Saturday, February 13, 2016

မြေမြိုသည်အထိ ဆိုးကျိုးကိုပေးတတ်သော မုသာဝါဒကံ လိမ်လည်ပြောဆိုခြင်းအပြစ်နှင့် အပြစ်ပြဝတ္ထုများ

မြေမြိုသည်အထိ ဆိုးကျိုးကိုပေးတတ်သော
မုသာဝါဒကံ လိမ်လည်ပြောဆိုခြင်းအပြစ်နှင့်
အပြစ်ပြဝတ္ထုများ
*******************************
မုသာဝါဒ ကံအကြောင်းကိုလေ့လာသုံးသပ်ခြင်း
ဒီသိက္ခာပုဒ်က အားလုံးသိတဲ့အတိုင်း ငါးပါးသီလရဲ့ စတုတ္ထမြောက်သိက္ခာပုဒ်ပါ။
မုသာဝါဒဆိုတာက သူတစ်ပါး အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေသော လိမ်ညာမှု လှည့်ပတ်မှုကို မုသာဝါဒလို့ခေါ်တာပါ။ နှုတ်နဲ့မပြောပဲ ကိုယ်အမူရာနဲ့ လိမ်ညာလို့ သူတစ်ပါးအကျိုးစီးပွားလည်းပျက်မည်ဆိုပါက မုသာဝါဒပင်ဖြစ်ပါတယ်။
သူတစ်ပါး အကျိုးစီးပွားကို မထိခိုက်စေပဲ တစ်စုံတစ်ရာကောင်းကျိုးရစေလိုပြီး၊တစ်ဖက်အမှားကိုသိစေလို၍ပရိယာယ် သုံးခြင်းသည်၊ဆိုးကျိုးရစေလို၍ပြောခြင်းမျိုးမဟုတ်သဖြင့် မုသာဝါဒကံမမြောက်ဘူးလို့ပြောရမှာပါ။
(ဥပမာ) မြတ်စွာဘုရားရှင်က ညီတော်နန္ဒမင်းသား အရဟတ္တမဂ်တည်းဟူသော တရားထူးကိုရစေလိုသောကြောင့်၎င်း၊ (တစ်နည်း)ညီတော်နန္ဒမင်းသားရဲ့ စရိုက်ကို သုံးသပ်တော်မူပြီး ထိုစရိုက်နဲ့ကိုက်ညီမယ့် ကမ္မဋ္ဌာန်းကိုပေးခြင်း
(တစ်နည်း) ဇနပဒကလျာနီတည်းဟူသော အချောအလှနှမတော်ကိုစွဲလန်းနေခြင်းကြောင့်
သာသနာတော်ကနေ လူထွက်ဖို့ကြိုးစားနေတဲ့ နန္ဒမင်းသားကို တရားထူးရစေလိုသောကြောင့် ပရိယာယ်သုံးပြီး တရားကျင့်ခိုင်းဖူးပါတယ်။
ဒါကိုထောက်ဆကြည့်ရင်သူတစ်ပါးကောင်းကျိုးဖြစ်စေမယ့် ပရိယာယ်မျိုးကျတော့ မုသာဝါဒကံ မမြောက်ဘူးဆိုတာကိုသိစေချင်တာပါ။
ဒါပေမယ့် ၊ရယ်မြူးလို၍မုသားပြောဆိုပြုမူခြင်းများမှာ မုသာဝါဒကံ မြောက်တယ်။ ဒါပေမယ့် အပြစ်သေးတယ်။ မုသာဝါဒကံကိုလွန်ကျူးမိရင်တော့
(၁) မကြည်ညိုဖွယ်ရာ ရုပ်ဆင်းရှိခြင်း၊
(၂) သွား မညီမညွတ် ရှိခြင်း၊
(၃) နား မချမ်းသာသော အသံ ရှိခြင်း၊
(၄) ၀လွန်းဆူလွန်းခြင်း၊
(၅) ပိန်လွန်း သေးလွန်းခြင်း၊
(၆) နိမ့် ပုလွန်းခြင်း
(၇) မြင့် ရှည်လွန်းခြင်း၊
(၈) ကြမ်းတမ်းသော အသားအရေ ရှိခြင်း
(၉) ခံတွင်းပါးစပ်ပုပ်ညှီခြင်း၊
(၁၀) ဆွံ့အ တုန်လှုပ်ခြင်း၊
(၁၁) သူတပါးတို့မယုံကြည်ခြင်း
(၁၂) တိုသော လျှာ စကားမပြီ ရှိခြင်း၊
(၁၃) လျှပ်ပေါ်တတ်ခြင်း၊
(၁၄) မိုက်မဲ တွေဝေခြင်း
(၁၅) ဉာဏ် ပညာ နည်းပါးခြင်း၊
(၁၆) ကြောက်ရွံ့တတ်ခြင်း။(ခုဒ္ဒပါဌ အဋ္ဌကထာ)
ထို ဆိုးကျိုးများအပြင် သေလွန်သည့်အခါ အပါယ်လေးပါးသို့ ရောက်ရခြင်းဆိုတဲ့ ဆိုးကျိုးများစွာကိုရစေပါတယ်။
မုသာဝါဒသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊ မဟုတ်မမှန်တဲ့
စကားကို လိမ်ညာလှည့်ပတ်ပြောဆိုတတ်တဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း စကားပီပီသသ မပြောတတ်တဲ့သူ ဖြစ်ရပါတယ်။ သွားတွေမညီမညွတ်ရှိတတ်ပါတယ်။ခံတွင်းပါးစပ်
ပုတ်ညှီတတ်ပါတယ်။
ကိုယ်အသားအရေ စိုစိုဖတ်ဖတ်မရှိပဲ
ခြောက်ကပ်ပူရှိန်နေတတ်ပါတယ်။ပုံဟန်သွင်ပြင် မလှပပဲ ဆိုးဝါးဖောက်ပြန်ချို့ယွင်းနေတတ်ပါတယ်။
သူတစ်ပါးအပေါ် သြဇာမရောက် အာဏာမတည်ဖြစ်တတ်ပါတယ်။
နှုတ်ခမ်းထော်၊ လျှာကြမ်းပြီး အပြောအဆို
သရမ်းတတ်ပါတယ်။ စိတ်တည်ငြိမ်မှု လုံးဝမရှိပဲ လျှပ်ပေါ်လော်လီပြီး အထင်ကြီးစရာကောင်းနိုင်တဲ့ လူ တစ်ယောက် ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ယခုခေတ်ထိုထိုသော အင်္ဂါရပ်တွေနဲ့ညီနေတဲ့ပုဂ္ဂိုလ် များဟာ မုသာဝါဒသမားများဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်လက်ထက်တော်အခါက အားလုံးသိတဲ့အတိုင်းပါ။မြတ်စွာဘုရားရှင်ကို မဟုတ်မမှန်လိမ်ညာပြီး
စွပ်စွဲခဲ့တဲ့ စိဉ္စာမာဏဝိကာ ဟာ ပုဆိုးကြမ်းကို ဝမ်းမှာရစ်ပတ်ပြီး ပျဉ်ချပ်ဖုံးအုပ်၍ ကိုယ်ဝန်ပြုလုပ်ကာ မြတ်စွာဘုရားရှင်ကိုပရိတ်သတ်အလည်မှာ မဟုတ်မမှန်လိမ်ညာပြီး စွပ်ခဲ့တာပါ။
ထိုထိုသို့သောလိမ်ညာ လှည့်ပတ် မုသားဆိုခဲ့တဲ့ အကုသိုလ်ကံကြောင့်အဝီစိငရဲကိုကျရောက်ခဲ့တာဟာ မုသာဝါဒ ကံကြောင့်ြ့ဖစ် ပါတယ်။
မုသာဝါဒကံကြောင့် အပါယ်လေးပါးရောက်ရခြင်းစတဲ့ဆိုးကျိုးတွေကိုပေးတဲ့ဝတ္ထုတွေအများကြီး ရှိပါ တယ်။ မုသာဝါဒ မဟုတ်မမှန် မုသားစကား ပြောဆိုမှုကြောင့် မြေမြိုခံရတဲ့ စေတီယမင်းအကြောင်းကိုနဲနဲ ပြောပြချင်ပါတယ်။
ဒါက မြတ်စွာဘုရားတော်မူတဲ့စေတိယဇာတ်မှာလာ
ပါတယ်။ထိုစေတိယမင်းကတန်ခိုးနဲ့ ပြည်စုံ ပါတယ်။ နတ်သားလေးယောက်က သန်လျက်စွဲကိုင်ပြီးအရပ်လေးမျက်နှာမှာစောင့်ရှောက်ခြင်းဆိုတဲ့
အခြံအရံရှိပါတယ်။ကောင်းကင်သို့လိုသလို စိတ်ကြိုက်သွားလာနိုင်တဲ့ တန်ခိုးလည်းရှိပါတယ်။
ခန္ဓာကိုယ်က စန္ဒကူးရနံ့သင်းပျံ့ပါတယ်။ခံတွင်းကလည်းကြာညိုရနံ့သင်းပျံ့တဲ့အထိ တန်ခိုးကြီးတယ်လို့ဆိုရမှာပါ။ ထို စေတိယမင်းမှာ ကပိလ အမည်ရှိတဲ့ပရောဟိတ်ပုဏ္ဏားတစ်ယောက်ရှိပါတယ်။
ထိုပရောဟိတ်ပုဏ္ဏားမှာလည်း
ကောရကလဗ္ဗအမည်ရှိတဲ့ ညီတစ်ယောက်ရှိပါတယ်။ဖြစ်ချင်တော့ စေတိယမင်းက ငယ်စဉ်ပညာသင်ဖက်ဖြစ်တဲ့ ပရောဟိတ်ပုဏ္ဏားကြီး ကပိလရဲ့ညီဖြစ်သူ ကောရလဗ္ဗ ကို ကတိတစ်ခုပေးခဲ့ပါတယ်။
အဲဒါဘာလဲလို့ဆိုတော့ စေတိယမင်းက ငါဘုရင်ဖြစ်တဲ့အခါ မင်းကို ပရောဟိတ်ရာထူးပေးမယ့်ဆိုတဲ့ ကတိကို ကပိလ ပုရောဟိတ် ပုဏ္ဏားကြီးရဲ့ ညီတော် ကောရကရဗ္ဗကိုပေးခဲ့တာပါ။
ဒါနဲ့ စေတိယမင်းဘုရင်ဖြစ်တဲ့အခါရောက်တော့ ကပိလပုရောဟိတ်ပုဏ္ဏားကြီးကိုအသက်
အရွယ်ကြောင့်အရိုသေ ပေးနေရတုန်းပါ။ ပုဏ္ဏားကြီးက အဲဒါကိုမှတ်ပြီး စေတိယမင်းက အရွယ်တူတို့နှင့်တကွချမ်းသာခြင်းကိုဆောင်ခြင်းက ပိုပြီးတင့်တယ်ပါတယ်။ ငါက အိုမင်းနေပြီ။
ဒါကြောင့် ရသေ့ပြုတာကောင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုချမှတ်ပြီး စေတိယမင်းကို မင်းကြီး အကျွန်ုပ်သည်ကား အိုမင်းနေပြီး။ကျွန်ုပ်၏သားဖြစ်သူကို ပုရောဟိတ်အရာပေးလိုက်ပါ။ကျွန်ုပ်ကတော့ ရဟန်းပြုတော့မယ်ဆိုပြီး
မင်းထံခွင့်တောင်းပြီး ရဟန်းပြုပြီး သားကိုပရောဟိတ်အရာမှာထားလိုက်ပါတယ်။
ညီဖြစ်သူ ကောရကလဗ္ဗက
သူကိုပရောဟိတ်အရာမပေးလို့ဆိုပြီး အစ်ကိုဖြစ်သူကို ရန်ငြိုးဖွဲ့ပါတယ်။တစ်နေ့တော့ စေတိယမင်းနဲ့ ကောရကလဗ္ဗတို့တွေဆုံတော့ ကောရကလဗ္ဗ သင်သည်ကား ပုရောဟိတ်အရာကို မပြုလော့ဟုမေးတော့ အရှင်မင်းကြီး ကျွန်ုပ်ကား ပုရောဟိတ်ရာထူးကိုမရပါ။အစ်ကိုဖြစ်သူက သူ့သားအားပေးပြီးရဟန်းပြုနေတာပါလို့ လျှောက်တော့ စေတိယမင်းက ကောရကလဗ္ဗကိုပုရောဟိတ်ရာထူးမှာမင်းနေပါလို့ ပြောပါတယ်။
ကောရကလဗ္ဗကလည်း မင်းကြီး အနွယ်ကနေ ဆင်းသက်လာတဲ့ရာထူးကို ကျွန်ုပ်အစ်ကိုကြီးကိုပယ်ပြီး ကျွန်ုပ် အဘယ်ကဲ့သို့ ပုရောဟိတ်ရာထူးမှာတည်မှာလဲပြန်လည်လျှောက်ထားပါတယ်။
စေတိယမင်းကလည်း ရဟန်းပြု သွားတဲ့အစ်ကိုကြီးကို ညီဖြစ်အောင်၊ညီကို အစ်ကိုဖြစ်အောင် မုသားသုံးပြီး ကောရကလဗ္ဗကိုပုရောဟိတ် ရာထူးရအောင်လုပ်ပေးမည်ဟုကတိပေးလိုက်ပြန်ပါတယ်။
ထိုအချိန်ကာလက လူတွေက မုသားစကားကို ပြောလေ့မရှိသလို မှန်သောစကားကိုသာသုံးစွဲလေ့ရှိတဲ့ခေတ်ပါ။
မုသာဝါဒဆိုတာကိုလည်းမသိသေးတဲ့ ခေတ်ပါ။
အဲလိုမင်းနဲ့ စေတိမင်းတို့တိုင်ပင်တာကိုကြားတဲ့ ပုရောဟိတ်အသစ် ကပိလသားက ဖခင်ပုရောဟိတ်အဟောင်း ရသေ့ကြီးထံကိုသွားပြီး “ဖခင်”မင်းကြီးကတော့ မုသားသုံးပြီး အကြီးကို အငယ်၊အငယ်ကိုအကြီးပြုပြီးပုရောဟိတ် ရာထူးကိုလွှဲတော့မယ်ဆိုတဲ့အကြောင်းကိုဖခင်
ရသေ့ကြီးထံသွားရောက်ပြောကြားပါတယ်။
မုသားပြောမယ့်နေ့ကိုရောက်တော့
လူတွေကလည်းဝိုင်းအုံးကြည့်နေခိုက်၊ရသေ့ကြီး
ကရောက်လာပြီး
မင်းကြီး အသင်မင်းကြီးက အငယ်ကိုအကြီး ပြုပြီးပုရောဟိတ်ရာထူးကိုပေးမည်ဆိုတာမှန်ပါသလားလို့မေးတော့
မင်းကြီးက ဆရာ..မှန်ပါတယ်။မင်းကြီး မုသားစကားကအင်မတန်အပြစ်ကြီးလေး၏။
ဂုဏ်ကျေးဇူးကိုဖျတ်ဆီးတတ်၏။အပါယ်လေးပါး
တို့၌ဖြစ်တတ်၏။မင်းသည်ကားမုသားကိုဆိုခြင်း
သည်တရားကိုသတ်တာဖြစ်ပါတယ်လို့ဆုံးမ
တာကိုမနာခံပဲ၊
ရသေ့သင်ကား ညီဖြစ်ပါတယ်။ကောရကလဗ္ဗကား အစ်ကိုဖြစ်ပါတယ်ဟုပထမအကြိမ်လူပရိတ်သတ်ရှေ့မှာ မုသားဆိုလိုက်တာ အစောင့်အရှောက်နတ်သားလေးပါးကွယ်ပျောက်ခြင်း ၊
ခန္ဓာကိုယ်မှ မကောင်းသောအနံ့၊ခံတွင်းမှ ကြက်ဥပုပ် နံ့ထွက်ခြင်း၊
ဈာန်တရားတို့ကွယ်ပျောက်၍ ကောင်းကင်မှလျှောကျပြီး မြေ၌တည်ခြင်းဆိုတဲ့ဆိုးကျိုး၊
ဒုတိယအကြိမ် မုသားသုံးမှုကြောင့် ဖမျက်တိုင်အောင် မြေသို့ဝင်ခြင်း၊
တတိယအကြိမ် မုသားကြောင့် ပုဆစ်တိုင်အောင်မြေသို့ ဝင်ခြင်း၊
စတုတ္ထအကြိမ် ရသေ့ကြီးသင်ကားညီ၊ကောရကလဗ္ဗကအစ်ကိုဖြစ်တယ်ဟု မုသားဆိုခြင်းကြောင့်ခါးတိုင် အောင်မြေသို့ဝင်ခြင်း၊
ထိုသို့ခုနစ်ကြိမ်တိုင်အောင် မုသားဆိုခြင်းကြောင့် အဝီစိမှမီးလျှံများတက်လာပြီး စေတိယ မင်းကို ဝါးမြိုသွားတာဖြစ်ပါတယ်။
ဒါကြောင့်မုသား မပါ လင်္ကာမချောဆိုတဲ့ အသုံးအနှုန်းအမှားကြီးကို ပယ်ဖျောက် ပြီး မုသားစကားကို ပျက်ရယ်မျှပင် မပြုစေဖို့တိုက်တွန်းလိုတာပါ။
မြတ်စွာဘုရားရှင် ရာဟုလာကို ဆုံးမတာရှိပါတယ်။
ချစ်သားရာဟုလာ မုသားစကားကို ရယ်မောဖွယ်ဖြစ်အောင်ပင်မပြောပါနဲ့တဲ့၊
ဘာလို့လဲဆိုတော့
မုသာဝါဒကိုကျူးလွန်းသူတစ်ယောက်က ကျန်သော အကုသိုလ်များကို မပြုလုပ်ဝံ့တဲ့အကုသိုလ်ဆိုတာမရှိခြင်း ကြောင့်ဖြစ်ပါတယ်။
မှန်ပါတယ်။မုသားစကားကို ပြောရဲတဲ့သူက မလုပ်ရဲတဲ့အကုသိုလ်ဆိုတာ အမှန်ပင်မရှိတာပါ။ အားလုံးသော အကုသိုလ်များကို မုသားပြောရဲသူက လုပ်ဆောင်ရဲတာပါ။
ဒါကြောင့် အားလုံးသောသူများ ကိုလည်း အင်မတန်ကြောက်စရာကောင်းတဲ့မုသာဝါဒကံကို အသက်ထက်ဆုံး ရှောင်ကြဉ်စေလိုတာကြောင့် မုသာဝါဒကံအကြောင်းကိုတင်ပြလိုက်တာပါ။
မုသာဝါဒကံကိုလုံခြုံရင် အထက်ကဆိုးကျိုးတို့ရဲ့ပြောင်းပြန် ကောင်းကျိုးတွေကိုရရှိခံစားရမှာဖြစ်ပါတယ်။
အားလုံးလိုက်နာနိုင်ပါစေလို့လည်း ဆုတောင်းလိုက်ပါတယ်။
မုသာဝါဒ သိက္ခာပုဒ်
~~~~~~~~~~~~~~~
ငွေလာချေးသည်ကို မချေးချင်၍ မရှိဟုလိမ်ခြင်း၊ သူငယ်ချင်းတစ်ယောက်ကို ဆရာကမခေါ်ဘဲ ခေါ်သည်ဟုလိမ်ခြင်းတို့၌ မုသာဝါဒကံပျက်မပျက် မေးလာခဲ့လျှင် ပျက်သည်ဟုဖြေရမည်။
(၁) မဟုတ်မမှန်ပြောသောအကြောင်းအရာဖြစ်ခြင်း
(၂) မဟုတ်မမှန်ပြောလိုစိတ်ရှိခြင်း
(၃) ပြောလည်းပြောခြင်း
(၄) လိမ်လည်သည့်အတိုင်း သူတစ်ပါးက ယုံကြည်သွားခြင်း၊
သည်အင်္ဂါလေးချက်နှင့်ညီသောကြောင့်ဖြစ်သည်။
တစ်ချို့က သူတစ်ပါး အကျိုးစီးပွားပျက်မှ မုသာဝါဒကံပျက်သည်ဟု ယူဆမိကြသည်။ မဟုတ်ပေ။ သူတစ်ပါးအကျိုးစီးပွား ပျက်စီးသည်ဖြစ်စေ၊ မပျက်စီးသည်ဖြစ်စေ၊ လိမ်ပြောသည်နှင့် မုသာဝါဒကံ ပျက်၏။
“ချစ်သား ရာဟုလာ၊ မုသားကို ရယ်စရာအဖြစ်ပင် မပြောအပ်၊ အဘယ့်ကြောင့်နည်း၊ မုသားပြောသောသူ မလုပ်ရဲသည့် အကုသိုလ် မရှိသောကြောင့်ပင်ဖြစ်၏။” ဤသို့ ဟောကြားခဲ့သည်။
ဗုဒ္ဓကိုယ်တော်တိုင် ဘဝပေါင်းများစွာ ကျင်လည်စဉ်အခါကတည်းက တစ်ခြားသီလများကို ဖောက်ဖျက်မိသော်လည်း မုသာဝါဒကံကို တစ်ရံတစ်ခါမျှ ဖောက်ဖျက်ခဲ့ခြင်းမရှိကြောင်း အမရပူရမြို့၊ မဟာရန္ဓရုံ ဆရာတော်ဘုရားကြီး ရေးသားသည်ကို မှတ်သားကြည်ညိုခဲ့ရဖူးသည်။
မုသားပြောသူများ ခံစားရမည့် ဆိုးကျိုးများမှာ -
မုသားစကား ပြောဆိုငြားမူ၊
- စကားမပီ၊ သွားမညီတည်း၊
- ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊
- ဣနြေ္ဒနောက်၊ ပုံယွင်းဖောက်၏။
- မရောက်သြဇာ၊ နှုတ်လျှာကြမ်းထော်၊
- လျှပ်ပေါ်လော်လီ၊ စိတ်မတည်သည်၊
ရှောင်ကြဉ် အပြန်အကျိုးတည်း။
ဟူသော လင်္ကာအတိုင်း မုသားပြောသူများသည် ဘဝတိုင်း စကားမပီမသ ဖြစ်တတ်သည်။ သွားများ မညီမညွတ် ပေါက်တတ်သည်။ ပါးစပ်က အပုပ်နံ့ထွက်တတ်သည်။ ခန္ဓာကိုယ် ခြောက်ခန်းတတ်သည်။ ဣနြေ္ဒဖောက်ပြန်တတ်သည်။ သြဇာအာဏာ ကင်းတတ်သည်။ နှုတ်လျှာကြမ်းတတ်သည်။ စိတ်ကစဥ့်ကလျား ဖြစ်တတ်သည်။
မုသားမှ ရှောင်ကြဉ်ခဲ့လျှင် စကားပီခြင်း၊ သွားညီခြင်း၊ သြဇာအာဏာရှိခြင်း စသော ဆန့်ကျင်ဘက်ကောင်းကျိုးများကို ပြန်ရမည်။ မုသားကို အသေးစား အကုသိုလ်လေးပါ၊ ဥပဒေနှင့် အရေးယူလို့ရတာမဟုတ်ပါဘူး ဆိုပြီး အထင်မသေးအပ်။
"ကောင်းဂုဏ်အားလုံး၏ ခေါင်ချုပ်"
•••••••••••••••••••••••••••••••••••••
ကြက်၏ ဝမ်းတွင်းကလီစာ၌ပါသော သည်းခြေသည်။ အသေးလေးသာဖြစ်၏။ သို့သော် ကြက်သားချက်သောအခါ သည်းခြေပါမလာအောင် အထူးဂရုစိုက်ရ၏။ သူပါသွားသည်နှင့် ကြက်သားဟင်းတစ်အိုးလုံး စား၍မရအောင် ခါးသွားသည်။
ထို့အတူ လူတစ်ယောက်တွင် တစ်ခြားကောင်းကွက်များ မည်မျှရှိစေကာမူ မုသားပြောတတ်သည်ဆိုသည်နှင့် ဘယ်နေရာမှ မသုံးကြတော့ပေ။ မုသားနှင့်ပတ်သက်၍ အတွေးအခေါ်ပါသော ကာတွန်းလေးတစ်ပုဒ်ကို ဖတ်ဖူးသည်။ သားမက်လောင်းနှင့် ယောက္ခမလောင်းတို့ အကြိုတွေ့ဆုံပွဲတွင် သားမက်လောင်းက သူ၏ ကောင်းကွက်တွေကို ပြောပြ၏။
သူ အရက်မသောက်ကြောင်း၊ ဖဲမရိုက်ကြောင်း၊ အပျော်အပါး မလိုက်စားကြောင်းများကို ဝေဝေဆာဆာပြောပြီးသည့်နောက် ကျွန်တော့်မှာလိမ်တတ်တဲ့အကျင့်တစ်ခုတော့ ရှိပါတယ်ဟု ပြောလိုက်ရာ ယောက္ခမလောင်းက တစ်ခါတည်း အထင်သေးသွားပုံလေးဖြစ်၏။ လိမ်တတ်သည်ဆိုသည်နှင့် ရှေ့က သူကောင်းကြောင်း ပြောထားသည့်စကားအားလုံးမှာ အလကားဖြစ်သွားသည် မဟုတ်ပါလော။
မုသားအကုသိုလ်သည် အသေးလေးဟု ထင်ရသော်လည်း မိမိ၌ရှိသမျှ ကောင်းဂုဏ်အားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိကြောင်း သတိပြုအပ်ပါ၏။ မုသားစကားကိုရှောင်သူသည် သစ္စာစကားကို ဆောင်ရမည်ဖြစ်၏။ လောက၌ ဓမ္မက အဓမ္မကို လွှမ်းမိုးနိုင်ဖို့ သူတစ်ပါး နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ မှန်ကန်ပြီး အကျိုးရှိသောစကားကို ရဲဝံ့စွာ ပြောသင့်၏။
မိမိ၏တပည့်သားမြေးများကိုလည်း မုသားမပြောတတ်ကြစေရန် ငယ်ရွယ်စဉ်ကတည်းက ပြတ်သားစွာ ဆုံးမထားသင့်သည်။ ငယ်ရွယ်စဉ်ကရလာသည့် ကောင်းသောအကျင့်သည် တစ်သက်လုံး စွဲမြဲတတ်ပေသည်။
မုသားစကားကို ရှောင်ကြဉ်သောသူသည် ဝစီဒုစရိုက်ချင်းတူသော
ပိသုဏဝါစာ = ဂုံးတိုက်စကားပြောခြင်း။
ဖရုသဝါစာ = ရုန့်ရင်း ကြမ်းတမ်းသောစကားကို ပြောခြင်း။
သမ္ဖပ္ပလာပဝါစာ = အကျိုးမရှိသောစကားတို့ကိုပြောခြင်းမှပါ ရှောင်ကြဉ်ရမည်။
ဝစီဒုစရိုက်လေးပါးတွင် သမ္ဖပ္ပလာပ အကုသိုလ်ကို အများဆုံး ကျူးလွန်မိတတ်ကြ၏။ စကားများများပြောမိပြီဆိုလျှင် သတိထားကြည့်ရ၏။ ငါပြောသောစကားသည် မှန်ကန်အကျိုးရှိသောစကား မဟုတ်ဟုသိလျှင် ချက်ချင်းရပ်ပစ်သင့်၏။
ဤကဲ့သို့ ကျင့်ပါများလာလျှင် ဝစီဒုစရိုက်လေးပါး တဖြည်းဖြည်းနှင့် ကင်းစင်သွားပေလိမ့်မည်။ ဝစီဒုစရိုက် ကင်းစင်သည်နှင့် ထိုသူသည် တစ်ခြားနည်းဖြင့် ဘယ်လိုမှ ဖြေရှင်းမရသော အခက်အခဲ အကျပ်အတည်းများကို သစ္စာပြု၍ ဖြေရှင်းနိုင်သည်။
မကွေ့မကောက်၊ ရိုးဖြောင့်တိုင်းသာ၊ ပြောဆိုပါ…
မုသာဝါဒ- မဟုတ်မမှန် ပြောဆိုခြင်း၊ လိမ်လည်လှည့်ပတ်ခြင်းဟု အနက်ရှိ၏။
မဟုတ်မမှန်သောစကားဟူရာ၌ နှုတ်ဖြင့်ပြော၍လည်းကောင်း၊ စာဖြင့်ရေး၍လည်း ကောင်း၊ ကိုယ်လက်စသည်ကို လှုပ်ပြ၍လည်းကောင်း လိမ်သမျှညာဖြန်းသမျှ အားလုံး ပါဝင်၏။
သူတစ်ပါးတို့အကျိုးစီးပွားပျက်သွားအောင် လိမ်ညာလှည့်ဖြားသော မုသားမျိုး သည် အပါယ်ရောက်ကြောင်းဖြစ်ပြီး ကိုယ်အကျိုးစီးပွား ပျက်မှာစိုး၍၊ ပြက်ရယ်ပြုလို၍ လိမ်ညာခြင်းကား အပြစ်နည်း၏။
သို့သော်လည်း မည်သည့်လိမ်ညာခြင်းပင်ဖြစ်စေ လိမ် ညာတတ်သော အကျင့်မဖြစ်အောင် သတိထားပြီး ရှောင်ကြဉ်သင့်ပေသည်။ "မုသားမပါ လင်္ကာမချော" ဟု ပြောလေ့ရှိကြသည်။
ယင်းစကားဖြင့် အချို့က ကဗျာလင်္ကာ
စီကုံး ရေးသားရာ၌ပင် မုသားမပါက ပြေပြစ်မှုမရှိဟု ယူဆကြသည်။ ထိုစကားသည် မှားယွင်း သောစကားသာဖြစ်ပေ၏။
ပညာရှိသူတော်ကောင်းကြီးများသည် စကားပြောရာ၌ လည်းကောင်း၊ ကဗျာလင်္ကာများ သီကုံးရေးသားရာ၌လည်းကောင်း မုသားကိုပြောဆို ရေးသားမှုမရှိကြပါ။
မုသားစကား ပြောဆိုရာ၌ အကျိုးစီးပွား ပျက်စီးဆုံးရှုံးအောင် ပြောဆိုလျှင် မုသာ ၀ါဒကံထိုက်၏။ အကျိုးစီးပွား အနည်းငယ်ပျက်စီးလျှင် အပြစ်နည်း၏။
မည်သည့် အကြောင်းအရာကိုမဆို "မမြင်ပဲ မြင်၏၊ မကြားပဲကြား၏၊ မတွေ့ပဲ တွေ့၏၊ မသိပဲ သိ၏၊ မြင်လျက် မမြင်၊ ကြားလျက် မကြား၊ တွေ့လျက် မတွေ့၊ သိလျက် မသိ" ဟု ပြောဆို သော လူယုတ်မာတို့၏ စကား(အနရိယဝေါဟာရ) ရှစ်မျိုးတို့တွင် တစ်မျိုး မျိုးကိုပြော လျှင် အပြစ်ကြီး၏။ မဟုတ်မမှန်ပြော၍ သံဃာကို အသင်းခွဲသော (ရဟန်းအချင်းချင်း စိတ်ဝမ်းကွဲစေသော) မုသာဝါဒသည် ပို၍အပြစ်ကြီးလေး၏။
ရှေးဘုရားအလောင်း သူတော်ကောင်းကြီးများသည် သတ်မှု၊ ခိုးမှု၊ ကာမကျူး လွန်မှု၊ အရက်သေစာ သောက်စားမှုတို့ကို ပြုလုပ်မိခဲ့ကြသော်လည်း သူတစ်ပါးအကျိုး စီးပွား ပျက်စီးချွတ်ယွင်းစေလိုသော စိတ်ဖြင့် မုသားကို လုံးဝမပြောမဆိုခဲ့ကြပေ။
သို့ သော် သူတစ်ပါးအကျိုးစီးပွား မထိခိုက်မပျက်စီးသော မုသားမျိုးကိုမူ ပြောဆိုခဲ့ ကြဖူးပါ သည်။
ဥပမာ- ဒုကနိပါတ် သံသုမာရဇာတ်၌ သံသုမာရ မိကျောင်းက ဘုရားအလောင်း ၀ါနရိန္ဒမျောက်မင်း၏ အူအသည်းကို တောင်းသောအခါ အလောင်းတော်က "ငါတို့ မျောက်မျိုး၏ အူအသည်းကား ကိုယ်ထဲ၌ မရှိ" ဟုပြော၍ နီရဲသော ရေသဖန်းသီးကို လက်ညှိုးညွှန်ပြခဲ့ဖူး၏။
ပရိယာယ်ဖြင့်ပြောသောကြောင့် မုသာဝါ ဒကံမထိုက်။ ဧကနိ ပါတ် ပဉ္စာဝုဓဇာတ်၌လည်း အလောင်းတော်ပဉ္စာဝုဓမင်းသားက သိလေသလောမ ဘီလူးအား "ငါ့ဝမ်းထဲ၌ ၀ရဇိန်လက်နက်ရှိ၏၊ ငါ့ကို နင်စားသော် ကိုယ်လက်မကျေပဲ အူအသည်း အပိုင်းပိုင်းပြတ်၍သေမည်"ဟုပြောခဲ့ဖူး၏။
ဤကဲ့သို့ ဘုရားအလောင်း ပြောဆိုခဲ့သော မုသားများမှာ မုသာဝါဒကံမထိုက်ပေ။ အဘယ့်ကြောင့်ဆိုသော် ပညာ တည်းဟူသော ၀ရဇိန်လက်နက်ကို ရည်ရွယ်ရင်းရှိသောကြောင့်ဖြစ်၏။
မုသာဝါဒအရာ၌ အကျိုးစီးပွားပျက်စီးမှ မုသာဝါဒကမ္မပထ မြောက် ၏။ အကျိုး စီးပွား မပျက်စီးလျှင် မုသာဝါဒကံမျှသာဖြစ်သည်။ မုသား စကား ပြောဆိုသော အင်္ဂါ(၄)ပါးရှိ၏။
၎င်းတို့မှာ-
(၁) မဟုတ်မမှန်သော အကြောင်းဖြစ်ခြင်း၊
(၂) လိမ်ညာလှည့်စားလိုစိတ်ရှိခြင်း၊
(၃) လုံ့လပြုခြင်း၊
(၄) မိမိလှည့်စားသည့် အဓိပ္ပာယ်ကို သူတစ်ပါးနားလည်ခြင်း တို့ဖြစ်ကြပါ
သည်။
မုသားပြောဆိုသူသည် ဘယ်ကိစ္စ၌မျှ မယုံ ကြည်ရသောကြောင့် အကြီးအကဲမဖြစ်နိုင်ပေ။ ဤပြဆိုခဲ့သော အပြစ်တို့ကား ၀ဋ်လိုက် သောအားဖြင့် ရောက်လေရာဘ၀၌ ရတတ်သောအပြစ်များသာရှိသေး၏။
ထို့ကြောင့် မုသားပေါသောခေတ်၌ မုသားပြောသူတိုင်း မြေမျိုရလျှင် မြေကြီးပင် အားလပ်ခွင့်ရတော့မည် မဟုတ်ချေ။ ထို့ပြင် ကမ္ဘာဦး၌ မုသားလောက်အပြစ်ကြီးသော အပြစ်များလည်း မရှိသေးပေ။
ယခု ခေတ်၌ကား မုသားလောက်အပြစ်ကို အပြစ်ဟု ဆိုဖွယ်မရှိလောက်အောင် ထို့ထက်ဆိုးရွားသော အပြစ်ကြီးတွေက လွှမ်းမိုးနေ သော ကာလ ဖြစ်ပေသည်။
သို့ရာတွင် ခေတ်အလျောက် မုသားအပြစ်က မျက်မှောက်ဘ၀၌ အကျိုးမထင်ရှားစေကာမူ သံသရာ၌ ၀ဋ်လိုက်သောအပြစ်မှာ စေတီယမင်း၏ အဖြစ်မျိုး ထက် သက်သာလှမည် မဟုတ်သည့်အပြင် တကယ့်သူတော်စင် ပါရမီရှင်မှန်လျှင် သစ္စာပါရမီကို လိုလိုချင်ချင် ဖြည့်ရမည်ဖြစ်သောကြောင့် မုသားမှန်သမျှကို အသေးအဖွဲ ကစ၍ ရှောင်ကြဉ်ကာ သစ္စာပါရမီကိုသာ နှစ်နှစ်သက်သက်ဖြည့်ကျင့်ကြပါလျှင် မိမိ၌ တည်သောသစ္စာကြောင့် အလိုလိုအရှိန်အ၀ါတက်လာလိမ့်မည် ဖြစ်ပါသည်။
"မုသားမပါ၊ လင်္ကာမချောဟု၊ ဆိုးရိုးလိုက်ကာ၊ မမိုက်ပါပ၊ဲ သစ္စာစကား၊ ပြောဆိုသွားကာ၊ ငြိမ်းရာဒုက္ခ၊ လှမ်းကုန်ကြဟု၊ နှိုးဆော်သမှု၊ ဆောင်းပါးပြုသည်၊ များထွေသာဓု၊ ခေါ်စေသတည်း။"
ကိုးကားမှီငြမ်း
------------------
အားလုံးကျန်းမာချမ်းသာကြပါစေ။မုသာဝါဒကံအပါအဝင် ငါးပါးသီလကို အသက်ထက်ဆုံး
တည်အောင် စောင့်ထိန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
--အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)
ဆောင်းနှင်းဖြူ blog
-- မေတ္တာရှင်(ရွှေပြည်သာ)၏
‘သီလအစွမ်း အံ့မခန်းမှ
-- blog reader
မှတဆင့်ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်ခင်ဗျာ
(ဗဟုသုတတိုးပွားပြီးအကုသိုလ်များရှောင်နိုင်ကြ
ပါစေခင်ဗျာ)
https://www.facebook.com/mudonwaingaung/posts/1646372762303940:8

0 comments:

Post a Comment