Saturday, December 17, 2016

ဗိုလ်ငါးပါးနှင့်တဏှာတို့၏စရိုက်

ဗိုလ်ငါးပါးနှင့်တဏှာတို့၏စရိုက်
အမြဲတစေ တရားအားထုတ်နေသူတို့တွင် ဖြစ်လေ့ဖြစ်ထရှိသည့် သဘောတစ်ခုရှိပါသည်။
၎င်းမှာ တရားအားထုတ်သည့်အပေါ်၌ ငြီးငွေ့သွားခြင်း၊ တရားရှု့မှတ်မှုကိုဆက်လက်၍ မလုပ်လိုတော့ခြင်းပင်။ ဤသည်မှာ အစဉ်တစိုက်အာရုံစိုက်လွန်းသဖြင့် အာရုံညောင်းသွားဟန်တူပါသည်။
စိတ်၏သဘာဝမှာ အပြောင်းအလဲကိုမှ ကြိုက်တတ်သည့်သဘောရှိပါသည်။
ပုံမှန်အားဖြင့်စိတ်သည် အာရုံတစ်ခုပေါ်၌ ကြာကြာနေလေ့မရှိပါ။
ဟိုပြောင်း သည်လွင့် ဟိုလွင့် သည်ပြောင်းတတ်သည်မှာ စိတ်၏ဗီဇရုပ်ပင်ဖြစ်သည်။
ထိုသို့ဗီဇရုပ်ရှိသူကို ရှုမှတ်စရာအာရုံတစ်ခုပေါ်၌ နေခိုင်းသောအခါ ပထမပိုင်း သတိခပ်တင်းတင်းထားချိန်၌ သူ့ခမျာအာရုံပေါ်၌ မနေချင့်နေချင်နေရပါတော့သည်။
သို့သော် သူကအမြဲတဝေ အကွက်ချောင်းနေသူတည်း။
သူ့ကိုထိန်းချုပ်ထားသော သတိ၏ ဟာကွက်၊ အလစ်အငိုက်ကို အမြဲစောင့်စားနေသူတည်း။
သတိကလည်း ၀ီရိယ၏ အကူအညီဖြင့် စိတ်ကိုရှုမှတ်ခိုင်းထားသောအာရုံပေါ်၌ အမြဲနေစေသည်။
သတိနှင့်ဝီရိယတို့လည်ပင်းဖက် လက်ချင်းယှက်ထားလေလျှင်စိတ်သည် လွင့်ထွက်ဖို့အခွင့်အရေးမရတော့ ၀ီရိယက တွန်းတင်ပေး၊ သတိက ထိန်းချုပ်ပေး။
ထိုအခါစိတ်သည် လွင့်ထွက်ဖို့အခွင့်အရေးမရတော့ သည့်အတူတူ ရှုမှတ်စရာအာရုံပေါ်နေရင်း ရှုမှတ်နေရတော့သည်။
သတိ၊၀ီရိယတို့စွမ်းအားဖြင့် ရှုမှတ်ရဖန်များသောအခါ သတိ၊ ၀ီရိယတို့၏ မိတ်ဆွေဖြစ်သော သမာဓိသည် ဘာသိဘာသာနေ၍ မရတော့။
သတိ၊ ၀ီရိယတို့ကို ကူညီဆောင်ရွက်ပေးဖို့ ရောက်လာရပြန်သည်။
သမာဓိရောက်လာသည်နှင့် ရှုမှတ်မှုသည် ပိုမိုစူးစိုက်လာသည်။ သွားပြီ။
စိတ်သည် ဘယ်လိုမှအခွင့်အလမ်းမသာတော့။ သို့သော်လည်း သူသည် မျှော်လင့်နေဆဲ။
သတိ၊ ၀ီရိယ၊ သမာဓိတို့ ဘယ်အချိန်မှာ အစည်းပြယ်ကြလေမည်နည်း။
ဘယ်အချိန်မှာ တစ်ဦးနှင့်တစ်ဦး မခေါ်နိုင်ပြောနိုင် ဖြစ်ကြမည်နည်း။
အမိန့်မနာခံချင်သောစိတ်တွင် အားကိုးစရာ၊ မျှော်လင့်စရာ၊ အဖော်ကောင်းကြီး တစ်ဦးရှိနေပါသည်။
သူကားအခြားမဟုတ်။ ကာယကံရှင်ဖြစ်သူကိုယ်တိုင်ဘ၀သံသရာတစ်လျှောက်လုံး တယုတယကိုင်တွယ်ထိန်းသိမ်းအသုံးပြုလာခဲ့သော ´တဏှာ´။
စွဲလမ်းမှု`တဏှာ´ကြီးက အဝေးမှစောင့်ကြည့်နေသည်။ သူကအားကောင်းသည် အရှိန်ပြင်းထန်သည်။ သတိ၊ ၀ီရိယ၊ သမာဓိတို့ကြောင့် မရှု့မလှအခိုင်းခံနေရသည်။
သူ့ဘက်တော်သား`စိတ်´ကိုဘယ်လိုအကူအညီပေးမည်ကို အကြံထုတ်နေသည်။ နည်းလမ်းရှာနေသည်။
ထိုအချိန်တွင် သတိ၊ ၀ီရိယ၊ သမာဓိ တို့သည် စည်းလုံးညီညွတ်စွာဖြင့် ကိုယ့်တာဝန်ကိုယ်ဆောင်ရွက်နေလျှင် သူသည်လည်း အကြံအိုက်၍ လက်ပိုက်ကြည့်နေရမည်သာ။
သတိ၊ ၀ီရိယ၊ သမာဓိတို့၏ စည်းလုံးညီညွတ်အားပိုမိုခိုင်မာတောင့်တင်းလာလျှင်မူ ပေါ်နိုင်ခဲသည့် လာခဲလှသည့် မိတ်ဆွေကြီးတစ်ဦးလည်း ထပ်မံရောက်ရှိလာပေမည်။
သူကား `ပညာ´...။
`ပညာ´သည် သတိ၊ ၀ီရိယ၊ သမာဓိ တို့၏လုပ်ပုံကိုင်ပုံ၊ စည်းလုံးညီညွတ်ပုံ၊ လုပ်နည်းကိုင်နည်းစံနစ်စသည်တို့ကို တွက်ဆလျက်စောင့်ကြည့်နေသူတည်း။
သူက သတိ၊ ၀ီရိယ၊ သမာဓိတို့၏ မိတ်ဆွေကြီးဖြစ်သော်လည်း သူ့မိတ်ဆွေတွေ၏အခြေအနေကို အမြဲတမ်းစောင့်ကြည့်နေတတ်သည်။
အခြေအနေကောင်းမှ စိတ်ချရလောက်သောအခြေအနေရှိမှ လက်ရှိလုပ်ဆောင်ချက်ကို အရှိန်အဟုန်မြှင့်တင်ဖို့ရောက်လာတတ်သည်။
တစ်နည်းအားဖြင့်`သူ´သည် ဉာဏ်ကြီးသည်၊ တန်ဖိုးမြင့်သည်၊ အရာရာကိုအလွယ်တကူလက်မခံတတ်။
အမြဲတမ်းချင့်ချိန်၊ ဝေဖန်၊ တိုင်းထွာ၊ ဆုံးဖြတ်လေ့ရှိသည်။
သူစောင့်ကြည့်နေပုံနှင့်တဏှာစောင့်ကြည့်နေပုံတို့မှာ တစ်ဦးနှင့်တစ်ဦး ရည်ရွယ်ချက်မတူ။
သူက သတိ၊ ၀ီရိယ၊ သမာဓိတို့ကို စွမ်းအားပြည့်ကူညီဖို့၊ လုပ်ငန်း၏မရှိန်အဟုန်မြှင့်တင်ဖို့ လုပ်ငန်းထဲမှနောက်ထပ် တွေ့မြင်စရာများကို အထုပ်ဖြည်ပြဖို့ဖြစ်သည်။
တဏှာကတော့သည်လိုမဟုတ်၊ သတိ၊ ၀ီရိယ၊ သမာဓိတို့၏ စည်းလုံးညီညွှတ်မှုကို ဖြိုခွဲဖို့။
လုပ်ငန်းအရှိန်အဟုန်ရပ်တံ့သွားဖို့၊ ဖျက်ဆီးပစ်ဖို့၊ သူတွန်းလှန်ရန်ခက်ခဲသည့် `ပညာ´ ရောက်မလာဖို့ ဖြစ်သည်။ ပညာရောက်လာပြီဆိုလျှင် သူ့အတွက် အခွင့်မသာတော့ပေပြီ။
သူ့ဘက်တော်သားစိတ်ကို သူခိုင်း၍ မရတော့ပြီ။ အသုံးပြု၍မရတော့ပြီ။ `ပညာ´၏လက်သို့ ၀ကွက်အပ်လိုက်ရတော့မည်။ ဒါကိုသူမလိုလား။ ထို့ကြောင့်သူကလည်း သူ့စွမ်းရည်ကို အစွမ်းကုန်ထုတ်သုံးတော့သည်။
သည်နေရာတွင်အရေးကြီးလာလေပြီ။ တဏှာ၏ပညာဝင်ရောက်မကူညီနိုင်ရေးစွမ်းဆောင်ချက်နှင့် ပညာ၏တဏှာဝင်ရောက်မဖျက်ဆီးနိုင်ရေးစွမ်းဆောင်ချက်တို့သည် တိုက်ပွဲလွင်ပြင်တစ်ခုသဖွယ်ဖြစ်လာသည်။
ပညာနှင့်တဏှာသည် သတိ၊ ၀ီရိယ၊ သမာဓိတို့၏ လုပ်ငန်းခွင်သို့မရောက်မီကပင် အားပြိုင်မှုတွေ ဖြစ်နှင့်ကြပြီ။ တိုက်ပွဲတွေစနှင့်ကြပြီ။ တိုက်ပွဲအရှိန်အဟုန်က ပြင်းထန်လှသည်။ လုပ်ငန်းခွင်သို့ပင် ရိုက်ခတ်လာသည်။
ဟော သတိ၊ ၀ီရိယ၊ သမာဓိတို့ကို လုပ်ငန်းခွင်ထဲသို့ တစ်ယောက်ပြီးတစ်ယောက်ပို့ပေးခဲ့သူလည်း အေးအေးဆေးဆေးနေ၍ မရတော့။ သူပင်လျှင် သက်ဝင်နိုးကြားလာရပြီ။ သူကား `သဒ္ဓါ´ ....။
သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ မိတ်ဆွေညီနောင်လေးဦးတို့သည် လက်တွဲမဖြုတ်စတမ်း ခိုင်မာသော သံန္နိဋ္ဌာန်များဖြင့် ရှေ့သို့အရောက်လှမ်းကြစမ်း။
လေမုန်တိုင်းတွေတိုက်နေပြီ၊ လေပြင်းတွေမွှေ့ရမ်းနေပြီ၊ သူတို့ထံပါးသို့ တဏှာနှင့်ပညာ ဘယ်သူရောက်လာမည်လဲ။ သူတို့၏စည်းလုံးညီညွတ်သော စွမ်းအားအပေါ် မူတည်နေသည်။ ရေပက်မ၀င်အောင်စည်းလုံးထားမှ။
တစ်နည်းအားဖြင့် အမှတ်ကိုစိတ်နေမှ။ ဟာကွက်မရှိအောင်ကို စိတ်နေမှ။ ပယ်ပေါက်ကလေးမရှိအောင်ကိုပင် `စေ့´နေမှစိတ်သည် မှတ်စိတ်အဖြစ် တစ်ဆက်ဆစ်စပ်တည်းရှိနေမှ။
သံသရာထဲဆက်လက်ဆွဲခေါ်မည့်သူနှင့် သံသရာထဲမှ ဆွဲထုတ်ယူမည့်သူ၊ ဘယ်သူအနိုင်ရမည်လဲ။ သည်နေရာအရောက်တွင် တရားအားထုတ်နေသည့်ယောဂီတို့သည် လန်၍ကျစမြဲ။ နောက်သို့ပြန်ဆုတ်ကြစမြဲ။ တိုက်ပွဲအရှိန်အဟုန်ပြင်းထန်သည်ကိုး။ သေမှာစိုးရိမ်သဖြင့် ပုန်းစရာ၊ ကွယ်စရာနေရာရှာကြစမြဲကိုး။ ဒါဆိုလျှင် `တဏှာ´အဖို့ကတော့ အကွက်ကောင်းဆိုက်လေပြီ။ သေမှာစိုးရိမ်စိတ်ဝင်လာသူကို တဏှာသည် ဖြားယောင်း၍ ရသွားပေပြီ။ ပွင့်သွားပြီ။ ယိုပေါက်တစ်ခု။
ဝင်လာပြီ `တဏှာ´
ပျက်ပြယ်ပြီ `သတိ´
လျော့သွားပြီ `၀ီရိယ´
လျော့သွားပြီ `သမာဓိ´
ကျသွားပြီ `သဒ္ဓါ´
ဝင်၍မရတော့ပြီ `ပညာ´
နောက်ဆုံးတွင် သေမှာစိုးရိမ်သူသည် လတ်တလောသာယာမှုကိုပေးတတ်သည့် တဏှာ၏ ခေါ်ရာနောက်သို့ လိုက်သွားရင်းကပင် သေရပြန်ပေပြီ။
သံသရာထဲတွင် တစ်ဘ၀ တစ်ခန္ဓာ တစ်လောင်းဖြစ်ရပြန်ဦးမည်။ ပညာ၏ခေါ်ရာလိုက်ပါလျှင် တစ်နည်းအားဖြင့် ပညာဝင်လာအောင် သည်းခံစောင့်ဆိုင်းနေလျှင် ပညာ အားကောင်းလာသည်အထိတောင့်ခံနေလျှင် သည်တစ်ခါတည်းသေရပေမည်။
သည်နေရာတွင် ခံနိုင်ရည်ဇွဲအရေးကြီးသည်။ ထို့ကြောင့်ပင် `သည်းခံလျှင်နိဗ္ဗာန်ရောက်သည်´ဟုဆိုစကားလေးရှိခဲ့သည် မဟုတ်လား။
`ဗိုလ်´ဟူသည် ဦးစီးဦးဆောင်ပြုလုပ်တတ်သောသဘော။ ဓမ္မခရီးအစတွင် သဒ္ဓါသည် အခြေခံအကျဆုံးနှင့်အရေးအကြီးဆုံးဖြစ်သည်။ သူနှင့်မစလျှင်နောက်ဆက်တွဲမည်သည့်ဗိုလ်မျှပေါ်လာနိုင်မည်မဟုတ်။
သူ့ကြောင့်သူ၏အစပျိုးမှုကြောင့် သံကွင်းဆက်သလိုဆက်တိုက်ပေါ်လာသော ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာဗိုလ်များ တစ်နည်းအားဖြင့် သဒ္ဓါကို အစပျိုးယမ်းဟုခေါ်၍ ရနိုင်သည်။ တစ်ခုတော့ရှိသည်။ သူကစပြီးသည်နှင့် `ငါလုပ်ပေးခဲ့ပြီးပြီလေ´ဟုဆိုကာ ခပ်ခွါခွါနေရစ်တတ်သည်။
သူပျိုးပေးလိုက်သည့်ယုံကြည်ချက်အတိုင်း ၀ီရိယဗိုလ်က အားကြိုးမာန်တက်လုပ်၊ သတိဗိုလ်က စေ့စေ့စပ်စပ်ကြည့်၊ သမာဓိဗိုလ်ကစူးစူးစိုက်စိုက်အလုပ်လုပ်။
သည်လိုနှင့်ခရီးအတော်တွင်လာသည့်အခါ နင်လားငါလား ယှဉ်ပြိုင်ကြဲရမည့်အခြေအနေတစ်ခုသို့ရောက်လာတတ်သည်။ စောစောက `တဏှာ´ နှင့် `ပညာ´ အားပြိုင်သည့်အခြေအနေမျိုး။ သည်အခြေအနေမျိုးတွင် သဒ္ဓါက ခွန်အားသစ်နှင့်ပြန်လည်အားဖြည့်ပါဝင်နိုးထမှ တော်ပေမည်။
သို့ဆိုလျှင် ၀ီရိယ၊ သတိ၊ သမာဓိတွေသည် အလုပ်ခွင်ထဲတွင် မောမောပန်းပန်းနှင့် ဇောချွေးပြန်ရင်းတစ်ခါတစ်ခါအားကုန်သလို ဖြစ်သွားတတ်သည်။ သည်အခြေအနေသည် တဏှာ ၀င်ရောက်စီးနင်းနိုင်ဖို့ အခွင့်အရေးပေးလိုက်သလိုဖြစ်သွားမည်။
ထို့ကြောင့်နောင်တော်ကြီးဖြစ်သည့် သဒ္ဓါကို ပြန်နှိုးရသည်။ အားမြှင့်ယမ်းအဖြစ် ပြန်လည်အသုံးပြုရသည်။
`အခက်အခဲတွေတွေ့နေပြီ။ အတိုက်အခိုက်ခံနေရပြီ။ ဒါပေမယ့်နောက်မဆုတ်နဲ့။ ယုံကြည်ပြီးသားကို တစ်ရွေးမျှမယွင်းမပဲ့စေနဲ့`စသဖြင့် သဒ္ဓါဗိုလ်က ညာသံပေး၍ ပြန်လည်ဝင်လာရပေမည်။
ဝီရိယ၊ သတိ၊ သမာဓိ သုံးဦးနေရာတွင် သဒ္ဓါက တကျော့ပြန်ပြန်ဝင်လာသောအခါ လေးဦး၏အား ဖြစ်မလာပေဘူးလား။ ပိုမိုအားကောင်းလာသောအခါ တဏှာက လက်မှိုင်ချရတော့မည်သာ။
ထိုအခါ ပညာက ရွှင်လန်းအားရစွာ ၀င်ရောက်ခွင့်ရတော့မည်သာ။
ပညာဗိုလ်၏ အလင်းရောင်သည် သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိဗိုလ်တို့၏ စွမ်းအားသတ္တိများနှင့် ပေါင်းစပ်လိုက်သောအခါ ပိုမိုထွန်းလင်းတောက်ပလာသည်။ ထိုအလင်းရောင်၏အကူအညီဖြင့် ခရီးဆက်လေလျှင်
ယောဂီသည်ခရီးဖော်ဖြစ်သည့် ဗိုလ်ငါးပါးတို့၏ စရိုက်ကိုနားလည်လျှင် ဗိုလ်ငါးပါးတို့၏အစွမ်းသတ္တိများကို ကျွမ်းကျင်နိုင်နင်းစွာ အသုံးချတတ်လေလျှင် အဓိကရန်သူကြီးဖြစ်သည့် တဏှာကို ပိုင်ပိုင်နိုင်နိုင်နှိမ်နင်းတတ်ပါလျှင် သတိပဋ္ဌာန်လမ်းဆုံးသို့ ရောက်ဖို့ရာမဝေးတော့ပေ။
မြသန်းစံ
(အပ္ပမာဒဓမ္မရသမဂ္ဂဇင်း၊ အတွဲ(၁)၊ အမှတ်(၁) မှ)

facebookသို့  

0 comments:

Post a Comment