❖ “ငရဲ”ဆိုတာ ကိုယ်မမြင်ရလို့
မရှိဘူးလို့ ပြောလို့ မရဘူး၊
လူ့လောကမှာ မကောင်းတာတွေ လုပ်နေတာကို
မြင်ရရင် မတူညီတဲ့ လုပ်ရပ်တွေကြောင့်
မတူညီတဲ့ အကျိုးတွေဖြစ်မယ်ဆိုတာ ထင်ရှားတယ်၊
အကုသိုလ်ကမ္မပထတရား ၁၀-ပါးကို
အရှိန်အဟုန်နှင့် ပြုလုပ်နေတဲ့သူဟာ သေတဲ့အခါ
ငရဲကို ရောက်တယ်ဆိုတာ ထင်ရှားတယ်၊
အဲဒီထက် သက်သာတဲ့ တိရစ္ဆာန်ဘုံမှာ ဖြစ်တယ်၊
အဲဒီထက် သက်သာတဲ့ ပြိတ္တာ၊
အသူရကာယ်ဘုံတို့မှာ ဖြစ်ကြရတယ်၊
ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်တို့ဆိုတာ
အကုသိုလ် ကမ္မပထတရား ၁၀-ပါးရဲ့ အကျိုးဆက်တွေပဲ။
❖ ဓမ္မကို မကျင့်သုံးသည့်အတွက်ကြောင့်
အပါယ်ဘုံရောက်နေတဲ့ သတ္တဝါဦးရေသည်
လူ့ဘုံနတ်ဘုံမှာရှိတဲ့ ဦးရေထက် များတယ်။
❖ လူတွေက ထင်ကြတယ် - လူ့လောကမှာ
လူဦးရေတွေ အင်မတန်မှ များတယ်လို့၊
လူဦးရေတိုးလာတယ်လို့ ပြောကြတယ်။
❖ တစ်ချို့နိုင်ငံဆို လူတောင်ဖြစ်ခွင့်မပေးချင်ဘူး၊
လာချင်တာတောင် လာခွင့် မပေးတာတွေ
ရှိတယ်နော်၊
အဲဒီလို လာခွင့်မပေးတာက လူဦးရေများတယ်
ထင်လို့။
❖ သို့သော် တိရစ္ဆာန်အမျိုးမျိုးကို မကြည့်နဲ့ဦး၊
တိရစ္ဆာန်တစ်မျိုးတည်းကိုပဲ နှိုင်းစာကြည့်လိုက်လျှင်
အတိုင်းအတာ အလွန်ကွာခြားတယ်။
ငါးတစ်ကောင်ရဲ့ ၀မ်းထဲမှာ ဥတွေ သန်းချီရှိနေတာ၊
ဒါက ငါးတစ်မျိုးတည်းပဲ၊
ငါးသေးသေးလေးက လူဦးရေထက် မများပေဘူးလား။
ဒီတော့ တိရစ္ဆာန်ဦးရေက များနေတော့
“အဓမ္မဆိုတဲ့ တရား”ကို ကျင့်သုံးနေတဲ့သူက
ပိုများနေတယ်ဆိုတာ ထင်ရှားတယ်။
❖ လောကမှာ ကုသိုလ်ကမ္မပထတရား
၁၀-ပါးလုပ်သူများတယ်လို့ အောကိမေ့နေပေမယ့်
ကိုယ့်ဘ၀ကိုယ် ပြန်စဉ်းစားကြည့် -
━ နံနက်မိုးသောက် အလင်းရောက်တဲ့အချိန်က စပြီး
“ငါ ဘာမဟုတ်တာ လုပ်မိသလဲ”
“အကုသိုလ်ကမ္မပထတရား ၁၀-ပါးထဲက
တစ်ခုခုများ ကျူးလွန်မိသလား”လို့
မသုံးသပ်ထိုက်ဘူးလား၊
မသုံးသပ်ရင် မသိနိုင်ဘူးလေ။
━ နံနက်မိုးလင်းကနေ ညအိပ်ရာဝင်ထိ
တစ်နေ့တာ ဖြတ်ကျော်လာတဲ့
ငါ့ရဲ့ဘ၀ဟာ တစ်နေ့တာ အချိန်အတွင်း -
●“သူများအသက်ကို သတ်မိသလား၊
●သူများဥစ္စာကို မပေးဘဲနဲ့ ယူမိတာ ရှိသလား၊
●သူများသားမယားကို စိတ်နဲ့ ပြစ်မှားမိတာရော
ရှိလား၊
●လိမ်ပြီး ပြောမိသလား၊
●ရိုင်းပြဆဲရေးတဲ့စကား ပြောမိသလား”
လို့ ကိုယ့်ကိုယ်ကို ပြန်စစ်။
❖ “သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်လိုမှု
လောဘနဲ့ တွေးမိသလား၊
လူတစ်ဦးတစ်ယောက်ကို ပျက်စီးအောင် တွေးမိသလား၊
ကံကံ၏အကျိုးကို ယုံကြည်မှုကင်းမဲ့တဲ့
အတွေးအမြင်များ ပေါ်မိသလား”
ကိုယ့်ကိုယ်ကို အမှန်အတိုင်း ဆန်းစစ်ကြည့်ဖို့ လိုတယ်။
❖ ဒီလို ဆန်းစစ်ကြည့်ရင် ကိုယ်လုပ်တဲ့
အလုပ်တွေ ရှင်းရှင်းလင်းလင်း ပေါ်လာလိမ့်မယ်။
ပေါ်လာတဲ့အခါကျရင် မကောင်းတဲ့
အကုသိုလ်အလုပ်တွေ လုပ်မိခဲ့ရင် ပြောင်းလုပ်ဖို့၊
ကောင်းတာ လုပ်မိရင် ဆက်လုပ်ဖို့၊
“ကိုယ့်ကိုယ်ကို အားကိုးတယ်”ဆိုတာ အဲဒါကို ပြောတာ။
မကောင်းတာလုပ်မိရင် ကိုယ့်ကိုယ်ကို ဆုံးမရတယ်
“ဒါမျိုး မလုပ်နဲ့” လို့။
❁ ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ။
★ _/\\_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ _/\\_ ★
❖ မှန်ကန်သော ဓမ္မအသိတို့ဖြင့် အကျိုးရှိရှိ နေနိုင်ကြပါစေ ကုန်သတည်း…။ ❖ စေတနာ အရင်းခံဖြင့် ပြန်လည်မျှဝေပူဇော်ပါသည်။
Credit - U Teikkha Nyarna.
Win Soe
0 comments:
Post a Comment