပြည်မှာ နတ်တွေ စုတေခါနီး
ဘယ်လိုမှာသလဲဆိုရင် “လူ့ပြည်သွားပါ” လို့မှာတယ်။ ဘာဖြစ်လို့လဲ။
ဘုရား ၊ ပစ္စေကဗုဒ္ဓါ ၊ ရဟန္တာ လူ့ဘုံကဖြစ်သွားတာ။
လူမှာက ကျင့်နိုင်တဲ့ရုပ်၊ သိနိုင်တဲ့ ဥာဏ်ရှိတယ်။
နတ်မှာကဘူတရုပ် မရှိဘူး။
လူလိုကျင့်နိုင်တဲ့ ဘူတရုပ်မျိုးမရှိဘူး။
ပြီးတော့နတ်ပြည်ဆိုတာ ဘာမှမလုပ်ရတဲ့ဘုံ။
အပျင်းတွေ သွားနေတာနဲ့ တူပါတယ်။

 အဲဒီတော့ နတ်တွေမှာလိုက်သေးတယ်။ 
လူဖြစ်ခွင့်ရပြီဆိုရင်လည်း ဘုရား ၊ ရဟန္တာတို့ရဲ့ 
သဒ္ဓါ ယုံကြည်ချက်မျိုးနဲ့ ကြိုးစားအားထုတ်ပါတဲ့။
ဘုရား ၊ ရဟန္တာတွေဆိုတာ ဒီရုပ်နဲ့ ဒီနာမ် ဒုက္ခခံပြီး
သစ္စာတရားရှာသွားကြတာ မဟုတ်ဘူးလား။
ဘုရားအလောင်းဆိုပြီးတော့လည်း ရုပ်အပို၊နာမ်အပို
ပါတာမဟုတ်ဘူး။ ဒီရုပ် ၊ဒီနာမ် ဒုက္ခပေါ်ထိုင်ရှုပြီး တရားထူးရသွားကြတာ။

သဒ္ဓါ တရားတော့ရှိပါပြီတဲ့ ၊
ပုထုဇဉ်တို့ရဲ့  သဒ္ဓါကမခိုင်မြဲသေးဘူးကွယ့် ။
ကြွေမယ်။
သညာနဲ့  ဥာဉ်နဲ့ ပုဂ္ဂိုလ်မှန်သမျှ အမှတ်မှားသလောက် အသိမှားမယ်။ အမှတ်မှားတော့ သညာ ၀ိပ္ပလာသ ၊
အသိမှားတော့ စိတ္တာ ၀ိပ္ပလာသ၊
အမြင်မှားတော့ ဒိဋ္ဌိဝိပ္ပလာသ ၊
ဒီလို ၀ိပ္ပလာသတွေ ဖုံးနေတော့ ပုထုဇဉ်ရဲ့ 
သဒ္ဓါကမခိုင်မြဲဘူး ။
ဒီထက်ကောင်းမယ် သာမယ်ထင်ရင်ပြောင်းမှာ။
စိတ်မချရ ဘူး။ ဒါကြောင့် သဒ္ဓါခိုင်မြဲတဲ့ နေရာရောက်
အောင်လုပ်ရမှာ။ 
အဲဒါက သောတာပန်ဖြစ်မှ သဒ္ဓါမပျက်တော့မှာ
သောတာပန်တို့ရဲ့ ယုံကြည်ချက်
ဘယ်လောက်ခိုင်သွားပြီလဲဆိုရင် သေရင်တောင်
သူ့ယုံကြည်ချက်က မပျက်တော့ဘူး။
ဟိုဘက်ဘ၀မှာလည်း ငါးပါးသီလလုံပြီးသား။
ဒီက ပါသွားတဲ့အတိုင်းပဲ။
ဘယ်သူဖျက်လို့မှ မပျက်တော့ဘူး။

ဘုရားရှင်ရွေလက်ထက်တော်က မာရ်နတ်လာ
ဖျက်တာ။ ဘုရားဟန် ဖန်ဆင်းပြီးတော့
သောတာပန် ပုဂ္ဂိုလ် ကို လာပြောတာ။
" ငါဟောခဲ့တဲ့ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ဆိုတာ
မှားသွားလို့ ပြင်ဟောမယ် "ဆိုတော့
သောတာပန် ပုဂ္ဂိုလ်က
"ဘုရားမှားတယ်မရှိ ။ သင်ဘယ်သူလဲ ။
မာရ်နတ် မဟုတ်လားမေးလိုက်တော့ "
မာရ်နတ်ကဟုတ်ကြောင်း ၀န်ခံရတယ်။
ဒီတော့ သောတာပန်ပုဂ္ဂိုလ်က
ဘယ်လိုပြောသလဲဆိုတော့ ။

" နင့်လိုမာရ်နတ်မျိုး (၁၀) ယောက်လာဖျက်တောင်
ငါ့ သဒ္ဓါတရား မပျက်ဘူးဟေ့ " တဲ့ ။
ဘုရားဟောတဲ့ တရားတော်တွေကို ငါအမှန်တိုင်း
ယုံကြည်တယ်လို့ လက်ဖျောက်တီးပြီး ပြောလိုက်တယ်။အရိယာပုဂ္ဂိုလ်များ လက်ဖျောက်တီးတာကို
သာမာန်ပုဂ္ဂိုလ်မခံနိုင်ဘူးနော်။မာရ်နတ်ထွက်ပြေးရော။

သာသနာဆိုတာ လလိုပဲ။ 
လပြည့် ၊ လဆန်း ၊ လဆုတ် ဒီလိုရှိပါတယ်။
သာသနာ အမြဲတန်း လပြည့်ချိန်မျိုးမရှိဘူး။
ဒီနေ့ သာသနာရှိနေတုန်း ကြိုးစားကြရမယ်။
ဗုဒ္ဓ ဘုရား သာသနာမျိုးဟာ ကြုံနိုင်ခဲတယ်။
သာသနာဆိုတာ ဘုရားအဆုံးအမ ။ အဆုံးထိမတာ။ သံသရာဘေးဒုက္ခတွေက လွတ်မြောက်အောင်
နိဗ္ဗာန် ရောက်တဲ့အထိ ခရီးဆုံးတဲ့အထိမတာ။ 
အခြားဘာသာများမှာလို ကံကုသိုလ်အကြောင်းပြုတဲ့ အစအမလောက်မဟုတ်ဘူး။ ဘာသာဆိုတာ သူ့ဘာသာနဲ့သူ
ယုံကြည်လောက်လို့ ယုံကြည်ကြတာပါ ။ 
ဥပမာ အိုင်ပေါက်စသေးသေး ငါးရှိတယ်လို့ ယုံတယ်။ ငါးတော့ ရမှာဘဲ ။ အိုင်ကသေးတော့
ငါးလည်းသေးသေးလေးရမှာပဲ။

တို့ဗုဒ္ဓဘာသာလို အဆုံးထိ လွတ်မြောက်တဲ့အထိ
ဘယ်ဘာသာမှ မသွားနိုင်ဘူး။
ဘုရားသာသနာဆိုတာ အမြဲတမ်း ကြုံဆုံခွင့်မရနိုင်ဘူ။
 ကြုံတဲ့အချိန် ဒါနလောက်နဲ့ မပြီးကြနဲ့ ။

#ဒါနသီလဆိုတာကံကုသိုလ်ပဲရှိသေးတယ်။ 

သီလက ဆိုးကံဖယ်ပြီး
ဒါနက ကောင်းကံကိုယူမှာနော်။
ဒါနနဲ့ သီလဆိုတာ
တို့ရွာက ကိုမောင်လေး လုပ်သလောက်ပဲ ရှိသေးတာ။

 ကိုမောင်လေးက ဆင်းရဲတယ်။ စာရင်းငှားလုပ်ရတယ်။ စိုက်ပျိုးချိန်တဖြတ်ဆို စပါးတင်း (၅၀) ရတယ်။
ရိပ်သိမ်းချိန်တစ်ဖြတ်မှာ စပါးတင်း (၅၀) ၊
နှစ်ဖြတ်လုပ်မှ စပါးတင်း(၁၀၀) ရတယ်။
စပါးတင်း (၁၀၀) ရောင်းမှ ငွေသုံးပိသာရတယ်။
ငွေသုံးပိသာဆိုတော့ ငွေဒင်္ဂါး သုံးရာပေါ့ ။
အိမ်ကိုနှစ်ရာပေးတယ်။ ကျန်တဲ့တစ်ရာ ဖဲလည်ရိုက်
တာနဲ့ ကုန်ရော။ 
အချိန်တန်တော့ စရင်းငှား ပြန်လုပ်ရတယ်။
ဒါန သီလကြောင့်ရတဲ့ လူ့ဘ၀ အကျိုးပေးဆိုတာ
ကိုမောင်လေး စာရင်းငှားလုပ်လို့ရသလောက်ပဲ
ရှိသေးတယ်။ 
ရလာတဲ့  လူ့ဘ၀ ပျော်ပျော်နဲ့ ပါးပါးကြီး သုံးဖြုန်းပစ်
တော့ ကုန်ရောမဟုတ်လား။ 

ဒါန သီလက လူ့ဘုံတစ်လှည့် နတ်ဘုံတစ်လှည့်
ဒီလောက်ပဲ။ ကာမာဝစရကုသိုလ်ကြောင့် ရလာတဲ့
ဘ၀တွေမှာ
ကာမအာရုံတွေကြား ကစားကြမှာဘဲလေ ။
ဟော နတ်ဘ၀တော့ ရပါရဲ့ 
ရာဂစိတ်ပြင်းထန်လာချိန်
ချိုင်းကြားကချွေးထွက် တာနဲ့သေရော။
ဒေါသဖြစ်ချိန် တစ်ယောက်နဲ့ တစ်ယောက်
စိမ်းစိမ်းကြည့်တာနဲ့ သေရောတဲ့ဗျ။
ဒီတော့ ဒါန သီလဆိုတာ သဒ္ဓါသွေးတဲ့ ဓားသွေး
ကျောက်လောက်ပဲ ရှိတာပါ။
သာသနာဆိုတဲ့ စိန်တော်ကြီးပေါ် ရောက်နေကာမှ ဓားသွေးကျောက်လောက် ကောက်ပြီး ပြန်မှာလားဗျ။

အေးဗျ ကံကုသိုလ်ပြီးတော့ ဈာန်ကုသိုလ်ကို
ဆက်ရဦးမယ်။ ဈာန်ကုသိုလ်က မှ ကိုယ့်စိတ်ကိုယ်
ပိုင်အောင်လုပ်ပေးမှာ ။
 ဒီနေ့ တို့လုပ်နေသမျှ အလုပ်တွေမှာ ကိုယ့်စိတ်နဲ့ကိုယ် လုပ်နေတာ လုပ်ခဲ့တာ ဘယ်နှစ်ခါရှိပြီလဲ။
သတိမရှိရင် တို့စိတ်တွေအာရုံနောက်ပါသွားတာဗျ။

 နိုးလာတာနဲ့ ဘာလုပ်ရဦးမယ် ဆိုတာကစပြီး
သူများစိတ်နဲ့နိုးလာတာ။ ဒကာမများ ထမင်းချက်ရဦး
မယ်ဆိုတဲ့စိတ်နဲ့ နိုးလာတယ်ဆိုပါစို့ ။ ထမင်းချက်တာ လင်အတွက် သားသမီးအတွက် သူများအတွက်
သူများစိတ်နဲ့ အိပ်ယာကနိုးလာတာ။
ဒကာတွေဘက်က အလုပ်ကိစ္စတွေးလိုက်တာ နဲ့
ကိုယ့်စိတ်မရှိတော့ဘူး။ သူ့စိတ်နဲ့နေရတာ။
ဘ၀တစ်လျောက်လုံးနေကတည်းက သူများစိတ်နဲ့
နေလာခဲ့ကြတာ။ သေတော့လည်း သူများစိတ်နဲ့
သေကြရမှာဗျ။ သူများစိတ်နဲ့သေရင် သူများခေါ်ရာ
ပါသွားမယ်။
ကိုယ့်စိတ်နဲ့ကိုယ်သေမှ ကိုယ်သွားချင်တဲ့လမ်း
တန်းတန်းသွားရမယ်။  ဒီတော့ ဒို့ဒကာ ဒကာမများ
သူများခေါ်ရာလိုက်မှာလား ။
ကိုယ့်လမ်းကိုယ်ရှာသွားမှာလား။

 ကိုယ့်စိတ်ကလေး ကိုယ်ပိုင်ဖြစ်ဖို့ဆိုတာ စိတ်ကအေးမှတည်တာ။ ပူရင်ပြန့် ပြန့်ရင် ဘာမှမသိတော့ဘူး။
အာရုံလှည့်စားသမျှ သွေးတောင်းတဲ့အတိုင်း
ဓာတ်သွေးပူဆာတဲ့အတိုင်း လိုက်လုပ်ပေးနေရတာ။
စိတ်ပြန့်နေရင် ကွဲကွဲပြားပြား မသိတော့ဘူး။
စိတ်စည်းလုံးမှုရှိမှ သူ့ကြည့်ကြည့် ကိုယ့်ကြည့်ကြည့် အဖြစ်အပျက်ကို မြင်နိုင်တယ်။ ခန္ဓာ အကြောင်း
အာရုံ အကြောင်း သိမယ် ။ဒီတော့ မေးရဦးမယ်ဗျ။

“ထန်းလျက်စားရင် ဘယ်လိုနေလဲ”
“ချိုပါတယ်ဘုရား”
“ချိုတာက ခုချိုသေးလို့လား”
“မချိုတော့ပါဘုရား”
“အဲဒါ ချိုတာကြီးက မြဲလိုလား မမြဲလို့လား”
“မမြဲလို့ပါဘုရား”

အေး....မြဲတာက အစွဲကမြဲတာ။
ဟိုကတော့ချိုပြီးပျောက်သွားပြီလေ။ 
ချိုတဲ့အစွဲက ကျန်နေတာ။ ချိုတဲ့အာရုံကို သတိနဲ့စားရင် ချိုပြီးပျောက် ၊ ဖြစ်ပျက်သွားမြင်တော့တာပဲ။
စားနေစဉ်မှာ ထန်းလျက်ချည်း ပျက်တာမဟုတ်ဘူး။ လျှာဘက်ကလည်းပျက်နေတာ။
နှစ်ဖက်ပျက်သွားမြင်တော့ တာ။
ဒီလိုအပျက်မြင်ထားတော့ အာရုံတွေ့လို့ သုံးပေမယ့်
မစွဲတော့ဘူး။ ဒီနေရာကို ရောက်ရမှာလေ။
ဒါကို သမထဈာန် ကုသိုလ်က တာဝန်ယူပါတယ်။

 ဈာန်ကုသိုလ်နောက်မှာ ဥာဏ်ကုသိုလ်။
 မမြဲတာကို မြဲတယ်ထင်နေတာ ။
သူ့သဘောသူ ဆောင်နေတာကို ငါပိုင်တယ် ထင်နေတာ။
အဲ ဒါကို ၀ိပသနာဥာဏ်က ခန္ဓာထဲကြည့်ပြီးတော့ 
မင်းထင်သလို ဟုတ်မဟုတ် ခန္ဓာထဲ ကြည့်စမ်းကွဲ့
ဆိုပြီး တော့ ခိုင်းမှာလေ။
အဲသည်လောက်ထိ ရောက်ရမှာ ။ စာလိုပြောရင်
ဥဒယဘယဥာဏ် အထက်လောက် တက်လာရင်
သဒ္ဓါဆိုတာ ဖြစ်လာပြီ။
မြဲမှာကတော့ သောတာပတ္တိမဂ်ရမှ မြဲမှာ။

ဒီတော့ ......
#ဥဒယဘယဥာဏ်အထက်လောက်ရောက်တော့ တရားကိုယုံလာပြီ။
ကိုယ့်သတ္တိ ကိုယ်လည်းယုံလာပြီ။
ကြည့်လေ အပျက်တွေမြင်လေ ။
ဘင်္ဂအုပ်စုကျတော့ အပျက်ချည်းပဲလေ။
အဖြစ်ကို မတွေ့ဘူး။
ဒါကြောင့် “လောက” လို့သုံးထားတာ။
ပျက်တာကိုလောက။
ပျက်ပြီးရင်းပျက် နေတာကို လောကလို့ ပြောတာ။
သတ္တ လောကဆိုရင်အဖြစ်လား အပျက်လား။

“အပျက်ပါဘုရား”

ပျက်နေတာ ခန္ဓာထဲလည်း တစ်စက္ကန့် ကုဋေခြောက်ထောင်နှုန်းနဲ့ ပျက်နေတာ။ ပျက်တဲ့နေရာ နောက်ကအစားထိုးပေးနေလို့ ပျက်မှန်းမသိတာ။
•ကလေးပျက်တော့ ကာလသား ၊
•ကာလသားပျက်တော့ လူလတ်၊
•လူလတ်ပျက်တော့ လူကြီး၊
•လူကြီးပျက်တော့ သွားရော့ #သင်္ချိုင်းကုန်း……..။
အေးဗျ။ အပျက်မှ အပျက်သို့ဆက်နေလို့
လောကလို့ခေါ်တာ။
ဒါကို ဘင်္ဂဥာဏ်ရောက်မှမြင်မယ်။

  အပျက်မြင်ဖန်များတော့ကြောက်လာတယ်။
ရှေ့ဘ၀ (နောက်ဘ၀) ဆိုရင် မနက်ဖြန်တောင်
မဖြစ်ချင် ၊ မလိုချင်တော့ဘူး။
ဒါကအပျက်ကို ကိုယ်တိုင်တွေ့မှ အပျက်မှ မတွေ့ဘူး
ဆိုရင် ဖြစ်တယ်ပဲထင်နေမှာ။
ဖြစ်ချင်သေးလား..လူ ၊နတ်ဘ၀တွေ။

“မဖြစ်ချင်တော့ပါဘုရား”

    အပျက်မြင်မှ
ဘ၀ဒုက္ခနဲ့  သံသရာကိုကြောက်ပြီး
   လွတ်လမ်းရှာတာ။

အဲဒီမှ ၀ိပသနာဥာဏ်ဆုံးမှ မဂ်ဥာဏ် ရောက်မှာ။
မဂ်ဥာဏ်ရောက်မှ ဘုရားသာသနာဆိုတဲ့ စိန်တော်ကြီး
ပေါ်ရောက်မှာဗျ။ ဘုရား သာသနာက ရပ်မနေဘူး။
မဂ်အထိသွားရတာ။
ပထမမဂ်ရလို့ သောတာပန်တည်မှ ဘုရား တရား
သံဃာအပေါ် ယုံကြည်တဲ့ သဒ္ဓါခိုင်မြဲတာ။
ဒီသဒ္ဓါမျိုးက နိဗ္ဗာန်ထိ မပျက်တော့ဘူး။ နောက်ဘ၀မှာလည်း ဘာသာခြားမဖြစ်တော့ဘူး။ ဆရာလည်းမပြောင်းတော့ဘူး။

 ငါးပါးသီလ အာမဘန္တေခံစရာ မလိုတော့ဘူး။
အလိုလိုမြဲနေပြီ။
ဒီတော့ လူ့ဘ၀ရောက်လာပြီး ဘုရားသာသနာကြီး
နဲ့လည်း ကြုံလာပြီ။ ဒီအချိန်မှာ ဒါန သီလလောက်နဲ့
မပီးစေချင်ပါဘူး။
#စိန်တောင်ပေါ်ရောက်နေမှ
#ဓါးသွေးကျောက်ကောက်မပြန်ကြပါနဲ့လို့
မှာချင်ပါတယ်။  ခုပြောခဲ့တဲ့ ကံကုသိုလ် ဈာန်ကုသိုလ် ဥာဏ်ကုသိုလ် ဆိုတဲ့ လောကီကုသိုလ်တွေကို
အခြေခံပြီး လောကုတ္တရာ ကုသိုလ်ဖြစ်တဲ့
မဂ်ကုသိုလ် ဖိုလ်ကုသိုလ် ရောက်အောင်ကြိုးစားကြ။

သာဓု …..သာဓု….. သာဓု ပါဘုရား။

(၁၃၇၂ ခု ၊ ကဆုန်လဆန်း ၉ ရက် ၂၁-၄-၂၀၁၀
တွင် ဟောကြားသောတရားတော်)

မဟာဗောဓိမြိုင် ဆရာတော် ဘုရား မှ
မဟာမြိုင်တောကြီးမှာဟောတော်မူသော
တရားများ (မောင်သွေးချွန်) စာအုပ်မှ

Credit_Ma Sandar
coppy from V Nandaw Batha

Yazar Htut Khaung Kyaw   ###ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်###

0 comments:

Post a Comment