Friday, September 8, 2017

သီိရိဓမ္မာသောကမင်းကြီး နှင့် နိဂြောဓ သာမဏေ

“သီိရိဓမ္မာသောကမင်းကြီး နှင့် နိဂြောဓ သာမဏေ”
•••••••••••••••••••••••••••••••••••••••••••••••••

(ရဟန်းတော်တို့ကို ဖူးမြင်ရခြင်းသည်
မြတ်သော မင်္ဂလာမည်၏။)

သမဏာနဉ္စ ဒဿနံ ဧတံ မင်္ဂလမုတ္တမံ။
“ရဟန်းတော်တို့ကို ဖူးမြင်ရခြင်းသည် မြတ်သော မင်္ဂလာမည်၏။”
သူမြတ်ပုဂ္ဂိုလ်ဟူသမျှကို မကြာခဏတွေ့ဆုံလေ။

တစ်ခါတုန်းက “သီရိဓမ္မာသောကမင်းကြီး”ဟာ သူရဲ့ဘိုးတော်
ခမည်းတော်တို့ရဲ့ အစဉ်အလာတိုင်း ပရိဗိုဇ်ရဟန်းတွေကို
ဆွမ်းကျွေးလှူဒါန်းနေပါတယ်။ ဆွမ်းကျွေးနေရပေမယ့်
စားတာ၊သောက်တာ၊ နေတာ၊ ထိုင်တာ ဣနြေ္ဒမရဖြစ်နေတဲ့
ပရိဗိုဇ် ရဟန်းတွေကိုကြည့်ပြီး စိတ်မချမ်းမသာလည်း
ဖြစ်နေ ရပါတယ်။ တစ်ခါမှာတော့
ပရိဗိုဇ်ရဟန်းတွေ နန်းတော်ထဲအရောက်မှာ
“အရှင်ဘုရားတို့ သင့်တော်ရာမှာ ထိုင်ကြပါ။”လို့
သဘောတစ်ခုနဲ့ စမ်းလိုက်ပါတယ်။ ဒီတော့ ပရိဗိုဇ်တွေက
တိုးတိုးဝှေးဝှေ့နဲ့ သူထက်ငါဦးအောင် လုထိုင်ကြပြီး
ရာဇပလ္လင်ကိုတော့ ဘယ်သူမှတက်မထိုင်ဝံ့ကြပါဘူး။
ဒီမြင်ကွင်းကိုကြည့်ပြီး သီရိဓမ္မာသောကမင်းကြီးက
ပရိဗိုဇ်တွေရဲ့ အနှစ်သာရမရှိကြောင်းကို ကောင်းကောင်း
သိသွားပါသတဲ့။

ဒီလိုနဲ့ တစ်နေ့မှာတော့ နန်းတော်လေသာပြတင်းနားမှာ
စကြံင်္ံသွားနေပါတယ်။ အာရုံထဲမှာလည်း ဣနြေ္ဒမရကြတဲ့
ပရိဗိုဇ်တွေပဲ မြင်ယောင်နေပါတယ်။

အဲဒီအချိန်မှာပဲ ခုနှစ်နှစ်အရွယ် သာမဏေငယ်တစ်ပါးဟာ
အရွယ်နဲ့ မလိုက်အောင် ဣနြေ္ဒရရနဲ့ စက္ခုနြေ္ဒချပြီး
နန်းတော်ရင်ပြင်ကို ဖြတ်သွားတာ တွေ့လိုက်ရပါတယ်။
သာမဏေရဲ့ နာမည်က “နိဂြောဓ”တဲ့၊
နိဂြောဓ သာမဏေငယ်ကို မြင်လိုက်တာနဲ့
ကြည်ညိုခြင်းအပြင် ၊ချစ်ခြင်းပါ ဖြစ်သွားပါတယ်။

“သီိရိဓမ္မာသောကမင်းကြီး”က ချက်ချင်းဆိုသလို
သာမဏေငယ်ကို ပင့်ခိုင်းလိုက်ပါတယ်။
သာမဏေငယ် မိမိအနားကို ရောက်လာတော့
“ကိုရင်၊ ကိုရင်နဲ့ သင့်တော်ရာကို ထိုင်ပါဘုရား”
လို့ လျှောက်လိုက်ပါတယ်။

သာမဏေငယ်ကလည်း မင်းကြီး လျှောက်ထားလာတော့
သူထက်ကြီးတဲ့ ရဟန်းများ ရှိလေမလားဆိုပြီး ဘေးဆီကို
ကြည့်လိုက်ပါတယ်။ မရှိဘူးဆိုတာ သိတာနဲ့
“ရာဇပလ္လင်” ပေါ်ကို တက်ထိုင်လိုက်ပါတယ်။

သာမဏေငယ်က သူတန်ဘို့းနဲ့ သူ့ပမာဏကို ပြလိုက်တော့
မင်းကြီးလည်း တိုးပြီးကြည်ညို သွားပါတယ်။
ပြီးတော့ ဆွမ်းဘောဇဉ်တွေကိုလည်း ဆက်ကပ်လှူဒါန်းပါတယ်။

ဆွမ်းဘုဉ်းပေးပြီးတော့ မင်းကြီးကပဲ စလျှောက်လိုက်ပါတယ်။
“ကိုရင်၊ ကိုရင့်ဆရာရဲ့ အဆုံးအမကို သိပါလား”
“တချို့တ၀က်တော့ သိပါတယ်မင်းကြီး”

“ဒါဆိုသိသမျှလေး ဟောပြပါဦးဘုရား”
“ဒါဖြင့်ရင်လည်း နားထောင်ပါမင်းကြီး…”

✿အပ္ပမာဒေါ အမတံပဒံ၊
✿ပမာဒေါ မစ္စုနောပဒံ။
✿အပ္ပမတ္တာ နမီယန္တိ၊
✿ယေပမတ္တာ ပထာမတာ။
“မမေ့မလျော့ခြင်းဟာ မသေခြင်းရဲ့ အကြောင်းဖြစ်တယ်။
မေ့လျော့ခြင်းဟာ သေခြင်းရဲ့ အကြောင်းဖြစ်တယ်။
မမေ့မလျော့ နေသူတို့ဟာ သေတယ်လို့ မမည်ဘူး။
မေ့လျှော့နေသူ တို့သာ သေသူလို့မည်တယ်။"

ဉာဏ်ထက်တဲ့မင်းကြီးဆိုတော့ တရားဆုံးတာနဲ့
ဉာဏ်အလင်းပွင်းသွားပြီး သာဓုသုံးကြိမ် ခေါ်လိုက်ပါတယ်။
ပြီးတော့ မင်းကြီးက တစ်ဆက်တည်း မိန့်လိုက်ပါတယ်။

“ကိုရင့်အတွက် နေ့စဉ် ဆွမ်းရှစ်အုပ်လှူပါတယ်ဘုရား”
“ဆွမ်းရှစ်အုပ်ကို ဥပဇ္ဈာယ်ဆရာကို လှူဒါန်းပါတယ်”

“ဥပဇ္ဈာယ်ဆိုတာ ဘာကိုပြောတာလဲဘုရား”
“ဥပဇ္ဈာယ်ဆိုတာ အပြစ်ကြီး ၊အပြစ်ငယ်ကို
ဆုံးမတဲ့သူကို ဥပဇ္ဈာယ်လို့ ခေါ်ပါတယ်”

“နောက် ဆွမ်းအုပ်ရှစ်အုပ် ထပ်လှူဒါန်းပါတယ်ဘုရား”
“အဲဒီ ဆွမ်းရှစ်အုပ်ကို ဆရာကို လှူပါတယ်”

“ဆရာဆိုတာ ဘာကို ပြောတာလဲဘုရား”
“ဆရာဆိုတာ ဘုရားဟောဒေသနာတော်ကို သင်ပေးတဲ့သူပါ”

“ဒါဆို ဆွမ်းရှစ်အုပ် ထပ်လှူပါတယ်”
“အဲဒီ ဆွမ်းရှစ်အုပ်ကိုလည်း သံဃာကိုလှူပါတယ်”

“သံဃာဆိုတာကော ဘာကို ပြောတာလဲဘုရား”
“ကိုရင်ပဲပြုပြု ရဟန်းပဲပြုပြု သံဃာရှိမှ ပြုလို့ရပါတယ်။
အဲဒါတွေကို သံဃာလို့ ခေါ်ပါတယ်။”

“ဒါဆို နောက်ဆွမ်းရှစ်အုပ် ထပ်လှူပါတယ်ဘုရား”
“ကောင်းပါပြီ မင်းကြီး”

ဒီတစ်ခါမှာတော့ သာမဏေငယ်က
သူ့အတွက် လက်ခံလိုက်ပါတယ်။

“သီရိဓမ္မာသောကမင်းကြီး” နိဂြောဓသာမဏေငယ်ကို
ဖူးတွေ့လိုက်ရတာဟာ ဗုဒ္ဓသာသနာ့ သမိုင်းစာမျက်နှာကို
အပြောင်းအလဲကြီး ပြောင်းလဲသွားစေ ခဲ့ပါတော့တယ်။

-(ပါရာဇိကဏ်အဋ္ဌကထာ(ပ)နှာ၊၃၄၊၃၅၊၃၆၊)

ရဟန်းတော်တွေကို ဖူးရခြင်းဟာ မြတ်သောမင်္ဂလာပါတဲ့။
တချို့သီလ သမာဓိပြည့်စုံနေတဲ့ ရဟန်းတော်တွေရဲ့
မျက်နှာတော်ကို ကြည့်လိုက်ရင် ကြည်လင်နေတတ်ပါတယ်။
ဒီလိုမျက်နှာတော်ကြည်နေတဲ့ ရဟန်းတော်တွေကို
ဖူးတွေ့လိုက်ရရင်ပဲ ရင်ထဲကို အေးမြသွားတာပဲမို့
ရဟန်းတော်တွေရဲ့ အအေးဓာတ်ဟာလည်း
ကိုယ့်ကို လာကူးတဲ့သဘောပါ။

ဒါတင်မကပါဘူး၊ ကိုယ့်ရဲ့ အတိက်ရေစက် ပါရမီရယ်၊
ရဟန်းတော်ရဲ့ အတိက်ရေစက် ပါရမီ ရယ်၊
အဲဒီ အတိက်ပါရမီ ရေစက်နှစ်ခုဟာ ဒီဘဝ
အကြောင်းတိုက်ဆိုင်စွာ ဆုံတွေ့ခွင့်ရလိုက်ရင်
ဘ၀ဟာ တစ်ဆစ်ချိုး ပြောင်းသွားနိုင်သလို
ကိုယ့်ဝန်းကျင်အတွက်လည်း တစ်စုံတစ်ရာ
အကျိုး သက်ရောက်မှု ဖြစ်သွားတတ်ပါတယ်။

ကိုယ်ဟာ ဘယ်လိုရဟန်းတော်နဲ့ ဘယ်လိုဆုံပြီး
ဘယ်လို တရားထူး ရနိုင်တယ်ဆိုတာ ကြိုတင်သိခွင့်
ရမထားပေမယ့်
“ငါဟာ ရဟန်းတော် တစ်ပါးပါးကို
အမှီပြုပြီး တရားထူးရနိုင်တယ်။”ဆိုတာကိုတော့
နှလုံးသွင်း ထားရပါတယ်။

တကယ်လို့များ ကိုယ်က ဒီရဟန်းတော်ကို
အမှီပြုပြီးတရားထူး တရားမြတ်တွေရမယ်။
ဒါပေမယ့် ကိုယ်က အဲဒီရဟန်းတော်ကို
တစ်စုံတစ်ရာနဲ့ သွားပြစ်မှားလိုက်မယ်ဆိုရင်တော့
ကိုယ်ရမယ့် တရားထူး ၊တရားမြတ်တွေနဲ့
ဝေးသထက်ဝေးသွားပါလိမ့်မယ်။
ဘာပဲပြောပြော ရဟန်းတော်တွေကို ဖူးမြင်လိုက်ရတယ်ဆိုရင်
ကြည်နူးပီတိတော့ ဖြစ်သွား ကြတတ်ပါတယ်။
အဲဒီအချိန်မှာ သဒ္ဓါတရားတွေ နိုးထလာပြီး ၊
ပစ္စည်းတစ်ခုခုကို လှူချင်စိတ် ပေါက်သွားလေ့ရှိပါတယ်။

တကယ်လို့ ကိုယ့်မှာ လှူစရာပစ္စည်းမရှိဘူးဆိုရင်
အဋ္ဌကထာမှာ ဘယ်လို ပြထားသလဲဆိုတော့
“ချစ်ကြည်မြတ်နိုးတဲ့ အကြည့်နဲ့ ကြည့်လိုက်ပါတဲ့။
ဒါဆို ကုသိုလ်ဖြစ်မှုနဲ့ အတူ ဘ၀များစွာ
မျက်လုံးအလှပိုင်ရှင် ဖြစ်ရတတ်ပါတယ်”တဲ့။

ဒကာ ဒကာမတွေဟာ ရဟန်းတွေတွေနဲ့ တွေ့ရတဲ့အခါ-
(၁)။ မေတ္တာပါတဲ့ အပြုအမူနဲ့ ပြုမူရပါမယ်။
(၂)။ မေတ္တာပါတဲ့ အပြောအဆိုနဲ့ ပြောဆိုရပါမယ်။
(၃)။ ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ
စသည်ဖြင့် မေတ္တာပါတဲ့ အတွေးကို တွေးရမယ်။
(၄)။ တတ်နိုင်ရင် ပစ္စည်းလေးပါး အလှူခံဘို့ ဖိတ်ရမယ်။
(၅)။ စွမ်းနိုင်ရင် ပစ္စည်း ၀တ္ထုလှူဒါန်းရမယ်လို့ ဆိုထားပါတယ်။

ဒီလိုပါပဲ ရဟန်းတော်တွေကလည်း ကိုယ့်ကို
ပစ္စည်းလေးပါးထောက်ပံ့နေတဲ့ ဒကာ ဒကာမ တွေကို-
(၁)။ မသင့်လျော်တာ ပြုမူ ပြောဆိုနေရင် ဆုံးမတားမြစ်ပေးရမယ်။
(၂)။ ဒါနပြုဖို့ သီလစောင့်တည်ဖို့ ၀ိပဿနာများဖို့ တိုက်တွန်းပေးရမယ်။
(၃)။ ငါတိုရဲ့ ဒကာ ဒကာမတွေ ကိုယ်ဆင်းရဲကင်းပါစေ၊
စိတ်ဆင်းရဲကင်းပါစေ စသည်ဖြင့် အကျိုးလိုလားစိတ်၊
သနားစိတ် ထားရမယ်။
(၄)။ မကြားဖူးသေးတဲ့ တရားကို ဟောပြောပေးရမယ်။
(၅)။ ကြားဖူးပြီးသားတရားကို အသိရှင်းသွားအောင် သံသယ
ပျောက်သွားအောင် ရှင်းပြပေးရမယ်။
(၆)။ နတ်ပြည်ရောက်ကြောင်း နည်းလည်းကောင်းတွေကို
ညွန်ပြပေးရမယ်လို့ ဆိုထားပါတယ်။

ဘာပဲပြောပြော ဘ၀မှာမျက်လုံးအလှပိုင်ရှင်
ဖြစ်ချင်တယ်ဆိုရင်တော့ ရဟန်းတစ်ပါးပါးကို
ဖူးမြင်လိုက်ရတဲ့အခါ ချစ်ကြည်မြတ်နိုးတဲ့စိတ်နဲ့
ကြည့်ဖြစ်လိုက်ဖို့ပါပဲလေ။

-【ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ် -အင်းမ)】
အလင်းတန်းဂျာနယ်(၁၀.၅.၂၀၀၄)
【Young Buddhist's Association】
[ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ) ၏
“မင်္ဂလာအတွေးများ”နှာ ၁၉၃- ၁၉၉မှ ကောက်နှုတ်
ပူဇော်မျှဝေပါသည်။]

0 comments:

Post a Comment