Friendတစ်ဦးမေး ။ ။အရှင်ဘုရား....တပည့်တော် ခင်ပွန်းကြီး ၁၀ပါး ကန်တော့နည်း ပြင်ဆင်ပုံနဲ့ ရွတ်ဖတ်ပုံသိချင်လို့ပါဘုရား....
တပည့်တော်အိမ်မှာကန်တော့ချင်လို့ပါ....လက်လှမ်းမှီသလောက် ဘုရားရှိခိုး စာအုပ်တွေနဲ့ အင်တာနက်မှာ ရှာပြီးပါပြီ မတွေ့လို့ပါဘုရား.....ကျေးဇူးအထူးတင်ရှိပါသည်ဘုရား။
သာသနာနွယ် ဖြေ။ ။
ခင်ပွန်းကြီးဆယ်ပါးပြစ်မှားလျင် ၀န်ချတောင်းပန် အဓိဌာန်နည်း
**************************************************************
သတ္တ၀ါတို့၏ ချမ်းသာအကျိုးကိုသာ လမ်းညွန်တော်မူသော မြတ်စွာဘုရား၊ ဘုရားတပည်တော်/မ သည် ခင်ပွန်းကြီး ၁၀ပါး နှင့် အကြောင်းစပ်၍ သံသရာ၌ သော်၎င်း၊ ယခု ပစ္စုပ္ပန်၌သော်၎င်း၊ သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ ကာယကံ ၀စီကံ မနောကံတို့ဖြင့် ထိုခင်ပွန်းကြီးများအား ပြစ်မှားခြင်း များစွာရှိလျှင် ပစ္စုပ္ပန်သံသရာ၌ ဆိုးကျိုးများ အမှန်ဆက်ကာဆက်ကာ ရမည်ဟု ယုံကြည်လက်ခံပါ၏...။ကောင်းစွာ နှလုံးသွင်းပြီးပြီဖြစ်ပါသည်။ သံသရာဘ၀များစွာမှတော်စပ်ခဲ့သော ခင်ပွန်းကြီးများနှင့် ယခု ပစ္စုပ္ပန် ၌တော်စပ်လျက်ရှိသော ခင်ပွန်းကြီးတို့ အား အပြစ်ကြီးအပြစ်ငယ်တို့ ယခုပစ္စုပ္ပန်၌သော်၎င်း၊ အနာဂတ်သံသရာ၌သော်၎င်း ဆိုးကျိုးများပေးခြင်းမှ လွတ်ကင်းလိုသော အကျိုးငှာ (ယနေ့မှစ၍) ကောင်းစွာနှလုံးသွင်း ယုံကြည်စွာဖြင့် နေ့စဉ် တနေ့လျှင် အနည်းဆုံးတစ်ကြိမ် မပျက်မကွက် အသက်ထက်ဆုံး မှတ်ဥာဏ် မပျက်စီးသရွေ့ ၀န်ချတောင်းပန်ခြင်းပြုမည် ဖြစ်ပါကြောင်း လျှောက်ထား အဓိဌာန်တင်ပါသည်ဘုရား။
ခင်ပွန်းကြီး (၁၀)ပါး…ပါဠိလို ကန်တော့ရန် ဂါထာ။
ဗုဒ္ဒ္ဒ္စါ ပစ္စေက ဗုဒ္ဒ္စါစ
အရဟာ အဂ္ဂ သာဝကာ
မာတာပိတု ဂုရုသတ္တာ
ဓမ္မဒေသကာ စ ဒါယကာ
က္ကုမေ တေစ မဟာဂုဏေ
အဟံ ၀ိန္ဒာမိ သဗ္ဗဒါ။
ကန်တော့ ၀န်ချတောင်းပန်နည်း
********************************
အနှိုင်းမဲ့ ဥာဏ်တော်နှင့် ပြည့်စုံတော်မူသော( မြတ်စွာဘုရား )….တပည့်တော်/မသည်သံသရာ ဘ၀ပေါင်းများစွာ ၌သော် ၄င်း၊ ယခု ပစ္စုပ္ပန် ဘ၀ ၌သော် ၄င်း၊( မြတ်စွာ ဘုရားအဆူဆူ)တို့ အပေါ် ၌ သိ၍ဖြစ်စေ၊ မသိ၍ ဖြစ်စေ ကာယကံ ၀စီကံ မနောကံ တို့ဖြင့် ပြစ်မှား စော်ကားခြင်းရှိခဲ့ပါလျှင်၊ ကျေးဇူးကန်းခြင်းရှိခဲ့ပါလျှင်၊ ထို ကျူးလွန်ခဲ့သော အပြစ်ကြီး အပြစ်ငယ်များကို ယခုအခါကောင်းစွာ နှလုံးသွင်း ယုံကြည်စွာဖြင့် ၀န်ခံ ပါ၏ ၊ ၀န်ချပါ၏ ၊ တောင်းပန်ပါ၏ ၊ ကန်တော့ပါ၏ ၊ဘုရားတပည့်တော်/ မ အားသည်းခံခွင့်လွတ်ပါရန် တောင်းပန်အပ်ပါသည်။ ၀န်ချတောင်းပန်ခြင်းမှန်သော စွမ်းအားကြောင့် ဆိုးကျိုးပေးဆဲ ဆိုးကျိုးပေးလတ္တံ သော စွမ်းအား သတ္တိတို့သည် ယခုပင်ပျက်ပြယ်ရန့်တန့်၍ ကောင်းကျိုး ချမ်းသာ အလုံးစုံ ခံစား ရရှိပါစေသတည်း။
လှူဒါန်းရန်။
(၁) ဖယောင်းတိုင် ၁၀တိုင် (သို့မဟုတ်) တစ်ပေါင်းတစ်စု ၁၀ပါးအတွက် တစ်တိုင်။
(၂) အမွေးတိုင်။
(၃) နှစ်သက်ရာ ဆွမ်းဘောဇဉ်ငါးပါးမှ တစ်ပါး (သို့မဟုတ်)ငါးပါးလုံး။
(ဆွမ်း ထမင်း၊ အသားဟင်း၊ ငါးဟင်း၊ ဂျုံနှင့်လုပ်သောမုန့်၊ ဆန်နှင့်လုပ်သောမုန့်)
(၄) ခဲဖွယ် ( အသီးအနှံအမျိုးမျိုး၊ အဥ အဖု၊ အညွန့်အတက်၊ အမြစ်အမျိုးမျိုး)
(၅) တိရိစ္ဆာန်များအားအစာကျွေးခြင်း၊
(၆) မိတ်သင်္ဂဟများ (သို့မဟုတ်) ခင်ပွန်းကြီးများ သက်ရှိထင်ရှားရှိပါက အာဟာရ ဒါနမှ အစစွမ်းနိုင်သော ဒါနများ ပြုရန်။
(၇) ကုသိုလ်အဖို့ဘာဂ ကို အမျှပေးဝေရန်။
ခင်ပွန်းကြီး ၁၀ ပါး
*******************
၁။ သဗ္ဗညုတဘုရားသခင်
၂။ ပစ္စေကဗုဒ္ဓါ
၃။ သာဝက ရဟန္တာ
၎။ လက်ျာရံ လက်ဝဲရံ
၅။ အမိ
၆။ အဘ
၇။ ဆရာ
၈။ အဖန်တလဲလဲ မပြတ်ဆုံးမပေးတတ် ဆရာမြတ်
၉။ ပေးကမ်းဖူးသောသူ
၁၀။ တရားဟောပေးသောသူ
ခင်ပွန်းကြီးဆယ်ပါးပြစ်မှားလျင် သင့်တတ်သောဒဏ်ဆယ်ပါး
************************************************************
သွေးအန်ဖြစ်လွယ်၊ ရောင်းဝယ်ရှုံးခြင်း၊ ချို့ယွင်းအင်္ဂါ၊ နူနာကုဋ္ဌ၊
ရူးကြဖောက်ပြန်၊ မင်းဒဏ်သင့်ခဏ်း၊
ကြမ်းတမ်းစွပ်စွဲ၊ သေကွဲသားချင်း၊
ပျက်ခြင်းစည်းစိမ်၊ နေအိမ်မီးလောင်၊ ဒုက္ခကောင်သည်၊ လူ့ဘောင်ဒိဋ္ဌ၊
တွေ့ကြုံရ၍၊ သေကငရဲ၊ ကမာစွဲ၏။
ဤဒဏ်ဆယ်ပါးအပြင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကိုလည်း တားနိုင်ပါသည်။
ခင်ပွန်းကြီးဆယ်ပါး မပြစ်မှားခြင်းအကျိုး ၁၀-ပါး
**********************************************
၁။ တစ်ပါးရွာသို့သွားလျှင် အစားအစာမရှားပါးခြင်း။
၂။ ရောက်ရာအရပ်၌ အပူဇော်ခံရခြင်း။
၃။ ရန်သူမျိုးငါးပါး မနှိပ်စက်နိုင်ခြင်း။
၎။ မျက်နှာမြင်က ချစ်ခင်သူပေါများခြင်း။
၅။ ပွဲလယ်၌ ရဲရင့်ခြင်း။
၆။ မိမိ၏ ကျေးဇူးသတင်း ပျံ့လွင့်ခြင်း။
၇။ အခြံအရံ အမြဲမပြတ်ရှိခြင်း။
၈။ ဆင် မြင်း ကျွဲ နွားပေါများ၍ စပါးဆန်ရေ မပျက်စီးခြင်း။
၉။ တောင်စောက် ချောက်ကမ်းပါး၌ ကျသော်လည်း မသေခြင်း။
၁၀။ သားသမီးနှင့်တစ်ကွ အခြေအမြစ်ကြီးကျယ်ခြင်း။
ခင်ပွန်းကြီးဆယ်ပါးအမည်ဖြင့်တော့ ဘုရားဟောမရှိပါ။
ခင်ပွန်းကြီး ၁၀ ပါး၏ မူလဇာစ်မြစ်
**********************************
ခင်ပွန်းကြီး ၁၀ ပါး၏ မူလဇာစ်မြစ်ကို လေ့လာသောအခါ ဆရာတော် ဦးသြဘာသာဘိဝံသ၏ သုတေသန သရုပ်ပြ အဘိဓာန်၌ တေမိယဇာတက၊ ပါ၊ ဒု၊ ၁၅၀ ဟု ကျမ်းညွှန်းလျက် ကျေးဇူး မမေ့အပ် မပြစ်မှားအပ်သော မိတ်ဆွေကောင်းကြီး ၁၀ ယောက်ကို သရုပ်အရေအတွက်နှင့်တကွ ဖော်ပြထားသည်။ သုတေသန သရုပ်ပြ အဘိဓာန်၌ ကျမ်းညွှန်းလိုရင်း ဇာ ၂၊ ၁၅၀ ကို ညွှန်းလိုရင်း ဖြစ်သည်။ ဇာတက ပါဠိတော် ၂ အုပ်ရှိသည့်အနက် ဒုတိယအုပ်လာ တေမိယဇာတ်တော်ကို ညွှန်းပြလိုရင်း ဖြစ်သည်။ သို့သော် ဇာတကပါဠိတော် ဒုတိယအုပ် တေမိယဇာတ်တော် သူညွှန်းသည့်နေရာ၌ ခင်ပွန်းကြီ ၁၀ ယောက် တိုက်ရိုက် ပြချက် မရှိပါ။ ရှေးရိုက် ဘုရားရှိခိုး မူမှန်စာအုပ်၌လည်း ကျေးဇူးရှင် ၁၀ ပါးဟူသော ခေါင်းစဉ်ဖြင့်- “သဗ္ဗညုတည့်၊ သုံးလူ့မြတ်စွာ၊ ပစ္စေကာနှင့်၊ သင်္ဃာအများ၊ ထွဋ်ဖျားရဟန္တာ၊ ဂုဏ်ဝါကွန့်မြူး၊ ကျေးဇူးကြီးလှ၊ မိနှင့်ဘတည့်၊ ပြသတတ်သင်၊ ပြုပြင်ဆုံးမ၊ ဟောထတရား၊ စောင့်ထားသီလ၊ ဤဆယ်ဆဟု၊ မူဂပက္ခ၊ ဇာတ်တော်ပြသည်၊ ကြီးလှကျေးဇူး၊ ခေါင်အထူး” ဟု ဖော်ပြထားသည်။
ဤ၌လည်း မူဂပက္ခ ဇာတ်ဟူသည် တေမိယဇာတ်ပင်တည်း။ လုံးတော်ဆရာတော်၏ ပုစ္ဆာပကိဏ္ဏ္ဏကကျမ်း၊ စာမျက်နှာ ၇၁ ၌ကား
ဗုဒ္ဓါ ပစ္စေကဗုဒ္ဓါ စ၊ အရဟာ အဂ္ဂသာဝကာ။ မာတာ ပိတု ဂရု သတ္ထာ၊ ဒါယကာ ဓမ္မဒေသကာ။ ဤသို့ ကျမ်းလာရကား-
၁။ သဗ္ဗညုတဘုရားသခင်
၂။ ပစ္စေကဗုဒ္ဓါ
၃။ သာဝက ရဟန္တာ
၎။ လက်ျာရံ လက်ဝဲရံ
၅။ အမိ
၆။ အဘ
၇။ ဆရာ
၈။ အဖန်တလဲလဲ မပြတ်ဆုံးမပေးတတ် ဆရာမြတ်
၉။ ပေးကမ်းဖူးသောသူ
၁၀။ တရားဟောပေးသောသူ ခင်ပွန်းကြီး ၁၀ ပါး သရုပ်ကို ကျမ်းညွန်းမပါဘဲ ဤသို့ ပြဆိုထားသည်။
ဟံသာဝတီ ပိဋကတ် ပုံနှိပ်တိုက် ၁၉၅၆ ခုနှစ် ထုတ် ဘုရားရှိခိုး အမျိုးမျိုး မူဟောင်း စာအုပ်၌-ု ဗုဒ္ဓေါ ပစ္စေကဗုဒ္ဓေါ စ၊ အရဟာ အဂ္ဂသာဝကာ။ မာတာ ပိတု ဂုရု သတ္ထာ၊ ဓမ္မဒေသကာ စ ဒါယကာ။ ဣမေ ဒသ မဟာဂုဏေ၊ အဟံ ဝန္ဒာမိ သဗ္ဗဒါ။ဟု ဖေါ်ပြထားပါသည်။
၁၀ ပါးသော ခင်ပွန်းတို့အား ပူဇော်ရာသော ဂါထာမည်သည်ကို၊ (တစ်နည်းကား) ဘုရားအစရှိသော တစ်ကျိပ်သော အဆွေခင်ပွန်းကောင်းတို့အား မပြစ်မှားရာသော ၁၀ ပါးသော ဂါထာမည်သည်ကို၊ အာရဘိ = အားထုတ်၏။ (၁၂၇၁ ခု၊ နတ်တော်လ၌ ပုံနှိပ်ပြီးသော ကဝိမျက်မှန် စာပုံနှိပ်တိုက်ထုတ် တေမိယဇာတ် အဋ္ဌကထာနိဿယ ၁၀၃)၌ မိန့်ဆိုထားခြင်းကြောင့် ခင်ပွန်းကြီး ၁၀ ပါး စတင်ဖြစ်ပေါ်ခဲ့ကြောင်း သတိပြုရမည်။ ၁၉၈၅ ခုနှစ်လောက်က ဆရာကြီး ဦးဆန်းထွန်းက နိဿယဆရာ စာစပ်မှာခြင်းကြောင့် ခင်ပွန်ကြီး ၁၀ ပါး ဖြစ်လာပုံ မိန့်ကြားခဲ့ဖူးသည်။ ဆရာကြီး ဦးဆန်းထွန်းဆိုသည့်အတိုင်း ဖြစ်နိုင်ပါသည်။ ဇာတ်အဋ္ဌကထာ နိဿယဆရာသည်ပင် - ဒသ မိတ္တပူဇဂါထာ နာမ ကို နှစ်နည်း အနက်ပေးရာ ပထမနည်းသည် ဒသနှင့် မိတ္တကို ဆက်စပ်ပြီး ၁၀ ပါးသော ခင်ပွန်းဟု အနက်ပြန်ခြင်း ဖြစ်သည်။ ဒုတိယနည်းသည် ဒသကို မိတ္တနှင့်လည်းကောင်း၊ ဂါထာနှင့်လည်းကောင်း ဆက်စပ်၍- ၁။ တစ်ကျိပ်သော ခင်ပွန်းဟုလည်းကောင်း၊ ၂။ ၁၀ ပါးသော ဂါထာဟုလည်းကောင်း အနက်ပြန်ခြင်း ဖြစ်သည်။ နိဿယဆရာသည် ဒသကို မိတ္တနှင့် ဆက်စပ်၍ အနက်ပြန်မှားခြင်းကြောင့် ခင်ပွန်း ၁၀ ပါး ပြည့် အောင် ပြရတော့သည်။ ပြပုံမှာ - မိတ္တာနန္တိ ဗုဒ္ဓါဒီနံ ကလျာဏမိတ္တာနံ န ဒုဗ္ဘတိ ဟူသော (ဇာ၊ ဋ္ဌ၊ ၆၊ ၁၉) အဋ္ဌကထာပါဌ်ကို မိတ္တာနန္တိ မိတ္တာနံ ဟူသည်ကား၊ ဗုဒ္ဓါဒီနံ = ဘုရားအစရှိကုန်သော၊ ကလျာဏမိတ္တာနံ = အဆွေခင်ပွန်းကောင်းတို့အား၊ န ဒုဗ္ဘတိ = မပြစ်မှား၊ ဗုဒ္ဓါဒီနံ၌ အာဒိသဒ္ဒါဖြင့် ပစ္စေကဗုဒ္ဓါ၊ သာဝက၊ အဂ္ဂသာဝက၊ အမိ၊ အဘ၊ ဆရာ၊ ရတနာသုံး ပါး၌ ကြည်ညိုသောသူ၊ ပစ္စည်းဝတ္ထု ပေးကမ်းသောသူ၊ တရားဟောပေးသောသူ၊ ဤသို့ ၉ ယောက်သော ကလျာဏမိတ္တကိုယူ၊ ထို့ကြောင့် အဋ္ဌကထာဆရာတို့သည် - ဗုဒ္ဓေါ ပစ္စေကဗုဒ္ဓေါ၊ သာဝကာ အဂ္ဂသာဝကာ စ။ မာတာ ပိတု ဂုရု သဒ္ဓါ၊ ပစ္စယဒါယကာ ဓမ္မဒေသနာ။ ဟူ၍ ဆိုတော်မူကုန်၏။ (အဋ္ဌကထာဆရာတို့ဟု ဆိုသော်လည်း မည်သည့် အဋ္ဌကထာဟု မသိရ ဂါထာလည်းမဟုတ်)
ခင်ပွန်းကြီး ၁၀ ပါးကို မပြစ်မှားအပ်သူ၊ ကျေးဇူးရှိသူ၊ မေတ္တာပို့အပ်သူအဖြစ် ယူဆမှု အားလုံး တူကြသည်။ ရှိခိုးခံထိုက်သူအဖြစ်ကား ယူဆမှု တူကြမည်မဟုတ်။ ရှိခိုးသူထက် မြင့်မြတ်သော ရှိခိုး ခံထိုက်သူ ခင်ပွန်း ရှိသလို၊ မမြင့်မြတ်သူ ခင်ပွန်းလည်း ရှိနိုင်ပါသည်။ ဥပမာ- ရဟန်းတော်ကား ဒါယကာကို ရှိခိုးမှု မဖြစ် နိုင်ပါ။ တေမိယဇာတ် အဋ္ဌကထာနိဿယကဲ့သို့ ဒသ-ကို မိတ္တနှင့် အစပ်မှား၍ ဒသ + မိတ္တ = ၁၀ ပါးသော ခင်ပွန်းကြီး (၀ါ) ခင်ပွန်းကြီး ဆယ်ပါးဟု ဖြစ်လာရသည်။ ခင်ပွန်းကြီးကို ရတနာ သုံးပါးကဲ့သို့ သုံးပါးလည်း ဖြစ် နိုင်သည်။ အနန္တော အနန္တငါးပါးကဲ့သို့ ငါးပါးလည်း ဖြစ်နိုင်သည်။ ဆယ်ပါး၊ ဆယ်ပါးထက်အလွန် ဖြစ်နိုင်သည်။ ဆယ်ပါး အတိအကျ ဖြစ်ရမည်ဟု ယူခြင်းကား မသင့်ပါ။ ၁၃၂၂ ခုနှစ် သုဓမ္မဝတီပုံနှိပ်တိုက်ထုတ် လုံးတော် ဆရာတော်ဘုရားကြီး၏ ပကိဏ္ဏက ဝိသဇ္ဇနာကျမ်း၊ ပ တွဲ၊ စာမျက်နှာ ၂၈၁ စသည်၌ ခင်ပွန်းကြီး ၁၀ ပါး(သံဂါယနာတင်) ကျမ်းဂန်၌ မလာ။ ပစ္စေက ဗုဒ္ဓေါ စ စသော ဘုရားရှိခိုး ဂါထာကို (နောက်နှောင်းခေတ်) ဆရာကြီးတို့ စီကုံး ရေးသားခဲ့ဟန်ရှိသည်ကိုလည်းကောင်း၊ ဤဂါထာအတိုင်းဆိုလျှင် မဟာသာဝက စသော ခင်ပွန်းများ ကြွင်းကျန်နိုင်သည်ကိုလည်းကောင်း၊ ၁၀ ပါးထက် အပိုအလွန်လည်း ဖြစ်နိုင်ကြောင်းကိုလည်းကောင်း၊ အင်္ဂုတ္တိုရ် သတ္တကနိပါတ် မိတ္တသုတ်ကိုထောက်လျှင် ၆၀ ကျော်ပင် ဖြစ်နိုင်ကြောင်းကိုလည်းကောင်း မိန့်ဆိုထားသည်။ ဤသို့လျှင် ပြဆိုခဲ့ပြီးသော အာဂမယုတ္တိတို့အရ- ၁။ မူဂပက္ခဇာတ် (၀ါ) တေမိယဇာတ်တော်လာ မိတ္တပုဒ်ကို ခင်ပွန်းဟု မြန်မာပြန်ကြခြင်း ဖြစ်သည်။ ၂။ ဒသကို မိတ္တနှင့် အစပ်မှားခဲ့ခြင်းကြောင့် ခင်ပွန်းကြီး ၁၀ ပါး ပေါ်ပေါက်လာရသည်။ ၃။ ခင်ပွန်းကြီး ၁၀ ပါး အတိအကျ သံဂါယနတင် ပါဠိ၊ အဋ္ဌကထာ၊ ဋီကာတို့၌ တိုက်ရိုက်မရှိ။ ၄။ မပြစ်မှားထိုက်သော မိတ္တ-အဆွေခင်ပွန်းဟူသည် ဘုရားအစရှိသော ခင်ပွန်း-ဟု တေမိယဇာတ် အဋ္ဌကထာ၌ လာသည်။ ၅။ ဒသ မိတ္တပူဇဂါထာ နာမ-ဟူသော တေမိယဇာတ် အဋ္ဌကထာပါဠိကို ၁၀ ပါးသော ခင်ပွန်းဟု အနက်မပြန်ရ၊ မိတ္တပူဇာ ၁၀ ဂါထာဟုသာ အနက်ပြန်ရမည်။ ၆။ ခင်ပွန်းကြီးသည် ၁၀ ပါးလည်း ဖြစ်နိုင်သည်။ ၁၀ ပါးထက်အလွန်လည်း ဖြစ်နိုင်သည်။ ဤသို့ ခင်ပွန်းကြီး ၁၀ ပါးအကြောင်းကို စိတ်ဝင်စားသူများ လေ့လာနိုင်ရန်စုစည်း ဖေါ်ပြလိုက်ပါသည်။
မေတ္တာဖြင့်
@@@သာသနာနွယ်
ကျမ်းကိုး===
ဆရာတော် အရှင်တိလောကာဘိဝံသ (အင်းစိန်) ရေးသားသော(ဟင်္သာတမြို့၊ မြစ်ကွေ့ ပရိယတ္တိစာသင်တိုက် ကျောင်းသမိုင်းမော်ကွန်းနှင့် ဂုဏပူဇာသဘင် မှတ်တမ်းစာစောင်၊ စာမျက်နှာ ၈၀၊ ၈၁၊ ၂၄၅၊ ၂၄၆၊ ၂၄၇)
https://www.facebook.com/permalink.php?story_fbid=217763251909211&id=100010266134001&substory_index=1

0 comments:
Post a Comment