Sunday, August 27, 2017

လူ့ဘဝရောက်လာတာ ဘာလုပ်ဖို့လဲ?

လူ့ဘဝရောက်လာတာ ဘာလုပ်ဖို့လဲ?
-------------------------------------------------

♦ မနက်အိပ်ရာကနိုးရင် မထသေးဘဲ ကိုယ့်ကိုယ်ကိုယ် တိုးတိုးလေး ပြန်မေးသင့်တဲ့ မေခွန်းတစ်ခု ရှိပါတယ်။
လူ့ဘဝရောက်လာတာ ဘာလုပ်ဖို့လဲ?
အဖြေကတော့ လမ်းသုံးသွယ်ကို အာရုံပြုကြည့်ရမှာပါ။
♦ လမ်းသုံးသွယ် ရှိပါတယ်။ ကံလမ်းရယ်၊ ဈာန်လမ်းရယ်၊ ဉာဏ်လမ်းရယ်ပါ။ ဒါန သီလတွေ ပြုတာကကံလမ်းကသွားတာပါ။ ကံလမ်းကသွားရင် လူ့ပြည်၊ နတ်ပြည်ကိုရောက်ပါတယ်။ သမထတရားတွေ ပွားများအားထုတ်တာက ဈာန်လမ်းက သွားတာပါ။ ဈာန်လမ်းကသွားရင် ဗြဟ္မာ့ပြည်ကို ရောက်ပါတယ်။ ဝိပဿနာတရားတွေ ပွားများ အားထုတ်တာက ဉာဏ်လမ်းက သွားတာပါ။ ဉာဏ်လမ်းက သွားရင် နိဗ္ဗာန်ကို ရောက်ပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်ရဲ့ ပန်းတိုင်ဟာ နိဗ္ဗာန်ပါ။ နိဗ္ဗာန်ရောက်ဖို့အတွက် ဉာဏ်လမ်းက သွားရမှာပါ။ ဒီတော့ ကံလမ်း၊ ဈာန်လမ်းလောက်နဲ့ တင်းတိမ်နေလို့ မရပါဘူး။ ဉာဏ်လမ်းခေါ်တဲ့ ဝိပဿနာတရားကိုလည်း အားထုတ်ရဦးမှာပါ။
♦ ပြီးတော့ လမ်းသုံးသွယ်ကို အာရုံပြုလိုက်ရင်လည်း ရာထူးဌာနန္တရ၊ ငွေကြေးဥစ္စာ၊ ခြွေရံသင်းပင်း ဆိုတာတွေလည်း ဘာမှမဟုတ်တော့ပါဘူး။
♦ လူ့ဘဝတော့ရောက်လာပါရဲ့။ ဒါပေမယ့် လူ့ဘဝ ရောက်လာပြီး ဒီဝိပဿနာတရားလေးမှ အားမထုတ်ရဘဲ သေသွားရတယ်ဆိုရင်တော့ လူ့ဘဝရလာတာ မတန်ပါဘူး။ ဝိပဿနာတရား အားမထုတ်ရဘဲ သေသွားကြရတဲ့ သူတွေလည်း အများကြီးရှိမှာပါ။
♦ ဉာဏ်လမ်းခေါ်တဲ့ ဝိပဿနာတရားဟာ သာသနာတွင်းကာလမှာပဲ ရရှိတာပါ။ သာသနာပ ကာလမှာမရပါဘူး။ သာသနာပကာလမှာ ကံလမ်းနဲ့ ဈာန်လမ်းပဲရှိတာပါ။ ဆိုလိုတာက ကံလမ်း၊ ဈာန်လမ်းလောက်နဲ့ စိတ်မချရသေးပါဘူး။ ဉာဏ်လမ်းခေါ်တဲ့ ဝိပဿနာတရားအားထုတ်ပြီး အနည်းဆုံး သောတပန်ဖြစ်မှ ဘဝကစိတ်ချရတာပါ။ သောတပန် ဖြစ်သွားရင်တော့ အပါယ်မကျတော့ပါဘူး။
♦ သောတာပန်ဖြစ်အောင် အားမထုတ်နိုင်သေးရင်တောင် အငယ်စား သောတပန်လို့ခေါ်တဲ့ စူဠသောတာပန် အဆင့်လောက်တော့ ရအောင် အားထုတ်ကြရမှာပါ။ စူဠသောတာပန်ဆိုတာ အကြောင်းနဲ့ အကျိုးကိုခွဲခြားသိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ်အထိ ရောက်တဲ့ယောဂီကို စူဠသောတာပန်လို့ ခေါ်တာပါ။ စူဠသောတာပန်ဖြစ်ရင်လည်း သုဂတိဘဝ မြဲတယ်လို့ ဆိုပါတယ်။
♦ ဉာဏ်စဉ်အတိုင်းပြောမယ် ဆိုရင်တော့ ပစ္စယပရိဂ္ဂဟဉာဏ်က ဒုတိယဉာဏ်စဉ်ပါ။ ပထမဉာဏ်စဉ်က နာမ်ရုပ်ကို ပိုင်းခြားသိတဲ့ နာမရူပပရိစ္ဆေဒဉာဏ်စဉ်ပါ။
♦ ဒီဉာဏ်စဉ်နှစ်ပါးကိုတော့ တရားကို ရိုရိုသေသေရှုမှတ်တဲ့ ယောဂီတိုင်း တွေ့ကြရတာများပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တိုင်း ဒီဉာဏ်စဉ် နှစ်ခုလောက်တော့ရအောင် အားထုတ်ကြရမှာပါ။ တချို့အလေ့အကျင့်များတဲ့ ယောဂီတွေဆို ကိုယ့်အိမ်ဘုရားခန်းထဲမှာ ထိုင်လိုက်တာနဲ့ ဒီဉာဏ်စဉ်နှစ်ခုကို ချက်ချင်းတွေ့ကြရတယ်လို့ ဆိုပါတယ်။
♦ ဘဝမှာ ဝိပဿနာတရားထက် ပျော်စရာကောင်းတာ ဘာမှမရှိပါဘူး။ ဝိပဿနာတရားတွေနဲ့ ပျော်တာပဲ ကောင်းပါတယ်။ မြတ်စွာဘုရားက ဝိပဿနာပီတိသုခနဲ့ ပျော်မွေ့နေရတာဟာ လူသာမန်တွေ မဆိုထားနဲ့ နတ်သာမန်တွေတောင်မှ မပျော်မွေ့နိုင်တဲ့ ပျော်မွေ့ခြင်းကို ရရှိပါတယ်လို့ ဟောပြထားတာပါ။
♦ ဘယ်နေရာပဲ ရောက်နေ ရောက်နေ၊ ဘယ်လိုအခြေအနေပဲ ရှိနေနေ၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ တကယ်လျှောက်ရမှာက ဉာဏ်လမ်းပါ။
♦ ဒါတွေက ကိုယ့်ဟာကိုယ် တစ်ယောက်တည်းရှိတဲ့အခါ လမ်းသုံးသွယ်ကို အာရုံပြုလိုက်ရင် တရားသဘောလေးတွေ ပေါ်လာတာများပါတယ်။ အဲဒီအခါမျိုးမှာ ကိုယ့်ကိုယ်ကိုယ် အတွေးလေးနဲ့ တရားပြန်ဟောလို့လည်း ရတာပါပဲ။ တရားဟောသူလည်း ကိုယ်၊ တရားနာသူလည်း ကိုယ်ပါ။ တရားဆိုတာ သူများဟောမှတင်မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ဟောရမှာပါ။ ကိုယ့်ကိုယ်ကိုယ် တရားဟောတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းကျောင်းတာပါပဲ။
♦ ကိုယ့်ကိုယ်ကိုယ် တရားဟောရင်း ကိုယ်ဘယ်လမ်းက လျှောက်နေတယ်ဆိုတာ ပြန်ကြည့်ရမှာပါ။ ကံလမ်း၊ ဈာန်လမ်းလောက်ပဲ ရှိသေးတယ်ဆိုရင်တော့ ကျန်နေတဲ့ သက်တမ်းလေးမှာ ဉာဏ်လမ်းပေါ်ရောက်အောင် ရွှေ့ယူဖို့ပါပဲ။ ဉာဏ်လမ်းပေါ်ရောက်သွားရင် ကျန်တာတွေက ဘာမှမဟုတ်တော့ပါဘူး။
♦ ဉာဏ်လမ်းပေါ်လျှောက်တဲ့အခါ စာအုပ်ဖတ်ပြီး လျှောက်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဒါကအတိတ် အတိတ်ဘဝက ပါရမီ ပါခဲ့တဲ့သူတွေ အတွက်သာ အဆင်ပြေတာပါ။ ဒါကြောင့် ရိပ်သာတစ်ခုခုမှာသွားပြီး နည်းသွားယူရမှာပါ။ ဆယ်ရက်၊ တစ်လချက်ချင်းကြီး မဝင်နိုင်သေးရင်တောင် ပထမ သုံးရက်ဝင်ကြည့်၊ အဆင်ပြေရင် နောက်ဒုတိယအကြိမ်ကျတော့ ငါးရက်ဝင်ကြည့်၊ နောက်တတိယအကြိမ်ကျတော့ ဆယ်ရက်၊ တစ်လ စသည်ဖြင့် တိုးတိုးသွားရုံပါ။
♦ တော်တော်များများက (၆၀)ပြည့် ပင်စင်ယူမှပဲ အားထုတ်ဖို့ စိတ်ကူးကြတာပါ။ (၆၀)နောက်ပိုင်းဆို ရုပ်အို နာမ်အို ဖြစ်သွားတဲ့အတွက် လူငယ်တစ်ယောက်လို အားထုတ်လို့ မကောင်းတော့ပါဘူး။ ဒီကြားထဲ ကျန်းမာရေး မဖောက်ဘူးလို့လည်း မပြောနိုင်ပါဘူး။ ကျန်းမာရေးဖောက်ပြီး ခုတင်ပေါ်ရောက်မှ တရားအားထုတ်နည်း သင်ပေးရတဲ့ ကမ္မဋ္ဌာန်းဆရာမှာလည်း စိတ်ရှိတိုင်း သင်မပေးနိုင်တော့ပါဘူး၊ ပင်စင်မယူခင် ငယ်တုန်း အားထုတ်ထားရမှာပါ။ ပင်စင်ယူပြီးတာနဲ့ အရှိန်မပျက် ဆက်အားထုတ်သွားရင် မခက်တော့ပါဘူး။
♦ ဒီလိုပါပဲ၊ ပင်စင်မယူခင်လည်း ကံလမ်း၊ ဈာန်လမ်း၊ ဉာဏ်လမ်းပေါ်ရောက်အောင် ရွှေ့ရွှေ့ယူသွားရမှာပဲ။
♦ ဥပမာ - ကိုယ့်ရုံးကို လူတစ်ယောက် စာရွက်တစ်ရွက်လာယူမယ်၊ တခြားကိစ္စတစ်ခုကြောင့် ချက်ချင်းမပေးနိုင်တာကို ရောက်လာသူက မကျေနပ်စကားပြောလာမယ်၊ ဒါကို ကိုယ်က ပြုံးပြုံးလေးနဲ့ ဘာမှ ပြန်မပြောဘဲ ကာယကံနဲ့ ဝစီကံကို စောင့်ထိန်းလိုက်တာက သီလကုသိုလ်ဖြစ်သွားတာပါ။ စာရွက်လာယူသူကို ကြည့်ပြီး ငါလုပ်ပေးလိုက်တဲ့အတွက် သူ့မိသားစု အစစအရာရာ အဆင်ပြေပါစေလို့ မေတ္တာပို့ပေးနေတာက သမထကုသိုလ် ဖြစ်သွားတာပါ။ ကိုယ်လုပ်ပေးလိုက်ရတဲ့အတွက် ကျေနပ် ဝမ်းမြောက်မှု ဖြစ်မယ်။ ဒါဆို ကိုယ့်စိတ်ကိုယ်ပြန်ကြည့်ပြီး ဝမ်းသာတယ်၊ ဝမ်းသာတယ်လို့ ရှုမှတ်လိုက်တာက ဘာဝနာကုသိုလ် ဖြစ်သွားတာပါ။
♦ ဒါက အလုပ်လုပ်ရင်းရုံးထဲမှာတင် မြတ်စွာဘုရား လျှောက်စေချင်တဲ့ ကံလမ်း၊ ဈာန်လမ်း၊ ဉာဏ်လမ်းပေါ်ရောက်အောင် ရွှေ့ယူလိုက်တာပါ။ ပိုက်ဆံလည်း မကုန်ပါဘူး။
♦ ခန္ဓာရှိနေတဲ့အတွက်၊ မိသားစုရှိနေတဲ့အတွက် ရာထူးဌာနန္တရ၊ ငွေကြေးဥစ္စာတွေကတော့ လိုအပ်နေတာပါပဲ။ ဒါမေယ့် ဒီ ရာထူးဌာနန္တရ၊ ငွေကြေးတွေကိုပဲ ဒါနသဘော၊ သီလသဘော၊ ဘာဝနာသဘောဖြစ်အောင် ပြောင်းယူရမှာပါ။
♦ တစ်ခါတလေကျတော့လည်း ဘဝတွေကခက်တော့ အခက်သားပါပဲလေ။ ကိုယ့်ဘဝကိုယ် စိတ်တိုင်းမကျတဲ့သူက များပါတယ်။ ဒီလိုပါပဲ၊ စိတ်တိုင်းကျခြင်း၊ မကျခြင်းတွေနဲ့ဘဲ ဘဝတွေက ဖြတ်သန်း နေကြရတာပါ။ နှစ်ဆယ့်တစ်ရာစု ရဟန်းတစ်ပါးရဲ့ ဘဝဟာလည်း မသက်သာလှပါဘူး။ ရဟန်းနဲ့ငွေ၊ ငွေနဲ့ရဟန်း ဘာမှမဆိုင်လှပေမယ့် ငွေမရှိပြန်ရင်လည်း အဲဒီရဟန်းတစ်ပါးအတွက် ခက်ခဲမှုတွေနဲ့ပါ။ လူတွေဆို အထူးပြောစရာမလိုတော့ပါဘူး။
♦ ပုထုဇဉ် လူသားတစ်ယောက်ရဲ့ ဘဝမှာ လောကီကျိုးတွေကတော့ လိုအပ်ချက် တစ်ခုအနေနဲ့ကို လိုအပ်နေတာပါ။ လောကီကျိုးတွေကို ငဲ့လွန်းနေပြန်ရင်လည်း တရားအားထုတ်ရတာ အနှောင့်အယှက် ဖြစ်နေတတ်ပါတယ်။ ပြည့်စုံခြင်း၊ မပြည့်စုံခြင်းတွေကတော့ ရှိမြဲရှိနေမှာပါ။ အဲဒီအထဲကမှ တရားအားထုတ်ဖြစ်နေတယ်ဆိုရင်ပဲ ဘဝက ပြည့်စုံမှု တစ်ခုအနေနဲ့ ပြီးပြည့်စုံနေတော့တာပါ။ တရားမှတ်နေတဲ့အချိန်လေးဟာ လောကီကျိုးတွေကို မေ့နေတာက များပါတယ်။ တဒင်္ဂမေ့နေရင် တဒင်္ဂ စိတ်ချမ်းသာနေတာပါပဲ။
♦ မြတ်စွာဘုရားက ပရိနိဗ္ဗာန်စံခါနီးမှာ မမေ့ကြနဲ့၊ မမေ့ကြနဲ့လို့ နောက်ဆုံးစကားအနေနဲ့ မှာခဲ့ပါတယ်။ မမေ့ကြနဲ့ဆိုတာ ဝိပဿနာတရား အားထုတ်ဖို့ မမေ့ကြနဲ့လို့ ဆိုလိုရင်း ဖြစ်ပါတယ်။ ဒါတွေကိုထောက်ပြီး လူ့ဘဝရောက်လာတာ ဝိပဿနာတရား အားထုတ်ဖို့ပါပဲ။
♦ ဘာပဲပြောပြော လူ့ဘဝရခိုက်လေးမှာ ကံလမ်း၊ ဈာန်လမ်းလောက်နဲ့တင် တင်းတိမ်မနေဘဲ ဉာဏ်လမ်းပေါ်ကိုလည်းရောက်အောင် လျှောက်ဖို့ပါပဲလေ။
သြော်..... နောက်ဆုံးကျတော့လည်း တရားအားထုတ်နေတာပဲ အကောင်းဆုံးပါပဲလေ။

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ)
(အကုသိုလ်နှင့် ပန်းတိုင် မှ)
ကျမ်းကိုး -သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး၏ တရားတော်များ။
(The Voice Journal ၂၈ နိုဝင်ဘာ ၂၀၁၁)
bwar99.blogspot.com

0 comments:

Post a Comment