နိဗ္ဗာန် မြင်ပုံ အတူတူ
ရဟန္တာ ဖြစ်မှ နိဗ္ဗာန် မြင်မယ် … မထင်နဲ့နော်။
သောတာပန် မြင်တယ် ၊ ဘုရား မြင်တယ် … အတူတူ။
ဒါကြောင့် မကြားစဖူး ကြားဖူး ထပ်မံ ။
ရှေးထက်ကျော်ကာရီက လယ်တီ ဆရာတော်ဘုရားကြီး ဘယ်လို ဥပမာ ပေးသလဲ။
တန်ခူး ကဆုန် နွေအခါကျတော့ ချောင်းနား မြစ်နားမှာ ရှိတဲ့ ရွာတွေ
အိုက်တဲ့ အခါ ပူတဲ့ အခါမှာ ည ဆင်းပြီးတော့ ရေချိုးကြတာပေါ့၊
သောတာပတ္တိ မဂ်ပုဂ္ဂိုလ် ဖိုလ်ပုဂ္ဂိုလ် ရေချိုးတဲ့အခါ …
ပခုံးစွန်း အောက်ကို အကုန် ရေတွေ မြှုပ်တယ်နော်။
လည်ပင်းနဲ့ ဦးခေါင်း မျက်နှာ ပေါ်တာပေါ့။
ကောင်းကင် မော့ကြည့်တဲ့ အခါ ကြယ်တာရာ နက္ခတ်တွေ မမြင်ရဘူးလား။
မြင်ရတယ်နော်။
သကဒါဂါမ် ပုဂ္ဂိုလ် ရေချိုးတဲ့အခါ…
ခါးအောက်ကို ရေတွေ အကုန် မြှုပ်တယ်နော်။
ကောင်းကင် မော့ကြည့်တဲ့ အခါ ကြယ်တာရာ နက္ခတ် မမြင်ရဘူးလား။
မြင်ရတယ်။
အနာဂါမ် ပုဂ္ဂိုလ် ရေချိုးတဲ့အခါ…
ခြေမျက်စိ အောက်ကို ရေတွေ မြှုပ်တယ်နော်။
ကောင်းကင် မော့ကြည့်တော့… ကြယ်တာရာ နက္ခတ် မမြင်ရဘူးလား။
မြင်ရတယ်။
ဘုရား ရဟန္တာကျတော့ ခြေဖဝါးအောက်မှာ ရေတစ်စက်မှ မရှိတော့ဘူးနော်။
အကုန်လွတ်မနေဘူးလား။
ကောင်းကင် မော့ကြည့်တော့… ကြယ်တာရာ နက္ခတ် မမြင်ရလား။
ကြယ်တာရာ နက္ခတ် မြင်တာ… ဘယ်သူက သာသလဲ။
အတူတူနော်။
ကိလေသာ ကုန်တာနဲ့ ကျန်တာကျ တူရဲ့လား။
ကိလေသာ ထူတာနဲ့ ပါးတာ ကျတော့ တူရဲ့လား။
အဲနေရာကျတော့ မခြားနားဘူးလား။
အဲလို လယ်တီဆရာတော်ဘုရားကြီး ဥပမာပေးပြီးတော့ ဟောတယ်ကွဲ့။
တနည်း အားဖြင့် … ငါးပိအိုးကြီး ပေါ့နော်။
ပိဿာ တစ်ရာ ဆံ့တဲ့ ငါးပိအိုးကြီး စဥ့်အိုးကြီး။
ငါးပိတွေ ကုန်သွားတဲ့အခါကျတော့ မဆေးဘူးလား။
ဆေးတဲ့အခါ အကုန်လုံး ပြောင်အောင် ဆေး။
ငါးပိတွေ ရှိသေးရဲ့လား။
တစ်စက်မှ မရှိတော့ဘူးနော်။
နမ်းကြည့် ငါးပိနံ့ ပျောက်ကဲ့လား။
ငါးပိက မရှိတော့ဘူးနော်။
အနံ့ မပျောက်ဘူး။
ဒုတိယ တခါ ဆေးကြည့်တော့ အနံ့တော့ ပါးသွားတယ်နော်။
နည်းနည်း မနံလား။
တတိယ ဆေးကြည့်တော့ ကုန်သလောက် နေတယ်နော်။
အင်မတန် ရှူနိုင် ရှိုက်နိုင်မှ ငွေ့ငွေ့လေး ကျန်သေးတာ။
လေးကြိမ်မြောက်ကျတော့ လုံးဝ မရှိတော့ဘူးနော်။
အခုလည်း သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ … ဤကဲ့သို့ ပေါ့နော်။
ရဟန္တာကျတော့ လုံးဝ မရှိတော့ဘူးပေါ့။
နိဗ္ဗာန်လည်း မြင်တယ်။ ကိလေသာလည်း ကုန်တယ်နော်။
အနာဂါမ်က ပါးပါး ငွေ့ငွေ့ ကျန်သေးတယ်နော်။
နိဗ္ဗာန် မြင်တယ်။ ငွေ့ငွေ့ ကျန်သေးတယ်။
သကဒါဂါမ်က နည်းနည်း ထူတယ်နော်။
သောတာပန်က ပိုထူတာပေါ့။
နိဗ္ဗာန် မြင်ပုံတော့ မတူဘူးလား။
အေး… ကိလေသာ ပါးတာနဲ့ ထူတာကျတော့ မခြားနားဘူးလား။
ကိလေသာ ကုန်တာနဲ့ မကုန်တာကျ မခြားနားဘူးလား။
ကိလေသာ ကုန်တာနဲ့ ကျန်တာကျ ခြားနားတယ်နော်။
အဲလို လေ့လာဖို့ မကောင်းလား။ နိဗ္ဗာန် မြင်ဖို့ အဓိက။
အဲဒါ လိုရင်း အချက်တွေကွဲ့နော်။
ကျေးဇူးတော်ရှင် မုံလယ် ဆရာတော်ဘုရားကြီး ။
အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။
၂၆-၁၂-၂၀၀၇ ၊ သုံးခွ ၊ ည-၇နာရီ တွင် ဟောကြားတော်မူသော
တရားတော်မှ ထုတ်နှုတ် စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ။

ပြန်လည်ကူးယူဖော်ပြပါသည်။
0 comments:
Post a Comment