“ကိုယ်မှာမတတ်၊ စာမှာတတ်၊ ဂါဟတ်ကိုက်တတ်သည်”
•••••••••••••••••••••••••••••••••••••••••••••••••••••••
တစ်ခါတုန်းက “ဃောသက”ဆိုတဲ့ကောင်လေး
တစ်ယောက်ရှိပါတယ်။သူ့ရဲ့အဓိကအားနည်းချက်က
စာလုံးဝမတတ်တာပါပဲ။ “ဃောသက” က
သူဌေးကြီးတစ်ယောက်ရဲ့သားပါ။
သားအရင်းတော့ မဟုတ်ပါဘူး။မွေးစားသားပါ။
ထုံးစံအတိုင်း သူဌေးကြီးမှာ သားအရင်းတစ်ယောက်လည်း
မွေးဖွားလာရော မွေးစားသား ဃောသကကို
ချစ်လို့မရတော့ပါဘူး။ သူဌေးရာထူးကိုလည်း ဃောသက
က သားအကြီးဆိုတော့ စည်းကမ်းအရ ဃောသကကိုပဲ
လွှဲပေးရမှာပါ။ ဒီတော့ သူဌေးကြီးက ဃောသကကို
ငယ်စဉ်ကတည်းက အမျိုးမျိုးသတ်ဖို့ ကြံခဲ့ပါတယ်။
ဒါပေမယ့် တစ်ခါမှ မအောင်မြင်ခဲ့ပါဘူး။
ဒီလိုနဲ့ ဃောသက လူပျိုအရွယ်လည်း ရောက်လာရော
သူဌေးကြီးက “ဒီကောင့်ကို မဖြစ်မနေ
သေအောင်သတ်တော့မှပဲ” ဆိုပြီး သူဌေးကြီးရဲ့စီးပွားတွေကို
အုပ်ချုပ်ကောက်ခံပေးနေရတဲ့ ကိုယ်စားလှယ်ဆီ
“ယခုလာသော သားယုတ်မာကို သူမသိအောင်
သတ်ပစ်လိုက်ပါ” လို့ စာရေးပြီး ဃောသကကိုပဲ
သွားပြီး၊ပို့ခိုင်းလိုက်ပါတယ်။
ဃောသကက သွားခါနီး ဖခင်သူဌေးကြီးကို ဦးချကန်တော့ပြီး
“လမ်းမှာ ကျွန်တော်ဘယ်လိုထမင်းစားရမလဲ” လို့ မေးတော့
သူဌေးကြီးက သူ့ရဲ့မိတ်ဆွေ ဇနပုဒ်သူဌေးတစ်ယောက်ရဲ့
အိမ်မှာ ၀င်စားဖို့ မှာလိုက်ပါတယ်။
ဃောသကလည်း ဖခင်သူဌေးကြီးပေးလိုက်တဲ့စာကိုယူလာပြီး၊
လမ်းခုလပ်က ဇနပုဒ်သူဌေးရဲ့အိမ်မှာ ခေတ္တ
ခဏ၀င်တည်းပါတယ်။ ဇနပုဒ်သူဌေးမှာ ဃောသကနဲ့
သက်တူရွယ်တူ၊သမီးတစ်ယောက်ကလည်း ရှိနေပါတယ်။
●ဇနပုဒ်သူဌေးရဲ့သမီးက ဃောသကသူဌေးသား
ရောက်နေတဲ့အကြောင်းကို အိမ်စေကျွန်မတစ်ယောက်ဆီက
ကြားလိုက်ရပါတယ်။ “ဃောသက”ဆိုတဲ့အသံ ကြားလိုက်တာနဲ့
သူဌေးသမီးစာ ရိုးတွင်းချဉ်ဆီအထိ အချစ်စိတ်တွေ
ဖြစ်သွားတယ် လို့ စာမှာဆိုပါတယ်။ အဲဒီလိုဖြစ်ရတာကတော့
အတိတ်ဘ၀တစ်ခုက ပစ္စေကဗုဒ္ဓါတစ်ပါးကို
ဆွမ်းတစ်စလယ်ချက် အတူတကွ လောင်းလှူခဲ့ဖူးလို့ပါတဲ့။
ဒါနဲ့ သူဌေးသမီးလည်း ဃောသကရှိရာကို ထွက်ခဲ့တယ်။
သူဌေးသမီး ဃောသကကိုတွေ့ရတဲ့အချိန်မှာ
ဃောသက က ခုတင်ပေါ်မှာ ပင်ပန်းလွန်းလို့ ထင်ပါရဲ့။
အိပ်မောကျနေပါပြီ။ သူဌေးသမီးက ဃောသကကို
နီးနီးကပ်ကပ်ကြည့်လိုက်တော့ ဃောသကရဲ့
ပုဆိုးစွန်းမှာ စာလေးတစ်စောင်တွေ့ရပါတယ်။
ယူဖတ်ကြည့်လိုက်တော့ တော်တော်လေး
အံ့သြတုန်လှုပ်သွားပါတယ်။
သူဌေးသမီးက “သြော် … ကိုယ့်ကိုသတ်မယ့်စာ၊
ကိုယ်တိုင်ယူလာရတယ်လို့၊ငါနဲ့သာမတွေ့ရင် သေဖို့ပဲ
ရှိတော့တယ်” လို့ ငြီးငြူပြီး စာကိုဆုတ်ဖြဲပစ်လိုက်ပါတယ်။
ပြီးတော့ “ယခုယူလာသူ ကျွန်ုပ်သားလိမ္မာကို ဇနပုဒ်
သူဌေးသမီးနဲ့ လက်ထပ်ထိမ်းမြားပေးလိုက်ပါ” လို့
ပြောင်းရေးပြီး၊ပုဆိုးစွန်းနားမှာပဲ ပြန်ထားပေးခဲ့ပါသတဲ့။
ဃောသကလည်း အိပ်ယာကနိုးတော့
ကိုယ်လက်သန့်စင်၊ ထမင်းစားပြီး၊ဖခင်သွားခိုင်းတဲ့ ကိုယ်စားလှယ်ဆီထွက်ခဲ့ပါတယ်။
ဃောသက ကိုယ်စားလှယ်ဆီရောက်တော့ ကိုယ်စားလှယ်က
စာဖတ်ကြည့်ပြီး အားရ၀မ်းသာနဲ့ပဲ ဃောသက
တည်းခဲ့တဲ့ဇနပုဒ်သူဌေးဆီသွားပြီး အကျိုးအကြောင်းပြောပြ၊
ဇနပုဒ်သူဌေးသမီးနဲ့ လက်ထပ်ထိမ်းမြားပေးလိုက်ပါတော့တယ်။
-【ဓမ္မပဒ၊ ပထမအုပ်၊ သာမာဝတီဝတ္ထု】
တော်ပါသေးရဲ့။
ကိုယ့်ကို ချစ်တဲ့သူနဲ့တွေ့လိုက်ပေလို့၊
နို့မဟုတ်လို့ကတော့ “သေဖို့သာပြင်ပေတော့လို့”
ပြောရတော့မှာပဲ။ ဒီလိုကျတော့လည်း လူတစ်ယောက်ရဲ့
အသက်ရှင်ခြင်း၊ မရှင်ခြင်းကို အချစ်က ပြဌာန်းပေးနေသလိုပဲနော်။
ဒါကလည်း ဒီဝတ္ထုလေးအရ ကန့်သတ်နယ်မြေအနေနဲ့ပဲ
ဖြစ်ပါလိမ့်မယ်။ ကဲ- ထားပါ။
ဗဟုသုတ= အကြားအမြင် ဗဟုသုတများခြင်းဆိုတာ
ပညာတတ်ခြင်း၊ စာတတ်ခြင်းကိုဆိုလိုတာပါ။
ဝိဇ္ဇာနဲ့ သိပ္ပံခွဲရင် ၀ိဇ္ဇာဘာသာရပ်ကို ယူရမယ်လို့
စာမှာဆိုထားပါတယ်။
(သိပ္ပံဘာသာရပ်ကတော့ ရှေ့မှာလာပါလိမ့်မယ်)။
သူတို့ခေတ်က ၀ိဇ္ဇာ-သိပ္ပံ ခွဲတဲ့နေရာမှာ ကျက်မှတ်ရတဲ့
နှုတ်မှုပညာကို “၀ိဇ္ဇာ”၊ ကိုယ်လက်စတဲ့ ခန္ဓာကိုယ်နဲ့ လုပ်ရတဲ့
လက်မှုပညာကို “သိပ္ပံ” ဆိုပြီး ခွဲကြပါတယ်။
အံ့သြဖို့ကောင်းတာက အဲဒီခေတ်က ၀ိဇ္ဇာသမားတွေက
သိပ္ပံသမားတွေထက် ပိုဂုဏ်ရှိပါသတဲ့။
သိပ္ပံသမားတွေက တော်တော်လေး ဂုဏ်ငယ်ရဆိုပဲ။
ဗဟုသုတမင်္ဂလာရဲ့ လိုရင်းကတော့ ပညာတတ်ဖြစ်ဖို့ပါပဲ။
■ မြန်မာနိုင်ငံ နှစ်ပေါင်းတစ်ရာကျော် ကျွန်ပြုခံရတာ
ဘာကြောင့်လဲလို့ မေးရင် “ပညာမတတ်လို့” လို့
ဖြေရမှာပါပဲ။အခုနှစ်ဆယ့်တစ်ရာစုမှာပေါ်လာမယ့်
ပြဿနာအားလုံးကို ပညာကပဲ ဖြေရှင်းသွားမှာပါ။
ဒါ့ကြောင့် လူငယ်တစ်ယောက်အနေနဲ့
ပညာရေးနဲ့ လုံးဝမျက်ခြေမပြတ်သင့်ပါဘူး။
ပညာမတတ်ရင်တော့ ကျန်ခဲ့မှာပဲ။
ကျန်ခဲ့တဲ့နေရာမှာ တစ်ယောက်တည်းတင် မဟုတ်ပါဘူး။
လူမျိုးတစ်မျိုးလုံး ကျန်ခဲ့ကြမှာပါ။
ဒါ့ကြောင့် ပညာကို မဖြစ်မနေ သင်ကိုသင်ရပါ့မယ်။
■ ပညာသင်တဲ့နေရာမှာ မှန်ကန်တဲ့
“ရည်ရွယ်ချက်ကောင်း”ရှိရပါမယ်။
မှန်ကန်တဲ့ ရည်ရွယ်ချက်ကောင်းဆိုတာကတော့...
“ငါ စာသင်နေခြင်းဟာ ငါ့တိုင်းပြည်၊
ငါ့လူမျိုးအတွက်ဖြစ်တယ်။ ငါစာတတ်ရင်
ငါ့တိုင်းပြည်၊ ငါ့လူမျိုးအတွက် အကျိုးပြုလုပ်ငန်းတွေ
လုပ်မယ်” ဆိုတဲ့ရည်ရွယ်ချက်ပါ။
ဒီတော့ ကျောင်းသားတစ်ယောက်ကျောင်းသွားခါနီး၊
သင်တန်းသွားခါနီးမှာ “ငါ စာသင်နေခြင်းဟာ
ငါ့တိုင်းပြည်၊ ငါ့လူမျိုး အတွက် ဖြစ်တယ်။
ငါစာတတ်ရင် ငါ့တိုင်းပြည်၊ ငါ့လူမျိုးအတွက်
အကျိုးပြုလုပ်ငန်းတွေလုပ်မယ်”ဆိုတဲ့ စကားကို
ငါးခေါက်ထက်မနည်း ရွတ်ဆိုသင့်ပါတယ်။
နှုတ်က အသံထွက်မဆိုဘဲ စိတ်ထဲကနေ နှလုံးသွင်း
ဆင်ခြင်နေရင်လည်း ရပါတယ်။
အဲဒီလိုမှန်ကန်တဲ့ ရည်ရွယ်ချက်ကောင်းလေးကို
နှလုံးသွင်းဆင်ခြင်နေတာဟာ စာပေအရပြောရရင်
ကုသိုလ်စိတ်တွေဖြစ်နေတာပါ။ တနည်းအားဖြင့်
ပုထုဇဉ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကုသိုလ်စိတ်တွေ
ကိုလည်း ပယ်ပြီးသားဖြစ်နေပါတယ်။
အဘိဓမ္မသဘောတရားအရ စိတ်တစ်ခုဖြစ်နေချိန်မှာ
တခြားစိတ်တစ်ခုက ဖြစ်လို့မရပါဘူး။
ဒါကြောင့် ရည်ရွယ်ချက်ကောင်းကို နှလုံးသွင်းဆင်ခြင်
ရွတ်ဆိုနေတဲ့အချိန်မှာ ကုသိုလ်စိတ်တွေဖြစ်နေသလို၊
အကုသိုလ်စိတ်တွေကိုလည်း ပယ်ပြီးသားဖြစ်နေပါတယ်။
စာစကားနဲ့ပြောရရင် “တင်္ဒဂပဟာန်”နဲ့အကုသိုလ်
ကိလေသာတွေကို ပယ်သတ်နေတာပါ။
ပိုက်ဆံမကုန်ဘဲ၊အလကားရနေတဲ့ကုသိုလ်တွေပါ။
နောက်အကျိုးသက်ရောက်မှု အဆင့်ဆင်တွေ့လည်း
ဆင့်ကာဆင့်ကာ ဖြစ်လာပါလိမ့်မယ်။
●ရည်ရွယ်ချက်ကောင်းကို နှလုံးသွင်းဆင်ခြင်နေတဲ့
ကျောင်းသားဟာ ကုသိုလ်စိတ်တွေဖြစ်နေပါတယ်။
●ကုသိုလ်စိတ်ဖြစ်လာရင် ပါမောဇ္ဇ= ၀မ်းမြောက်မှု ဖြစ်လာမယ်။
●၀မ်းမြောက်မှု ဖြစ်လာရင် ပဿဒ္ဓိ= ငြိမ်းအေးမှုဖြစ်လာမယ်။
●ငြိမ်းအေးမှုဖြစ်လာရင် သုခ= ချမ်းသာမှုဖြစ်လာမယ်။
●ချမ်းသာမှုဖြစ်လာရင် သမာဓိ= စိတ်တည်ငြိမ်မှုဖြစ်လာမယ်။
●စိတ်တည်ငြိမ်မှုဖြစ်လာရင် ကျောင်းသားတစ်ယောက်ရဲ့
အဓိက အကျိုးဆက်ဖြစ်တဲ့ ကျက်မှတ်နေတဲ့စာကို
အလွယ်တကူရရှိခြင်း၊ မှတ်မိလွယ်ခြင်း၊ စွဲမြဲစွာတည်နေခြင်း၊
ကျက်ထားတဲ့ စာတွေ စွဲမြဲစွာတည်နေမယ်ဆိုရင်
စာမေးပွဲဖြေဆိုတဲ့ နေရာမှာ အထက်တန်းကျကျ
အောင်မြင်သွားနိုင်ခြင်းပါပဲ။
ဒါတွေကတော့ ကျောင်းသားတစ်ယောက်ရနိုင်မယ့်
ဆင့်ကဲ အကျိုးဆက်တွေပါ။
မင်္ဂလာစည်းကမ်းအရ ပညာတွေတော့တတ်အောင်သင်ပါရဲ့။
ဒါပေမယ့် ကိုယ်တတ်ထားတဲ့ပညာနဲ့ လောကအတွက်
ပြန်ပြီး၊ကျေးဇူးမပြုနိုင်ဘူးဆိုရင်တော့
“မင်္ဂလာရှိသူ”လို့ မဆိုနိုင်ပြန်ပါဘူး။
ပိုဆိုးတာက ကိုယ်သင်ခဲ့တဲ့ ပညာတွေကို အခြေခံပြီး၊
●ငါပညာတတ်တယ်ဆိုပြီး သာယာနေတဲ့ “တဏှာ”၊
●သူတို့ထက် ငါသာတယ်၊ သူတို့ ငါ့လောက်မသိဘူး
ဆိုတဲ့ တက်ကြွနေတဲ့ “မာန”၊
●ငါ ပညာတတ်တယ်ဆိုတဲ့ အမည်ပုဂ္ဂိုလ်ကို
စွဲထင်ပြီး အယူမှားနေတဲ့ “ဒိဋ္ဌိ”၊
အဲဒီ “တဏှာ မာန ဒိဋ္ဌိ” ဆိုတဲ့ “ဂါဟတရားသုံးပါး”
ဝင်လာခဲ့မယ် ဆိုရင်တော့ ဂါဟတရားသုံးပါးက
ပညာတတ်ကြီးကိုပြန်ကိုက်ပါလိမ့်မယ်။
ဂါဟ အကိုက်ခံရရင်တော့ “အပါယ်ငရဲ”
ဆင်းရဲကျရောက်ဖို့ပဲ ရှိပါတော့တယ်။
ဒါဟာ စာမှာသာ တတ်ပြီး၊ကိုယ်မှာ မတတ်တဲ့ သဘောပါ။
ဒါကို “ဒီပဲယင်းဆရာတော်ကြီး”က
“ကိုယ်မှာမတတ်၊ စာမှာတတ်၊ဂါဟတ်
ကိုက်တတ်သည်”လို့ သြ၀ါဒပေးခဲ့ပါတယ်။
ကဲ… စာဖတ်သူ ညီငယ်၊ညီမငယ်တို့ရေ
ပညာရေးကို မျက်ခြေမပြတ်လိုက်ပါနဲ့နော်။
နိုင်ငံရဲ့အနာဂတ်ရေးဟာ ညီငယ်ညီမငယ်တို့ရဲ့
လက်ထဲမှာရှိနေလို့ပါ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
-【ဆရာတော်အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)၏
“မင်္ဂလာအတွေးများ”နှာ ၅၀- ၅၅မှ-】
Monday, September 4, 2017
Home »
တရားဆိုင်ရာ
» ကိုယ်မှာမတတ်၊ စာမှာတတ်၊ ဂါဟတ်ကိုက်တတ်သည်”
0 comments:
Post a Comment