“ မစွဲလမ်းပါနဲ့ (ရဝေနွယ်-အင်းမ) ”
••••••••••••••••••••••••••••••
တစ်ခါတုန်းက ဘုရားအလောင်းတော်ဟာ သူခိုးငါးရာကို အုပ်ချုပ်နေတဲ့ ခိုးသူမှူးကြီးဖြစ်နေခဲ့ပါတယ်။ အဲဒီအချိန်ကာလမှာပဲ ဗာရာဏသီပြည် သူဌေးတစ်ယောက်ဟာ ဇနပုဒ်သား တစ်ယောက်ကို အသပြာတစ်ထောင် ချေးထားပါတယ်။ ချေးထားတဲ့ အသပြာတစ်ထောင် ပြန်မရခင်မှာဘဲ သူဌေးက သေသွားပါတယ်။
သူဌေးနဲ့ မရှေးမနှောင်းမှာဘဲ သူဌေးရဲ့ဇနီးလည်း မကျန်းမမာ ဖြစ်လာပါတယ်။ ငွေချေးထားတဲ့ အကြောင်းကို သူဌေးရဲ့ဇနီးကကောင်းကောင်းသိပါတယ်။ ဒါကြောင့် သူသေသွားရင် သားဖြစ်သူ မရမှာစိုးလို့ “သားရေ…သင့်အဖေဟာ ဇနပုဒ်သားကို အသပြာတစ်ထောင် ချေးထားတယ်၊ တကယ်လို့ အမေပါ သေသွားရင် အဲဒီအသပြာတစ်ထောင် သားကို ပေးတော့မှာ မဟုတ်ဘူး။ အခုကတည်းက သွားတောင်းချေ” ဆိုပြီး ကြွေးတောင်းလွှတ်လိုက်ပါတယ်။
သားသွားနေတုန်းမှာပဲ မိခင်ဖြစ်သူဟာ သားကို စွဲလမ်းစိတ်နဲ့ သေသွားပါတယ်။ စွဲလမ်းစိတ်နဲ့ သေသွားတာဆိုတော့ ဥပပါတ်မြေခွေးမ ဖြစ်သွားရရှာပါတယ်။ အသပြာအကြွေးတစ်ထောင် ရလာတဲ့သားက တောအုပ်အ၀ကို ရောက်လာတဲ့အခါ မြေခွေးမက တောထဲမှာ ဘုရားအလောင်း ခိုးသူမှူးကြီးအုပ်စုရှိနေလို့ မသွားစေလိုလို့ ဟောင်ဟောင်ပြီး တားရှာပါတယ်။ ဒါကိုမသိတဲ့ သားလုပ်သူက ရှုပ်တယ်ဆိုပြီး ခဲနဲ့ပေါက်ပစ်လိုက်ပါတယ်။
ဒီအချိန်မှာ ရန်သူဖြစ်ခဲ့ဖူးတဲ့ ခေါက်ရှာငှက်က ခိုးသူတွေကို အချက်ပြပါတယ်။ ဘာမှမသိရှာတဲ့ လုလင်ငယ်က ခေါက်ရှာငှက်ရဲ့ အသံကြားတော့ ငါ့အတွက် မင်္ဂလာနမိတ်ပဲဆိုပြီး လက်အုပ်ချီပါသတဲ့။ ဒါကို ဘုရားအလောင်းခိုးသူကြီးက တစ်နေရာကနေ အစအဆုံးတွေ့နေရပါတယ်။ ဘုရားအလောင်းဟာ သတ္တ၀ါတွေရဲ့အသံကို ကောင်းကောင်းသိပါတယ်။ နောက်ဆုံးတော့ လုလင်ငယ် ခိုးသူတွေရဲ့လက်တွင်းကို ရောက်သွားပါတယ်။ အစအဆုံးသိနေတဲ့ ဘုရားအလောင်း ခိုးသူကြီးက လုလင်ငယ်ဆီက ငွေကို မယူပါဘူး။ အဖြစ်မှန်ကိုပဲ ပြောပြပါတယ်။
“သင့်အမေဟာ သင့်ကို စွဲလမ်းစိတ်နဲ့ သေသွားတဲ့အတွက် မြေခွေးမဖြစ်နေရရှာတယ်။ လမ်းမှာ တွေ့တဲ့ မြေခွေးမဟာ သင့်အမေပဲ။ ခေါက်ရှာငှက်ကတော့ သင့်ရဲ့ ရန်သူဖြစ်ဖူးသူပဲ။ သင့်အမေ သင့်အတွက် သိပ်ကျေးဇူးများတယ်။ အမေ့ရဲ့ကျေးဇူးကို အာရုံပြုပြီး သင့်ရဲ့ အသပြာတစ်ထောင်ကို ယူသွားပါတော့” လို့ပြောပြီး ပြန်လွှတ်လိုက်ပါတယ်။ (ငါးရာ့ငါးဆယ်၊ သတပတ္တဇာတ်)
စွဲလမ်းတာဟာ သက်ရှိကို စွဲလမ်းတာလည်း မကောင်းပါဘူး။ သက်မဲ့ကို စွဲလမ်းတာလည်း မကောင်းပါဘူး။ ပစ္စပ္ပုန်ဘ၀မှ ပူလောင်ရသလို တမလွန်ဘ၀မှာလည်း ပူလောင်ရပါတယ်။ တစ်စုံတစ်ယောက်ကို စွဲလမ်းမိပြီဆိုရင် ကိုယ်ပဲစိတ်ဆင်းရဲရတာပါ။ တကယ်လို့ တစ်စုံတစ်ယောက်ကို စွဲလမ်းမိပြီဆိုရင်လည်း စိတ်ဆင်းရဲဖို့သာ အသင့်ပြင်ထားလိုက်ပါတော့။ စိတ်ဆင်းရဲလာရပြီ ဆိုရင်လည်း ဘယ်သူ့ ဘယ်သူ့ကိုမှ အပြစ်တင်မနေတော့ဘဲ ကျေကျေနပ်နပ်သာ ခံယူလိုက်ပါတော့။
များများစွဲလမ်းရင် များများစိတ်ဆင်းရဲရပါတယ်။ နည်းနည်းစွဲလမ်းရင် နည်းနည်းပဲ စိတ်ဆင်းရဲ ရပါတယ်။ လုံးဝ မစွဲလမ်းရင် လုံးဝစိတ်မဆင်းရဲရတော့ပါဘူး။ ဒါကြောင့် နိဗ္ဗာန်လိုချင်တဲ့သူဟာ ဘယ်သူ့ကိုမှ မစွဲလမ်းရပါဘူး။ ဘာပစ္စည်းကိုမှလည်း မစွဲလမ်းရပါဘူး။
ကိုယ့်ခင်ပွန်းကိုလည်း မစွဲလမ်းပါနဲ့၊ ကိုယ့်ရဲ့ဇနီးကိုလည်း မစွဲလမ်းပါနဲ့၊ ကိုယ့်သားသမီးကိုလည်း မစွဲလမ်းပါနဲ့။ ကိုယ့်ပစ္စည်း ကိုယ့်ရာထူးဌာနန္တရကိုလည်း မစွဲလမ်းပါနဲ့။ ဒီလိုပြောတော့ ကိုယ်ချင်းမစာလို့ ပြောတာလို့ ထင်ချင်ထင်မှာပါ။ ကိုယ့်ခင်ပွန်းကြောင့်လည်း စိတ်ဆင်းရဲရ၊ ကိုယ့်ဇနီးကြောင့်လည်း စိတ်ဆင်းရဲရ၊ ကိုယ့်သားသမီးကြောင့်လည်း စိတ်ဆင်းရဲရ၊ ဒါတွေဟာ သူတို့အပေါ် စွဲလမ်းနေလို့ ဖြစ်ရတာပါ။ မစွဲလမ်းရင် ဘာမှမဖြစ်ပါဘူး။ ဒါကြောင့် စွဲလမ်းမှုအားလုံးကို ဖြတ်ရပါမယ်။
“ဖြတ်…ဖြတ်” ဆိုတာ သူတို့အပေါ်စွဲလမ်းနေတဲ့ ကိုယ့်ရင်ထဲက ဥပါဒါန်ခေါ်တဲ့ ဆန္ဒရာဂကိုသာ ဖြတ်ခိုင်းတာပါ။ သူတို့အပေါ်ထားရမယ့် မေတ္တာကို ဖြတ်ခိုင်းတာ မဟုတ်ပါဘူး။ စွဲလမ်းမှုခေါ်တဲ့ ဥပါဒါန်က အကုသိုလ်ပါ။ မေတ္တာထားတာက ကုသိုလ်ပါ။ ကုသိုလ်နဲ့ အကုသိုလ်ကို အရင်ခွဲသိလိုက် ရမှာပါ။ ဆိုလိုတာက စွဲလမ်းမှုနဲ့ မနေနဲ့၊ မေတ္တာနဲ့နေလို့ ဆိုလိုတာပါ။ စွဲလမ်းမှုပယ်ပုံကိုတော့ နောက်မှပဲ ပြောပြရအောင်ပါ။ မိသားစုမေတ္တာနဲ့ နေပုံလေးကိုပဲ အရင်ပြောပြ ရအောင်ပါ။ မေတ္တာနဲ့ နေတဲ့အခါ မေတ္တာသုံးမျိုးနဲ့ နေရမှာပါ။
မနက်အိပ်ရာကထ ကိုယ်လက်သန့်စင်ပြီး ဘုရားခန်းမှာပဲဖြစ်ဖြစ်၊ အိပ်ရာ ခုတင်ပေါ်မှာပဲဖြစ်ဖြစ်၊ “ခင်ပွန်းဖြစ်သူ ကိုယ်ဆင်းရဲ ကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ၊ အစစ အရာရာ အဆင်ပြေပါစေ” လို့ မေတ္တာပို့လိုက်ပါ။ ပြီးတော့ “သမီးကြီး ကိုယ်ဆင်းရဲ ကင်းပါစေ၊ သား…မြေးလေး…ကိုယ်ဆင်းရဲ ကင်းပါစေ” စသည်ဖြင့် သားသမီး၊ မြေးတွေကို ဆက်ပြီး မေတ္တာပို့လိုက်ပါ။ ဒါ မနောကံမေတ္တာနဲ့ နေလိုက်တာပါ။ အားလုံးနိုးတဲ့အခါ “အဖေကြီး ဘာနဲ့စားမှာလဲ၊ သမီးကြီးကကော ဘာနဲ့စားမှာလဲ၊ သားငယ်ကကော ဘာနဲ့စားမှာလဲ” လို့ ပူညံပူညံနဲ့ မဟုတ်ဘဲ စကားချိုချိုလေးနဲ့ မေးလိုက်တာက ၀စီကံမေတ္တာနဲ့ နေလိုက်တာပါ။ ကိုယ့်ခင်ပွန်း စားချင်တာလေးတွေ၊ ကိုယ့်သားသမီးစားချင်တာ လေးတွေကို စိတ်ပါလက်ပါနဲ့ ကြော်လှော်ဖျော်ပေးလိုက်တာကကာယကံမေတ္တာနဲ့ နေလိုက်တာပါ။
ဒီလိုပါပဲ။ သားဖြစ်တဲ့သူ၊ သမီးဖြစ်တဲ့သူ၊ ချွေးမဖြစ်တဲ့သူကလည်း မနက်ပိုင်းမှာ အိပ်ရာထ ကိုယ်လက်သန့်စင်ပြီးတာနဲ့ အိပ်ရာပေါ်ကပဲဖြစ်ဖြစ်၊ ဘုရားခန်းဝင်ပြီးပဲဖြစ်ဖြစ် “ဖေဖေကျန်းမာပါစေ၊ မေမေကျန်းမာပါစေ၊ မမကြီး ကျန်းမာပါစေ” စသည်ဖြင့် မေတ္တာပို့လိုက်တာက မနောကံမေတ္တာနဲ့ နေလိုက်တာပါ။ “ဒီနေ့ သားအပြင်သွားမလို့၊ မေမေ့အတွက် ဘာဝယ်ခဲ့ရမလဲ” စသည်ဖြင့် ချိုချိုသာသာ မေးလိုက်တာက ၀စီကံမေတ္တာနဲ့ နေလိုက်တာပါ။
အပြင်သွားလို့ ပြန်လာတဲ့အခါ ကိုယ့်အမေအဖေ စားချင်တာလေးတွေ၊ သုံးချင်တာလေးတွေ ၀ယ်လာတာ၊ အားတဲ့အခါ အမေ့ဇက်ကြောလေး နှိပ်နယ်ပေးတာ၊ ဆေးတိုက်တဲ့အခါ ကိုယ်တိုင် ရေခပ်ပြီး တိုက်ပေးတာ၊ အိပ်ရာခြင်ထောင်ပြင်ပေးတာတွေက ကာယကံမေတ္တာနဲ့ နေလိုက်တာပါ။ ဒါက အကျဉ်းပြောပြတာပါ။ ကျန်တာကို ကိုယ့်ဟာကိုယ် ချဲ့သိရမှာပါ။ ကျင့်လည်း ကျင့်သုံးရမှာပါ။ တစ်ဖက်က မေတ္တာနဲ့နေသလို တစ်ဖက်ကလည်း မစွဲလမ်းအောင်နေရမှာပါ။
မစွဲလမ်းအောင် ဘယ်လိုနေမလဲ?...။
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးရဲ့ ၀ိပဿနာအခြေခံတရားတော်နဲ့ စူဠဝေဒလ္လသုတ်တရားတော်ထဲကနေ စာရေးသူ နားလည်သလောက်လေး ပြန်ပြောသွားရအောင်ပါ။
မြင်ရာ၊ ကြားရာ၊ နံရာ၊ စားရာ၊ တွေ့ထိရာ၊ စိတ်ကူးကြံသိရာတွေမှာ စွဲလမ်းစရာ ခန္ဓာငါးပါးက အသင့်ရှိနေပါတယ်။
ဥပမာ- ရူပါရုံတစ်ခုကို မြင်ဆဲခဏမှာ-
(၁) မျက်စိနဲ့အဆင်းက ရုပ်ဥပါဒါနက္ခန္ဓာပါ။
(၂) မြင်လို့ကောင်းတာ မကောင်းတာက ဝေဒနာဥပါဒါနက္ခန္ဓာပါ။
(၃) မြင်ရတဲ့အဆင်းကို မှတ်သားထားတာက သညာဥပါဒါနက္ခန္ဓာပါ။
(၄) မြင်မှုကိစ္စပြီးဆုံးအောင် ကြောင့်ကြစိုက်တာ၊ နှလုံးသွင်းတာက သင်္ခါရဥပါဒါနက္ခန္ဓာပါ။
(၅) မြင်သိရုံမျှသဘောက ၀ိညာဏ်ဥပါဒါနက္ခန္ဓာပါ။
ဒီလိုပါပဲ။ တခြား ကြားရာ၊ နံရာ၊ စားရာ၊ တွေ့ထိရာ၊ စိတ်ကူးကြံသိရာတွေမှာလည်း စွဲလမ်းစရာ ခန္ဓာငါးပါး ရှိနေပါတယ်။ ကိုယ့်ရဲ့လက်ကလေး ကွေးတာလေးကိုပဲ အာရုံပြုကြည့်လိုက်ပါ။ ကွေးတဲ့အခါမှာ ကွေးချင်တဲ့စိတ်ကလေးက အရင်စပြီး ဖြစ်ပါတယ်။ နောက်မှ ကွေးတဲ့ရုပ်ကလေးက တစ်ရွေ့ချင်းဖြစ်လာတာပါ။ ဒီတော့ လက်တစ်ကွေးမှာ ကွေးချင်တဲ့စိတ်ကလေးရယ်၊ ကွေးတဲ့ ရုပ်ကလေးရယ်ပါ။ ကွေးမယ်လို့ ကြံတဲ့စိတ်ကလေးမှာ နာမ်ခန္ဓာလေးပါး ပါပါတယ်။
(၁) ကွေးတဲ့အခါ ၀မ်းမြောက်ဝမ်းသာနဲ့ ကွေးတာလည်း ဖြစ်ချင်ဖြစ်မယ်။ နှလုံးမသာမယာနဲ့ ကွေးတာလည်း ဖြစ်ချင်ဖြစ်မယ်။ ၀မ်းသာတာလည်း မဟုတ်၊ နှလုံးမသာမယာတာလည်း မဟုတ်ဘဲ ရိုးရိုးအနေအထားနဲ့ ကွေးတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါက ဝေဒနက္ခန္ဓာပါ။
(၂) ကွေးမယ်လို့ မှတ်ထားတဲ့သညာက သညက္ခန္ဓာပါ။
(၃) ကွေးဖို့ စေ့ဆော် တိုက်တွန်းတဲ့သဘောလေးက သင်္ခါရက္ခန္ဓာပါ။
(၄) ကွေးမယ်လို့ ကြံတဲ့စိတ်က ၀ိညာဏက္ခန္ဓာပါ။
(၅) ကွေးတဲ့လှုပ်ရှားမှုက ရူပက္ခန္ဓာပါ။
ဒီတော့ တစ်ရွေ့ကွေးတိုင်း ခန္ဓာငါးပါးရှိနေတာပါ။ ဒါကို မှန်မှန်ကန်ကန် မရှုနိုင်ရင် “ငါကွေးတယ်၊ ငါကွေးတယ်” လို့ ထင်သွားတော့တာပါ။ တခြားနေရာတွေမှာလည်း ဒီအတိုင်းပါပဲ။ “ငါမြင်တယ်၊ ငါကြားတယ်၊ ငါစားတယ်၊ ငါသွားတယ်၊ ငါအိပ်တယ်၊ ငါလွမ်းတယ်၊ ငါဝမ်းသာတယ်၊ ငါစိတ်ဆင်းရဲတယ်” ဆိုပြီး စွဲသွားတော့တာပါ။
ခန္ဓာငါးပါးရဲ့သဘောကို ခပ်ကျဉ်းကျဉ်းလေး နားလည်သလောက် အရင်ပြောပြတာပါ။ ခန္ဓာငါးပါးရဲ့ သဘောလေးကို သိသွားပြီးရင် ၀ိပဿနာအခြေခံသဘောလေးကို ဆက်ပြီး ပြောရအောင်ပါ။ တရားအားမထုတ်ဖူးသေးတဲ့သူတွေအတွက် ဖတ်ရတာ နည်းနည်းခက်နေပါလိမ့်မယ်။ ၀ိပဿနာတရား ဗဟုသုတလေးရှိသွားအောင် ကြိုးစားသည်းခံပြီး ဖတ်ပေးပါဦး။
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးရဲ့ ဆောင်ပုဒ်ကလေးတွေကို အရင်ဆောင်ထားရင် အဆင်ပြေပါတယ်။
-၀ိပဿနာ၊ ဥာဏ်ဆိုတာ၊ ဘယ်ဟာရှု၍ ဖြစ်သနည်း။
စွဲလမ်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း။
-ဘယ်အကျိုးငှာ၊ ထိုခန္ဓာ၊ ဘယ်ခါရှုရပါသနည်း။
မစွဲဖို့ရာ၊ ဖြစ်ဆဲမှာ၊ မှန်စွာရှုရပါသတည်း။ ဖြစ်ခိုက်မရှု၊ ရုပ်နာမ်စု၊ စွဲမှုဝင်ရောက်သည်။
ဝိပဿနာဥာဏ်ဖြစ်အောင် ဘယ်လိုရှုရပါသလဲတဲ့။ စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါးကို ရှုရပါတယ်တဲ့။ ရှုတဲ့အခါ ဘယ်အကျိုးအတွက် ရှုရပါသလဲတဲ့။ ပြီးတော့ ဘယ်အခါမှာ ရှုရပါသလဲတဲ့။
မေးခွန်းက နှစ်ခုပါ။ အဖြေကလည်း နှစ်ခုပါ။ မစွဲဖို့အတွက် ရှုရတာပါတဲ့။ ရှုတဲ့အခါ ဖြစ်ဆဲမှာပဲ ရှုပါတဲ့။ ဖြစ်ခိုက်ဖြစ်ဆဲမှာ မရှုရင် ရုပ်နာမ်နှစ်ပါးအပေါ် စွဲလမ်းမှု ၀င်တတ်ပါတယ်တဲ့။ မေးခွန်းနဲ့အဖြေကို တွဲပြီး ဆောင်ပုဒ်ရေးပြထားတာပါ။
ဝိပဿနာဥာဏ်ဖြစ်ချင်တယ်ဆိုရင်တော့ ခန္ဓာငါးပါးကိုပဲ ရှုရမှာပါ။ ဒါကိုတော့ အသေလက်ကိုင်ထား ရပါ့မယ်။ ခန္ဓာငါးပါးနဲ့ ရုပ်နာမ်နှစ်ပါးက အတူတူပါ။ တော်ကြာ ခန္ဓာငါးပါး ရှုဖို့ ပြောလိုက်၊ တော်ကြာ ရုပ်နာမ်နှစ်ပါး ရှုဖို့ ပြောလိုက်နဲ့ မျက်စိလည်သွားမှာဆိုးလို့ပါ။
ခန္ဓာငါးပါးမှာ ရုပ်ခန္ဓာက တစ်ပါး၊ နာမ်ခန္ဓာက လေးပါးပါ။ ရုပ်နှစ်ဆယ့်ရှစ်ပါးက ရူပက္ခန္ဓာပါ။ ဝေဒနာက ဝေဒနက္ခန္ဓာပါ။ သညာက သညက္ခန္ဓာပါ။ ဝေဒနာ သညာမှကြွင်းတဲ့ စေတသိတ်ငါးဆယ်က သင်္ခါရက္ခန္ဓာပါ။ စိတ်က ၀ိညာဏက္ခန္ဓာပါ။ ဒီရုပ်နာမ်နှစ်ပါးထဲမှာပဲ ခန္ဓာငါးပါးဖွဲ့လို့ ရနေတာပါ။ ဒါက ခန္ဓာငါးပါးနဲ့ ရုပ်နာမ်နှစ်ပါး အတူတူပဲဆိုတာ စာဖတ်သူလူငယ်တွေအတွက် ရှင်းပြတာပါ။ ရုပ်နာမ်နှစ်ပါးကတော့ အားလုံး ရင်းနှီးနေပြီး ခန္ဓာငါးပါးကျတော့ နည်းနည်းစိမ်းသလို ရှိနေပါတယ်။
ဒါကြောင့် ရင်းနှီးပြီးသား ရုပ်နာမ်နှစ်ပါးကိုပဲ ကိုင်ထားပြီး ၀ိပဿနာဥာဏ်ဖြစ်ဖို့၊ မစွဲလမ်းဖို့ ဖြစ်ခိုက် ရုပ်နာမ်နှစ်ပါးကို ရှုမှတ်ရတယ်လို့ အကျဉ်းချုပ် သိထားလိုက်ရင်လည်း တော်တော်လေး လုံလောက်ပါတယ်။
ရုပ်တွေ၊ နာမ်တွေ ပြောလိုက်လို့ နားလည်ရခက်သေးတယ်ဆိုရင်လည်း သွားနေဆဲမှာ သွားတယ်လို့ သိလိုက်ပါ။ သောက်နေဆဲမှာ သောက်တယ်လို့ သိလိုက်ပါ။ အ၀တ်ဝတ်နေဆဲမှာ ၀တ်တယ်လို့ သိလိုက်ပါ။ ရေချိုးနေဆဲမှာ ချိုးတယ်လို့ သိလိုက်ပါ။ ဒေါသထွက်နေဆဲမှာ ထွက်တယ်လို့ သိလိုက်ပါ။ ဣဿာမစ္ဆရိယဖြစ်ဆဲမှာ ဖြစ်တယ်လို့ သိလိုက်ပါ။
ဒီလိုပါပဲ။ ထိုင်နေတုန်း၊ အိပ်နေတုန်းမှာလည်း ထင်ရှားတဲ့ ဖြစ်ခိုက်ရုပ်နာမ်တစ်ခုခုကို သိသိနေဖို့ပါပဲ။ ၀င်လေလေးကို သိနေဖို့၊ ထွက်လေလေးကို သိနေဖို့၊ ဖောင်းမှုလေးကို သိနေဖို့၊ ပိန်မှုလေးကို သိနေဖို့၊ ခန္ဓာကိုယ်ရဲ့တစ်နေရာက ပူမှုလေးကို သိနေဖို့၊ အေးနေမှုလေးကို သိနေဖို့၊ နာနေရင် နာတဲ့ သဘောလေးကို သိနေဖို့၊ တွေးရင် တွေးတာလေးကို သိနေဖို့ပါပဲ။ အဲဒီလိုဖြစ်ခိုက် ရုပ်နာမ်လေး တွေကို သိပေးနေရင် စွဲလမ်းမှုတွေ မ၀င်တော့ပါဘူး။
ဒီတော့ တစ်သက်လုံးက မေ့မေ့လျော့လျော့နဲ့ နေခဲ့တာဆိုတော့ အချိန်ပြည့်မှတ်နေနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒီစာရေးသူလည်း လုံးဝမမှတ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ်နိုင်သလောက်လေး၊ သိနိုင်သလောက်လေး မှတ်ကြည့်ပါ။ မှတ်ရင်းနဲ့ တရားရဲ့သဘောလေးတွေကို ဖြည်းဖြည်းချင်း သိလာပါလိမ့်မယ်။ လိုရင်းက ဖြစ်ခိုက် ရုပ်နာမ်လေးတွေကို ရှုမှတ်နေဖို့ပါပဲ။ စကားလုံးပြောင်းပြောရင် ဖြစ်ခိုက်ရုပ်နာမ်လေးတွေကို သိသိနေဖို့ပါ။
သွားရင် သွားတယ်လို့ သိလိုက်ဖို့ပါ။ သောက်ရင် သောက်တယ်လို့ သိလိုက်ဖို့ပါ။ မြင်ရာ ကြားရာ နံရာ တွေ့ထိရာ ကြံစည်စိတ်ကူးရာတွေမှာလည်း လိုက်လိုက်သိပေးနေရပါတယ်။ တကယ်လို့ ဖြစ်ခိုက် ရုပ်နာမ်ကို မရှုမိရင် စွဲမှု ၀င်တတ်ပါတယ်။ ငါမြင်တယ်၊ ငါကြားတယ်၊ ငါသွားတယ်၊ ငါစားတယ်၊ ငါ့ခင်ပွန်း၊ ငါ့သားသမီး စသည်ဖြင့် စွဲလမ်းမှုတွေ ၀င်လာတော့တာပါ။ ဒီသဘောလေးတွေက ၀ိပဿနာတရားကို ရှုမှတ်ထားဖူးမှ သိတာပါ။ ၀ိပဿနာ မရှုမှတ်ဖူးသေးရင် သဘောပေါက်ချင်မှ ပေါက်မှာပါ။
ဝင်ရင် “၀င်တယ်”လို့ တစ်ချက်မှတ်လိုက်တာဟာ ကိုယ့်ချစ်သူ ကိုယ့်ခင်ပွန်း ကိုယ့်သားသမီး ကိုယ့်ရာထူးဌာနန္တရ ငွေကြေးအပေါ် စွဲလမ်းနေတဲ့ ဆန္ဒရာဂကို တဒင်္ဂအားဖြင့် တစ်ချက်ပယ် လိုက်တာပါ။ ထွက်ရင် “ထွက်တယ်” လို့ မှတ်လိုက်တာဟာ ကိုယ့်ချစ်သူအပေါ် စွဲလမ်းနေတဲ့ ဆန္ဒရာဂကို တဒင်္ဂ ပယ်လိုက်တာပါ။ ဒီလိုပါပဲ၊ သွားရင် “သွားတယ်”လို့ မှတ်လိုက်တာ၊ သောက်ရင် “သောက်တယ်”လို့ မှတ်လိုက်တာဟာ စွဲလမ်းမှုတွေကို ၀ိပဿနာတွေနဲ့ ပယ်ပယ်နေတာပါ။ တစ်ချက် ရှုမှတ်လိုက်တာနဲ့ စွဲလမ်းမှုကို ပယ်လိုက်။ တစ်ချက် ရှုမှတ်လိုက်နဲ့ စွဲလမ်းမှုကို ပယ်လိုက်နဲ့ ရှုပါ များလာရင် စွဲလမ်းမှုတွေ လျော့လျော့သွားမှာဖြစ်သလို တရားရဲ့သဘောလေးကိုလည်း သဘော ပေါက်လာပါလိမ့်မယ်။ သွားရင် သွားတယ်လို့ သိလိုက်ပါဆိုတော့ “ဟယ်…စွဲလမ်းတာကို ပယ်တာ ကလည်း လွယ်လိုက်တာ” လို့ မထင်လိုက်ပါနဲ့။ မစွဲလမ်းဖို့အတွက် ဖြစ်ခိုက် ရုပ်နာမ်ကိုပဲ ရှုမှတ်ရမှာပါ။ တရားရှာကိုယ်မှာတွေ့ ဆိုတာ ဒါကိုပြောတာပါ။
ဘာပဲပြောပြော စွဲလမ်းမှုဟာ မကောင်းဘူး၊ ဆိုးကျိုးကိုပဲ ပေးတယ်ဆိုတာ စာသိသိထားရင်ကို အတော်ဟုတ်နေပါပြီ။ ဥာဏ်ဖြစ်ပြီး သိသွားရင်တော့ အကောင်းဆုံးပေါ့။
တစ်သံသရာလုံးက စပြီး စွဲလမ်းခဲ့တာဆိုတော့ ဖြတ်ရတာ ခက်နေတော့တာပေါ့။ မဖြတ်နိုင်လို့ ပစ်ထားလိုက်ပြန်ရင်လည်း စွဲလမ်းမှုက ပိုပိုခိုင်မြဲသွားတော့မှာပါ။ ဖြတ်တဲ့နည်းကို ကိုယ်ကသိထားပြီ ဆိုတော့ အချိန်ပိုင်းလေးနဲ့ ဖြတ်ဖြတ်သွားဖို့ပါပဲ။ ဖြတ်ပါများလာရင် တစ်နေ့မှာတော့ ပြတ်သွားမှာပါ။ စာရေးသူကော၊ စာဖတ်သူတွေကော စွဲလမ်းမှုကို ပြတ်အောင် မဖြတ်နိုင်ကြသေးလို့ အခုလို သံသရာ ကျင်လည်နေကြရတာပါ။ ပြတ်အောင်ဖြတ်နိုင်တဲ့ တစ်နေ့မှာတော့ ဒုက္ခတွေများလှတဲ့ ဒီသံသရာမှာ ကျင်လည်စရာ မလိုတော့ပါဘူး။
တကယ်လို့ စွဲလမ်းမှုကို အပြစ်မမြင်ဘဲ ငါ့ခင်ပွန်း၊ ငါ့သားသမီး၊ ငါ့ရွှေငွေ၊ ငါ့ရာထူးဌာနန္တရဆိုပြီး စွဲလမ်းဖို့ကိုပဲ စွဲလမ်းသထက် စွဲလမ်းအောင် လုပ်နေမယ်ဆိုရင်တော့ သံသရာမှာ ကျင်လည်ပြီးရင်း ကျင်လည်နေရတော့မှာပါ။ ဒါဆိုရင် သံသရာမှာ မလိုချင်တဲ့ ဒုက္ခတွေကလည်း ကြုံရဦးမှာပါ။ သံသရာ အထိ မကြည့်ပါနဲ့ဦး။ လက်တွေ့ဘ၀မှာပဲ ကိုယ်ခံစားနေရတဲ့ ဒုက္ခတွေက အများကြီးရယ်ပါ။ ဘယ်လောက် စိတ်ဆင်းရဲရသလဲ။ ပျော်ရတဲ့အချိန်က နည်းနည်းရယ်ပါ။ ကိုယ့်ကိုယ်ကိုယ် သတိထားကြည့်ရင် သိပါတယ်။
ကိုယ်က ပြတ်ချင်လို့ ဖြတ်တဲ့အခါမှာ ဒီဘ၀မှာ မပြတ်သေးလည်း ဖြတ်တဲ့အထုံက နောက်ဘ၀အထိ ပါသွားမှာပါ။ အထုံပါရမီပါသွားရင် လောကီကာမဂုဏ် အာရုံတွေနဲ့ မလွှဲမရှောင်သာ ကြုံတွေ့နေရ ဦးတော့ အထုံပါရမီ အားလျော်စွာ နောက်ဘ၀မှာလည်း ဆက်ဖြတ်နေဦးမှာပါ။ ဘ၀တိုင်း ဘ၀တိုင်း ဖြတ်ဖြတ်လာတဲ့အခါ ပါရမီတွေပြည့်လာတဲ့ တစ်နေ့မှာတော့ မဖြစ်မနေ ပြတ်သွားရတော့မှာပါ။
ဖြတ်နည်းကလည်း ဖြစ်ခိုက်ရုပ်နာမ်လေးတွေကိုသိသိနေဖို့ပါပဲ။ ခက်လားဆိုတော့ မခက်ပါဘူး။ ခက်တာက မဖြတ်တာက ခက်နေတာပါ။ ဝေးဝေးမကြည့်ပါနဲ့။ ဖြစ်ခိုက် ရုပ်နာမ်လေးတွေကို သိသိနေတဲ့အချိန်မှာ ဘာအကုသိုလ် ကိလေသာမှ မ၀င်တဲ့အတွက် ကိုယ့်ရဲ့စိတ်ကလေးက အေးငြိမ်း နေတာတော့ အမှန်ပါ။ ဒါက လက်တွေ့ရရှိတဲ့ အကျိုးပါ။
ဖြတ်ဆိုတဲ့နေရာမှာ စွဲလမ်းမှုကိုသာ ဖြတ်ခိုင်းတာပါ။ မေတ္တာကို ဖြတ်ခိုင်းတာမှ မဟုတ်တာ။ ကိုယ့်မိသားစုအပေါ် မေတ္တာသုံးမျိုးကိုလည်း နေ့စဉ်ထားမယ်။ ဖြစ်ခိုက် ရုပ်နာမ်လေးတွေကိုလည်း သိသိပြီးဖြတ်နေမယ်။ ဒီထက်မကတတ်နိုင်ရင် အိမ်က ဘုရားခန်းထဲမှာ သေချာထိုင်ပြီး ကိုယ့်ရဲ့ ရုပ်နာမ်တစ်ခုခုရဲ့ ထင်ရှားမှုကို သိနေမယ်။ မှတ်နေမယ်။ ဒီထက်မက ပိုပြီး တတ်နိုင်မယ်ဆိုရင်လည်း ရိပ်သာတစ်ခုခုမှာ ဆယ်ရက်တန်သည်။ တစ်လတန်သည် ၀င်ပြီး အခါအခွင့်သင့်တိုင်း အားထုတ် နေမယ်ဆိုရင်တော့ ဘ၀က အဓိပ္ပါယ်ရှိသထက်ကို ရှိရှိနေတော့တာပါ။
သာသနာတော်နဲ့ ကြုံခိုက်မို့ ဒီလိုဝိပဿနာတရားတွေကို သိခွင့် ကျင့်ခွင့်ရနေတာပါ။ သာသနာပ ကာလမှာ ၀ိပဿနာတရားကို သိခွင့်ရတော့မှာ မဟုတ်ပါဘူး။ သမထတရားပဲ သိခွင့်ရတော့မှာပါ။
ကိုယ်တိုင်က စာရေးနေတော့ အနုပညာရှင်အားလုံးကို ချစ်ပါတယ်။ ၀တ္ထုတွေ၊ ဗီဒီယိုတွေ၊ ရုပ်ရှင်တွေဟာ အများအားဖြင့် စွဲလမ်းမှုကို အခြေခံပြီး စွဲလမ်းမှုနဲ့ပဲ အဆုံးသတ်ကြတာ များပါတယ်။ တရားသဘောနဲ့ တည့်တည့်ပြောမယ်ဆိုရင်တော့ သံသရာရှည်ကြောင်းတွေကိုပဲ ရေးပြ၊ ရိုက်ပြတာက များပါတယ်။ ကိုယ်က သံသရာရှည်ကြောင်းကော၊ သံသရာတိုကြောင်းကော သိထားတာဆိုရင် တစ်ဖက်က မကင်းနိုင်တဲ့ သံသရာရှည်ကြောင်းကိုလည်း ရေးပြ၊ ရိုက်ပြမယ်။ တစ်ဖက်ကလည်း သံသရာ ရပ်ကြောင်းကိုလည်း ကိုယ့်ရဲ့အနုပညာ၊ အတတ်ပညာနဲ့ ရေးပြ၊ ရိုက်ပြမယ်ဆိုရင်တော့ ကိုယ့်ရဲ့အနုပညာထဲမှာ တရားကုသိုလ်တွေပါ ပါနေတော့တာပါ။ စွဲလမ်းမှုတွေနဲ့ပဲ အမြဲ ဇာတ်သိမ်း မနေစေချင်ပါဘူး။
ငယ်ငယ်ကဆို မိုးအေးအေးမှာ ငြိမ်းကျော်ရဲ့ ၀တ္ထုနဲ့ ကွေးရတာကို သိပ်သဘောကျတာပါ။ ဘယ်လိုကွေးသလဲဆိုရင် ၀တ္ထုစာအုပ်ကို ဗလာစာရွက်အဖြူနဲ့ဖုံးပြီး အဖုံးပေါ်မှာ ဆော့ပင်နဲ့ ၀ိနည်းအဖြေ၊ သဒ္ဒါအဖြေဆိုပြီး ရေးလိုက်ပါတယ်။ ပြီးမှ ဖတ်တာပါ။ အဝေးကကြည့်ရင် ၀ိနည်းအဖြေ၊ သဒ္ဒါအဖြေ ကြည့်နေသလိုလိုပါ။ မကောင်းမှုကို သင်စရာမလိုဘဲနဲ့ကို တတ်ခဲ့တာပါ။
ဒါပေမယ့် အရွယ်က စကားပြောလာပြီ။ သေဖို့ တဖြည်းဖြည်း နီးလာပြီဆိုတော့ ဘ၀အတွက် အကျိုးရှိတဲ့ စာအုပ်တွေနဲ့ပဲ ကွေးချင်တော့တာပါ။
ဒီလိုပါပဲ။ ကိုယ်က အနုပညာမှန်သမျှ ချစ်တာဆိုတော့ ၀တ္ထု၊ ဗီဒီယို ရုပ်ရှင်တွေမှာ အချစ်နဲ့စပြီး အချစ်နဲ့ပဲ ဆုံးဆုံးသွားတာ၊ စွဲလမ်းမှုနဲ့စပြီး စွဲလမ်းမှုနဲ့ပဲ ဆုံးဆုံးသွားတာမျိုးတင်မဟုတ်ဘဲ အချစ်ရဲ့ အကျိုးအပြစ်၊ စွဲလမ်းမှုရဲ့ အကျိုးအပြစ်တွေနဲ့အတူ သံသရာဖြတ်တောက်နည်းလေးတွေပါ တစ်ခါတလေ ထည့်ထည့်ပြီး ပြသွားစေချင်တာပါ။
လူသားတွေက မကင်းနိုင်တဲ့အချစ်တွေကို စိတ်ကူးကော၊ လက်တွေ့ကော ဖန်တီးနေကြဦးမှာပါ။ ဒါပေမယ့် အဲဒီအချစ်ထက် အရေးကြီးတဲ့အရာက ရှိနေသေးတယ်ဆိုတာ ကိုယ်က သိထားရမှာပါ။
ကဲ…ထားပါတော့။ ကိုယ်က ကိုယ့်ခင်ပွန်းကို စွဲလမ်းလိုက်၊ ကိုယ်ခင်ပွန်းက ကိုယ့်ကို စွဲလမ်းလိုက်၊ ကိုယ်က ကိုယ့်သားသမီးကို စွဲလမ်းလိုက်၊ ကိုယ့်သားသမီးက ကိုယ့်ကို စွဲလမ်းလိုက်နဲ့ပဲ နေသွားမယ် ဆိုရင် စွဲလမ်းမှုရဲ့ ဆိုးကျိုးတွေက လာတော့မှာပါ။
ကိုယ်က တရားသဘောတွေ သိထားရပြီဆိုတော့ တစ်ဖက်က မိသားစုကို မေတ္တာနဲ့နေပြီး တစ်ဖက်ကလည်း မစွဲလမ်းအောင် ဖြစ်ခိုက်ရုပ်နာမ်တွေကို သိသိသွားမယ်ဆိုရင်တော့ အဲဒီ မိသားစုဟာ အမြင့်မြတ်ဆုံး ပန်းတိုင်တစ်ခုဆီကို တစ်ညီတညွတ်တည်း ဦးတည်နေတော့မှာပါ။ တွေ့ကြ ဆုံကြခိုက်မှာ မိသားစုသံယောဇဉ်တွေ၊ စွဲလမ်းမှုတွေနဲ့ပဲ ဘ၀ကို အချိန်ကုန် မသွားသင့်ပါဘူး။ မြတ်စွာဘုရား ဟောကြားထားတဲ့အတိုင်းလည်း နေသွားရမှာပါ။ စွဲလမ်းမှုတွေနဲ့ပဲ နေသွားရင် ကိုယ်လည်း အကျိုးမရှိ၊ သူလည်း အကျိုးမရှိဖြစ်ရတော့တာပါ။
သေခါနီးဆိုရင် အဲဒီစွဲလမ်းမှုကို ပိုပြီးတောင် ဂရုစိုက်ရမှာပါ။ စွဲလမ်းမှုနဲ့ ကွယ်လွန်သွားရင် လားရာဂတိက သိပ်မကောင်းနိုင်ပါဘူး။ တချို့ဇာတ်လမ်းတွေထဲမှာဆိုရင် သေခါနီးတွေ့ချင်တဲ့ မိသားစုတစ်ယောက်ချင်းကို အကုန်စောင့်တာပါ။ မိသားစုစုံပြီဆိုမှ မှာစရာရှိတာ သေချာမှာပြီး “အင့်” ဆိုပြီး အသက်ထွက်သွားတာပါ။ အဲဒီမိသားစု စွဲလမ်းစိတ်နဲ့သာ သေသွားရင် သေသူအတွက် ဂတိကောင်းဖို့ ခက်လှပါတယ်။
တကယ် ကိုယ်သေမှာ သေချာသိနေပြီဆိုရင် သက်ရှိသက်မဲ့ စွဲလမ်းမှုမှန်သမျှကို ဖြတ်ပြီး ကိုယ်နှလုံးသွင်းနေကျ တရားတစ်ခုခုကို သတိမပြတ် နှလုံးသွင်းနေနိုင်မှ သေခြင်းလှမှာပါ။ ဒါကြောင့် သေခါနီးမှာ အားကိုးရာ တရားတစ်ခုခုတော့ ရှိနေရပါမယ်။ ကမ္မဋ္ဌာန်းတစ်ခုခုကို ပွားနေတာပဲဖြစ်ဖြစ်၊ ပြုခဲ့တဲ့ဒါနကို ပြန်ဆင်ခြင်တာပဲဖြစ်ဖြစ်၊ ဆောက်တည်ခဲ့တဲ့သီလကို ပြန်ဆင်ခြင်တာပဲဖြစ်ဖြစ်၊ ဘယ်တရားပဲဖြစ်ဖြစ် ကိုယ့်အတွက် မှတ်ရလွယ်ကူတဲ့ တရားတစ်ခုခုပါ။
ဒါကို ကိုယ်က ကောင်းကောင်း လေ့ကျင့်ထားနိုင်ရပါမယ်။ အလွယ်ကူဆုံး လေ့ကျင့်ပုံကတော့ အိပ်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်လည်း ခဏသေတယ်လို့ သဘောထားပြီး တရားတစ်ခုခုကို နှလုံးသွင်းပြီး အိပ်တတ်ဖို့ပါ။ ၀ိပဿနာပွားပြီး အိပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ မနိုင်သေးရင်လည်း ဂုဏ်တော်ပွားတာ၊ နမောတဿကို ပွားတာ၊ ကိုယ့်အတွက်လွယ်တဲ့ တရားတစ်ခုခုနဲ့လည်း လေ့ကျင့်နိုင်ပါတယ်။
တောင်တွေး၊ မြောက်တွေး၊ ကိုယ်ချစ်တဲ့သူအကြောင်းတွေး၊ ကိုယ်မုန်းတဲ့သူအကြောင်းတွေး၊ ဟိုပစ္စည်းတွေး၊ ဒီပစ္စည်းတွေး တွေးနေရင် တော်တော်နဲ့လည်း အိပ်မပျော်တော့ပါဘူး။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် အိပ်ခါနီးမှာ စွဲလမ်းမှုကို တရားနဲ့ ခဏဖြတ်တဲ့သဘောပါ။
တစ်ခါတစ်လေ အားတဲ့အခါလေးတွေမှာ စွဲလမ်းမှုရဲ့ အကျိုးအပြစ်တွေကို ပုံဖော်ပြီး စဉ်းစားကြည့်ပါလား။ “အော်…ငါသူ့ကို စွဲလမ်းမိလို့ ဒီလိုစိတ်ဆင်းရဲနေရတာ၊ ငါ သူ့ကို မစွဲလမ်းမိ လို့ရှိရင် ဒီလိုစိတ်ဆင်းရဲနေရမှာ မဟုတ်ဘူး” ဆိုပြီး အတွေးအဖြေလေးက အသိဥာဏ်မှာ တစ်ရိပ်ရိပ်နဲ့ ပေါ်လာပါလိမ့်မယ်။ အဲဒီလို မကြာမကြာ ဆင်ခြင်ပေးနေရင် ဖြစ်ခိုက် ရုပ်နာမ်ကို ရှုမှတ်ပြီး စွဲလမ်းမှုကို ပယ်ဖို့အတွက် အခြေခံအထောက်အပံ့လေးတွေ ဖြစ်နေမှာပါ။ နောက်ဆုံးဖြစ်ခိုက် ရုပ်နာမ်ကို မရှုမှတ် နိုင်သေးဦးတော့ စွဲလမ်းမှုရဲ့ ဆိုးကျိုးဆိုးပြစ်တွေကို အားတဲ့အခါလေးတွေမှာ ဆင်ခြင်ဆင်ခြင် ပေးနေမယ်ဆိုရင်လည်း အသင့်အတင့် တရားအသိလေးတွေ ရှိနေပါပြီ။ ဒါဆိုရင် စိတ်ကလေး ကလည်း အသင့်အတင့် ငြိမ်းအေးနေပါပြီ။
တကယ်တော့ ဖြစ်ခိုက် ရုပ်နာမ်လေးတွေကို တဒင်္ဂ သိလိုက်တာနဲ့ တဒင်္ဂ ငြိမ်းအေးသွားတာပါ။
ကဲ…စာဖတ်သူ စွဲလမ်းမှုတွေကို တဒင်္ဂလောက် ဖြတ်ကြည့်ပါလား။ အဲဒီ တဒင်္ဂအတွင်းလေးမှာ စိတ်ကလေး ငြိမ်းအေးနေပါလိမ့်မယ်…။
- [အရှင်ရာဇိန္ဒ - ရဝေနွယ် (အင်းမ)]
[(၁၀,၁၇.၃.၂၀၀၈) အလင်းတန်းဂျာနယ်မှ
ဓမ္မမိတ်ဆွေများသို့ ဓမ္မဒါနပြုပါသည်။]
(မူရင်းဓမ္မဒါနအလှူရှင် - အေးအေးမိုးမိကူး)
Saturday, September 2, 2017
Home »
ဗဟုသုတဆိုင်ရာ
» မစွဲလမ်းပါနဲ့ (ရဝေနွယ်-အင်းမ) ” ••••••••••••••••••••••••••••••
0 comments:
Post a Comment