Thursday, May 16, 2019

ညောင်ရေသွန်းလောင်းခြင်းဆိုင်ရာ အမေး အဖြေ

□□□□□□□□□□□□□□□□□□□□
ညောင်ရေသွန်းလောင်းခြင်းဆိုင်ရာ  အမေး အဖြေ
□□□□□□□□□□□□□□□□□□□□
❌အရှင်ဘုရား ………
ညောင်ရေသွန်းလောင်းခြင်းကို
ဘယ်အချိန် ဘယ်ရာသီတွေမှာ
သွန်းလောင်းသင့်သလည်းဘုရား။

✔အချိန်ရာသီရယ်လို့ မရှိပဲ
နှစ်သက်ဝမ်းမြောက်တဲ့အချိန်တွေမှာ
ကုသိုလ်တိုးပွားစေလိုရေးကိုရှေးရှု၍
မဟာဗောဓိပင်အားရေသွန်းလောင်းနိုင်ပါသည်။

❌အရှင်ဘုရား ………
များသောအားဖြင့် ကဆုန်းလပြည့်နေ့ တွေမှသာ
မဟာဗောဓိပင်အား ရေသွန်းလောင်းခြင်းကို
ပြုလုပ်ကြပါသည် ဘာရည်ရွယ်ချက်ကြောင့်
ကဆုန်လပြည့်နေ့ မှအထူးပြုလုပ်ကြသလဲဘုရား။

✔ကဆုန်လပြည့်နေ့ တွေမှသာ
မဟာဗောဓိပင်ကို ရေသွန်းလောင်းရတာက
အောက်ပါအချက်တွေကြောင့်သာဖြစ်တယ်

၁။သုမေဓာရသေ့ဘုရားလောင်း
ဒီပင်္ကရာမြတ်စွားအထံပါးမှာဆီကနေ
ဘုရားဖြစ်ဖို့ ရန်အတွက်ဗျာဒိတ်ခံယူခဲ့တဲ့နေ့ က
ဒီကဆုန်လပြည့်ဖြစ်သလို _

၂။ကပိလဝတ်ပြည် နဲ့  ဒေဝဒဟပြည်အကြား
လုမ္ဗိနီဆိုတဲ့အင်ကြင်းမြိုင်မှာ မယ်တော်မာယာ၏
ဝမ်းကြာတိုက်ကနေပြီး မီးရှူးသန့် စင်
ခဲ့တဲ့လကလည်း ဒီကဆုန်လပါပဲ _

၃။မဟာသက္ကရာဇ် [ ၁၀၃ ] ခုနှစ်မှာပဲ
မဟာဗောဓိအပင်ခြေရင်းမှာ ဘုရားစင်စစ်
ဧကန်ဖြစ်ခဲ့တဲ့နေ့ ကလည်းဒီကဆုန်လပေါ့ _

၎။မဟာသက္ကရာဇ် [ ၁၄၈ ]ခု
သက်တော်က [ ၈၀ ] ဝါတော်က [ ၄၅ ]ဝါမှာ
မဟာပရိနိဗ္ဗာန်စံဝင်ခဲ့တဲ့နေ့ ကလည်း
ဟောဒီကဆုန်လပေါ့

ဒါ့ကြောင့် _ ကဆုန်လဟာ ဗုဒ္ဓဘာသာဝင်များ
အတွက်ထူးခြားသောလဖြစ်သောကြောင့်
ဗုဒ္ဓကိုလည်း ပြန်လည်အေင့်မေ့စေ၍
ကုသိုလ်ရစေရန်လည်းကောင်း၊
ရေပျက်သောလဖြစ်သောကြောင့် __
မဟာဗောဓိပင်သည်မခြောက်သွေ့ သွားစေဖို့ 
ကဆုန်လပြည့်နေ့ ကို ဗုဒ္ဓနေ့ လို့ 
သက်မှတ်ပေးထားခြင်းသာဖြစ်တယ်။

❌အရှင်ဘုရား ………
ဗုဒ္ဓဘာသာဝင်များ ယနေ့ လိုအခါမျိုးမှာ
ရေသွန်းလောင်းကြတဲ့ဗောဓိပင်ဟာ
စေတီထိုက်ပါသလား/ဘယ်လိုစေတီများ
ထိုက်ပါသလည်းအရှင်ဘုရား။

✔စေတီ [ ၄ ] မျိုးရှိသည့်အနက်
မဟာဗောဓိအပင်တော်ကို ဘုရားရှင်ဟာ
အမှီပြုပြီးဘုရားဖြစ်လာခဲ့တဲ့အတွက်
ဘုရားရှင်ရဲ့အသုံးဆောင်လည်းဖြစ်တယ်
ဒါ့ကြောင့် မဟာဗောဓိအပင်တော်ဟာ
ပရိဘောဂစေတီထိုက်တယ်လို့ 
မှတ်အပ်စေချင်ပါတယ်။

❌အရှင်ဘုရား ………
မဟာပရိဘောဂစေတီထိုက်တဲ့
မဟာဗောဓိပင်တော်မြတ်ကို
ဗုဒ္ဓဘာသာတွေပဲရေသွန်းခွင့်ရှိတာလားဘုရား။

✔ဒီနေရာမှာ တစ်ချက်သတိပြုထားရမှာက
မဟာဗောဓိပင်ကို ရေသွန်းလောင်းတယ်ဆိုတာ
"ကုသိုလ်ကောင်းမှုတစ်ခုဖြစ်စေဖို့ အတွက်
ရေသွန်းလောင်းကြတာပါ" [ ရိုးရာအတွက်မဟုတ် ]
ဒါ့ကြောင့် ညောင်ရေသွန်းခြင်းကုသိုလ်မျိုးကို
ဘယ်ဘာသာ ဘယ်လူမျိုးမဆို မဟာဗောဓိပင်အား
ရေသွန်းလောင်းပြီးကုသိုလ်ယူခွင့်ရှိပါတယ်။

❌အရှင်ဘုရား ………
ဘယ်အချိန်တွေမှာ
သွန်းလောင်းရတာလည်းဘုရား။

✔အချိန်သုံးချိန် ဘယ်အချိန်မဆို
သွန်းလောင်းနိုင်ပါတယ်။

❌အရှင်ဘုရား ………
ဘယ်လိုရည်ရွယ်ချက်ထားပြီး
ရေသွန်းလောင်းသင့်လည်းဘုရား။

✔သစ္စာလေးပါးကို သိမြင်လွယ်၍
နိဗ္ဗာန်ကိုမြတ်မှောက်ပြုနိုင်စေဖို့ အတွက်
အဓိဋ္ဌာန်ဖြင့်စိတ်ကိုညွှတ်ပြီး
ရေသွန်းလောင်းသင့်ပါတယ်။

❌အရှင်ဘုရား ………
မဟာဗောဓိပင်ကို
ရေသွန်းလောင်းရတဲ့အတွက်
ဘယ်လိုအကျိုးကျေးဇူးတွေများ
ခံစားရပါသလည်းဘုရား။

✔အကျိုးကျေးဇူးများမှာ __
၁။ညောင်ရေသွန်းလောင်စဉ်အချိန်အတွင်
စိတ်ထဲ၌လက်တွေ့ အေးချမ်းလာစေခြင်း။

၂။အပါယ်လေးပါးမှကင်းလွတ်နိုင်ခြင်း။

၃။ဖြစ်လေရာ ဘဝကြီး ဘဝငယ်တွေမှာ
ရေဘေးမှကင်းလွတ်၍
အပါယ်လေးပါးမှလည်း လွတ်ကင်းခြင်း။

၎။နိဗ္ဗာန်ကိုအထောက်ကူဖြစ်စေနိုင်ခြင်း။
ဤအကျိုးကျေးဇူးများရရှိနိုင်ပါသည်။

✔သာဓကအနေနဲ့ ပြောရရင်  ……………
ဝိပဿီမြတ်စွာဘုရားလက်ထက်တုန်းကပေါ့
ရဟန်းလေးတစ်ပါးဟာ ယနေ့ ခေတ်ကာလလို
မြတ်စွာဘုရားပွင့်တော်မူရာ“ဗောဓိပင်ညောင်ပင်”
ပူဇော်ပွဲ ကျင်းပတော်မူတဲ့ဗောဓိပင်သို့ သွားရောက်ပြီး
အဲဒီရဟန်းတော်လေးရဲ့ စိတ်အကြံမှာ __

ကိုယ်တော်တိုင် ၀ဋ်ဆင်းရဲမှ လွတ်မြောက်တော်မူပြီးသောမြတ်စွာဘုရားသည်
ငါတို့ကိုလည်း ၀ဋ်ဆင်းရဲမှ
လွတ်မြောက်နိုင်ပါစေသတည်း၊

ကိုယ်တော်တိုင် ဆင်းရဲဒုက္ခမှ
ငြိမ်းအေးတော်မူပြီးသောမြတ်စွာဘုရားသည်
ငါတို့ကိုလည်း ဆင်းရဲဒုက္ခမှ ငြိမ်းအေးနိုင်ပါစေသတည်း
ဟု  ……နှလုံးသွင်းဆုပန်ကာ ပန်းတို့ဖြင့် _ _
ထုံမွှမ်းထားသော ရေဖြင့် ဗောဓိပင်ကို
သွန်းလောင်း ပူဇော်ခဲ့လိုက်တယ်လေ ……

အဲဒီကောင်းမှုက ဤကမ္ဘာမှ အထက်ပေါ့
“ကိုးဆယ်တစ်ကမ္ဘာ” ကာလပတ်လုံး အပါယ်ငရဲသို့
မကျရောက်ရဘဲ လူ့ပြည်၊ နတ်ပြည်တွေမှာသာ
ကျင်လည်ခဲ့ရပါသတဲ့။

ဤကမ္ဘာမှ အထက်သုံးဆယ်သုံးကမ္ဘာသို့
ရောက်တဲ့အခါ လူ့ပြည်မှာ“ဥဒကသေစန” ရယ်လို့ 
အမည်ရှိတဲ့ “စကြ၀တေးမင်း”စည်းစိမ်ကို
“ရှစ်ကြိမ်တိုင်တိုင်”ခံစားစံစားရပြန်ပါသတဲ့၊

ဦးဇင်းတို့ ဂေါတမဘုရားပွင့်ပေါ်လာတော့
“ဗောဓိသိဉ္ဓက မထေရ်”အမည်ရယ်လို့ 
ပဋိသမ္ဘိဒါလေးပါး၊ ၀ိမောက္ခရှစ်ပါး၊
အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်တော်မူပြီး
အာသဝေါကုန်ခမ်း “ရဟန္တာ”ဖြစ်တော်မူခဲ့တယ်လေ။
[  “ခုဒ္ဒကနိကာယ်၊သုတ္တန္တပိဋက
ထေရာအပဒါန်ပါဠိတော်”  ]

ဒီတစ်ခုတည်းတင်မကပါဘူး
ကျန်တဲ့သာဓကတွေလည်းများစွာရှိပါသေးတယ်
ဒီလောက်ရှင်းပြလိုက်ရင် ကဆုန်လပြည့်နေ့ တွေမှာ
ညောင်ရေသွန်းရခြင်းရဲ့အကြောင်းနဲ့ 
ညောင်ရေသွန်းရတဲ့အကျိုးတို့ ကို
သိလွယ် မြင်လွယ်သွားလောက်ပီထင်ပါတယ်
ကဲ …… ဒါဆိုရင် ဒီလောက်နဲ့ ပဲ ခဏရပ်ကြပါဦးစို့ ။

"ဗောဓိပင်အရပ် ရေတစ်စက်
အေးငြိမ်းကမ္ဘာတည်ပါစေ"

ဖန်ခါးမြေအရှင်
⭐⭐⭐⭐⭐

0 comments:

Post a Comment