Friday, January 11, 2019

"ကုသိုလ်ကြားက အကုသိုလ်များ သတိထား"

" ကုသိုလ်ကြားက အကုသိုလ်များ သတိထား "
★★★★★★★★★★★★★★★★★★★★

★ လောကကြီးမှာ ကုသိုလ်လုပ်ပေမယ့် လုပ်တတ်မှကုသိုလ်ရတယ်။မလုပ်တတ်ရင် အကုသိုလ်တွေဖြစ်တယ်။အဲ့ဒါ့ကြောင့်မို့ တရားချစ်ခင်သူတော်စင်များ ဒါဟာကုသိုလ်လား အကုသိုလ်လားဒါကို သိဖို့လိုတယ်။အကုသိုလ်မှန်လို့ရှိရင် ငရဲ တိရိစ္ဆာန် ပြိတ္တာ အသူရကယ်လို့ခေါ်တဲ့ အပါယ်လေးဘုံမှာအကျိုးပေးတယ်။
သေချာစဉ်းစာကြည့်ရင် ဒီနေ့ခေတ်မှာအင်မတန်ကြောက်စရာကောင်းတယ်။
အကုသိုလ်လုပ်နေတဲ့ ပုဂ္ဂိုလ်ဆိုပါဆို့။ပါဏာတိပါတအမှုကို ပြုနေတဲ့ပုဂ္ဂိုလ်တွေဟာ ကုသိုလ်ရတယ်ထင်လို့လုပ်တာ အကုသိုလ်မှန်းသိလို့ လုပ်တာမဟုတ်ဘူး။

★ ယဇ်ပူဇော်တွေ ပုဂ္ဂိုလ်တွေ သွားမေးကြည့်။ မြတ်စွာဘုရား လက်ထက်တုန်းက သားသတ်ယဇ်ဆိုတာ ရှိတာ။ယဇ်ပွဲတွေ လုပ်တယ်နတ်ဘုရားတွေကိုပူဇော်တယ်။ အစောင့်အရှောက် လိုချင်လို့ ယတြာချေတယ်ဆိုပြီး တိရိစ္ဆာန်တွေကိုသတ်တယ်။ဒါ့ဖြင့်
ယဇ်ပူဇော်တဲ့ သူတွေဘာအတွက်လုပ်တာလဲ မေးရင် ကုသိုလ်ရချင်လို့လုပ်တာ။ ကုသိုလ်ရတယ်လို့ အစဉ်အလာ ဟောပြောခဲ့တာ ရှိတယ်။အဲ့ဒီအစဉ်အလာဟော ပြောချက်အရ ကုသိုလ်ရတယ်။နောက်ဆုံးမှာ ယဇ်ပူဇော်လို့ ကောင်းရာ သုဂတိဘုံ
ရောက်တယ်ဆိုတဲ့ ဆုံးမကြ၀ါဒစကား၊ ဘာသာတရားရဲ့ အဆုံးအမကြောင့် ယဇ်ပူဇော်မှုကိုလုပ်တာ။ဒါလုပ်ရင် ငရဲကျမယ်ဆိုရင် ဘယ်သူမှမလုပ်ဘူး။
ကောင်းမယ်ထင်လို့ လုပ်တာ။လောကမှာ အကောင်းအဆိုး ဒွန်တွဲနေတယ်။

★ အကုသိုလ်အလုပ်က အကုသိုလ် သပ်သပ်။ ကုသိုလ်ထင်ပြီး လုပ်တဲ့ အကုသိုလ်တွေ
ရှိတယ်။အကုသိုလ်ဖြစ်ပေမယ့် ကုသိုလ်လို့ ထင်မှတ်နေတဲ့အရာတွေ ရှိတယ်။မင်းတုန်းမင်းလက်ထက်က မန္တလေးတောင်ရဲ့
မြောက်ဘက်မှာ ရွှေကျင်ကျောင်းတိုက်ကြီး ငါးတိုက် အရှေ့အနောက်တန်းပြီး တည်ထားတယ်။ဝက်လက်မြို့နားမှာ ရွှေကျင်ရွာဆိုတာ ရှိတယ်။မင်းတုန်းမင်းလက်ထက်က အဲ့ဒီရွာမှာ အင်မတန်မှ အနေအထိုင်ကောင်းတဲ့ ဆရာတော်ကြီးတစ်ပါး
ဦးဇာဂရတဲ့။ အဲ့ဒီဆရာတော်ကြီးကို မင်းတုန်းမင်းကပင့်ပြီးတော့ မန္တလေးတောင်မြောက်ဘက်မှာ ကျောင်းလှူတယ်ပေါ့။အားလုံးကြားဖူးကြမှာပေါ့ ရွှေကျင်ဂိုဏ်းဆိုတာ အဲ့ဒီဆရာတော်ကြီးက စတာ။မင်းတုန်းမင်းကြီးက ရွှေကျင်နိကာယ ရွှေကျင်ဂိုဏ်းကို ဂဏ၀ိမုတ် အမိန့်ထုတ်ပြီး ပေးထားတယ်။

★ ဆရာတော်ကြီးက ကျကျနန ဆုံးမတော့ ကြည်ညိုဖွယ်ရာကောင်းတယ်။
အဲ့ဒီဆရာတော်ကြီးက စာတမ်းလေးတစ်ဆောင်ထုတ်ခဲ့ဖူးတယ်။သူ့စာတမ်းလေးနာမည်က "ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ"စာတမ်းတဲ့။ ဘာနဲ့ပတ်သက်ပြီးရေးတာလဲဆိုရင် ထိုခေတ်က ဘုရားပွဲတွေနဲ့ ပတ်သက်ပြီးရေးတာ။ဘုရားပွဲဆိုပြီး ကျင်းပတယ်။
ပွဲလမ်းသဘင်တွေနဲ့ ဘုရားပွဲလို့သာ ကျင်းပလိုက်တာ ဘုရားရှိခိုးတဲ့လူ အင်မတန်မှနည်းတယ်။အကုသိုလ်လုပ်တယ်ဆိုတာ တချို့က ငါအကုသိုလ်မရှိဘူးလို့ ဒီလိုပြောကောင်းပြောလိမ့်မယ်။ အကုသိုလ်ဖြစ်တယ်ဆိုတဲ့ နေရာမှာသူက"ကိုယ်တိုင် ၊တိုက်တွန်း၊ ချီးမွမ်း၊စိတ်တူ " တဲ့ အဲ့ဒီလေးခု။ကိုယ်တိုင် သတ်တာ၊ သူတစ်ပါးကို သတ်ခိုင်းတာ( Order ပေးတာ၊အသားတွေကို Order ပေးတယ်။ ဘယ်နှစ်ပိဿာဆိုပြီးတော့ Orderပေးတယ်။) ကိုယ့်ဟာကိုယ် ဈေးမှာသတ်ပြီးသားဝယ်တာ ကိစ္စမဟုတ်ဘူး။ Order ပေးရင် ဒါမလွယ်ဘူး။နောက်တစ်ခုက ဘာတုန်းဆိုရင် ချီးမွန်းတာ။ တိုက်ရိုက် ချီးမွန်းတာလည်းပါတယ်။ဝက်ပေါ်တာကိုပဲ သဘောကျပြီးချီးမွန်းတယ်။ စိတ်တူတယ်။ ဘာမှတော့ မပြောဘူး။စိတ်ကတော့ သဘောကျတယ်။အဲ့ဒီ ပုဂ္ဂိုလ် လေးဦးစလုံးဟာ အကုသိုလ်ဖြစ်တာချင်းတူတယ်။ ဒါက ဗုဒ္ဓဘာသာကျမ်းစာတွေမှာ ဆိုတဲ့ဟာ။

★ ဗုဒ္ဓကျမ်းစာမှာ မဆိုဘဲနဲ့ပြောတဲ့ စကားတစ်ခုရှိတယ်။ဆိုပါဆို့ သတ်တဲ့သူနဲ့ စားတဲ့သူ အကုသိုလ်ဖြစ်တာချင်း ၅၀/၅၀ တဲ့။ဒီလိုပြောတယ်။ ဂျိန်းဝါဒမှာလည်း ဒီအတိုင်းပဲ။
အဲ့ဒါကိုတော့ မြတ်စွာဘုရားက လက်မခံဘူး။ဘာဖြစ်လို့တုန်းဆိုရင်
စဉ်းစားကြည့်ပေါ့။သတ်တဲ့သူရဲ့ စိတ်ဓာတ်နဲ့ စားတဲ့သူရဲ့စိတ်ဓာတ်က တစ်မျိုးစီပဲ။တစ်ခုတော့ ရှိတာပေါ့ ငါ့အတွက်သတ်ပါစေဆိုတဲ့စိတ်ရှိရင်တော့ သူလည်းပါမှာပေါ့။ အဲ့ဒီလို မဟုတ်ဘူး ဈေးတွေ့လို့ဝယ်စားတယ်။ပီးတော့ သူ့မှာသတ်ကြပါစေဆိုတဲ့ စိတ်လည်း မရှိဘူး။အသားအနေနဲ့ပဲ ၀ယ်စားလိုက်တယ်။စားစရာ တစ်ခုအနေနဲ့ဝယ်စားလိုက်တယ် စိတ်ကဖြူစင်တယ်။
အဲ့ဒါကို မြတ်စွာဘုရားက ဥပမာနဲ့ "လက်မှာ ဒဏ်ရာအနာတရ မရှိဘူးဆိုရင်
အဆိပ်ကိုင်ပေမယ့် အဆိပ်မသင့်ဘူး"တဲ့။

★ ဆိုလိုတာက ကိုယ့်စိတ်က စင်ကြယ် သန့်ရှင်းနေရင် အကုသိုလ်မဖြစ်ဘူးလို့ပြောတာ။
လောကမှာ အကုသိုလ် ဘယ်လိုလုပ်ရင်ဖြစ်တယ် ဘယ်လိုလုပ်ရင် မဖြစ်ဘူးဆိုတာ အင်မတန်မှ အရေးကြီးတယ်။သားကောင်တွေကို သတ်ပြီးဒါနကောင်းမှုလုပ်တယ်ဆိုလို့ရှိရင် နှစ်ပိုင်းရှိတယ်။သတ်တဲ့အပိုင်းက တစ်ပိုင်း၊ဒါန ကောင်းမှု
ကတစ်ပိုင်း။ သတ်တဲ့အပိုင်းက အကုသိုလ်ဖြစ်တယ်။ ဒါနလုပ်တာက ကုသိုလ်ဖြစ်တယ်။အဲ့ဒီနှစ်ခုကို ယှဉ်လိုက်မယ်
ဆိုရင် ဒါန ရလိုက်တာကနည်းနည်း ငရဲကြီးလိုက်တာက များများ။အဲ့ဒါကို ရည်ရွယ်ပြီးတော့ ဆရာတော်ကြီးက "ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ" လို့ပြောတာ။
ကြားဖူးကြပါလိမ့်မယ်။ အမျိုးသမီးတစ်ယောက် အိမ်ကိုဧည့်သည်ရောက်တော့ အဲ့ဒီနေ့မှာ အသားမပေါ်ရ ဥပဒေအရအသားဝယ်လို့ မရဘူး။

★ အိမ်ရောက်လာတဲ့ ဧည့်သည်ကို ဟင်းကောင်းနဲ့ ဧည့်ခံချင်တယ်။ဒါ့ကြောင့် မရတဲ့အဆုံး အိမ်မှာမွေးထားတဲ့ဆိတ်ကလေးကို လည်လှီးပြီးချက်တယ်။အဲ့ဒီအမျိုးသမီး လည်လှီးတဲ့အကုသိုလ်ကြောင့် ငရဲမှကျသွားတယ်။ ငရဲကလွတ်တဲ့ အခါကျတော့ ဇက်ပြတ်ပြီးတော့ သေရတဲ့ဘ၀က မနည်းဘူးတဲ့။ဒါကြောင့်မို့တစ်ချို့ကပြောတယ်။
ဆိတ်မွှေးအမျှ ခံရတယ်တဲ့။တစ်ချို့က ထင်ကောင်းထင်ကြလိမ့်မယ်။ ကိုယ်က တစ်ခါတည်းသတ်တာ ဘာဖြစ်လို့ ဒီလောက်ခံရတာတုန်းဆို လူ့ရဲ့သန္တာန်မှာဖြစ်တဲ့
စေတနာကနည်းတာမှ မဟုတ်တာ။အဲ့ဒါမေးလို့ ရှိရင် ကိုယ်ကပြန်မေးရပါလိမ့်မယ်။
သရက်ပင်စိုက်တဲ့ အခါ တစ်စေ့တည်းစိုက်ပြီး တစ်လုံးတည်းသီးသလား။
တစ်ခုတည်းလုပ်ပေမယ့် အများကြီးရတယ်ဆိုတာ ထင်ရှားတယ်။လူ့ရဲ့သန္တာန်မှာ စိတ်စေတနာတွေက မြောက်များစွာ ဖြစ်တယ်။
လက်ဖျစ်တစ်ချက်အတွင်းမှာ စေတနာပေါင်းက ကုဋေတစ်သိန်းလောက် ဖြစ်သွားတယ်။အဲ့ဒီထဲမှာ အကျိုးပေးနိုင်တဲ့ စေတနာတွေ မြောက်များစွာပါတယ်တဲ့။

★ ဒါ့ကြောင့်မို့ မြတ်စွာဘုရားက ကုသိုလ်ကောင်းမှု လုပ်တဲ့အခါမှာလည်းပဲ
တိရိစ္ဆာန်ကို လှူလို့ရှိရင် အဆတစ်ရာ၊ ကိုယ်ကျင့်တရားမကောင်းတဲ့ လူကိုလှူလို့ရှိရင် အဆတစ်ထောင်တဲ့ ဒီလိုပြောတာ။အဲ့ဒီ အမျိုးသမီး ဧည့်သည်ကိုကျွေးမွေးချင်တာက ကုသိုလ်ပဲ။ကျွေးချင် မွေးချင် ဒါကုသိုလ်။အဲ့ဒီ ဆိတ်ကလေးကို
သတ်လိုက်တာကတော့ အကုသိုလ်ပေါ့။ အဲ့ဒီ အကုသိုလ်ကိုခံရတယ်။ ကုသိုလ်ရဲ့ အကျိုးကိုခံရတာ ဒီလောက်မထင်ရှားဘဲနဲ့ လူ့ဘ၀ရလာတိုင်း ဇက်ပြတ်ပြီးတော့ သေရတယ်တဲ့။အဲ့ဒီ အကုသိုလ်က ခံလိုက်ရတာ အများကြီး။
အဲ့ဒါကိုပြောတာ "ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ"တဲ့။ဒီလိုခံရရင် တော်တော်လေးကြောက်စရာကောင်းတဲ့ဟာပဲ။

★ ဂေါတမဗုဒ္ဓလက်ထက်က ထင်ရှားတဲ့သူဌေးအဖြစ်ထင်ရှားတဲ့ "ဓမ္မဒိန္နာ" ရဲ့အမျိုးသား ၀ိသာခဆိုတာ ရှိတယ်။ရာဇဂြိုလ်ပြည်မှာနေတာ။အုပ်ချုပ်တဲ့ မင်းက ဗိမ္မိသာရမင်း။
ဟိုးလွန်ခဲ့တဲ့ ၉၂-ကမ္ဘာတုန်းလည်း ၀ိသာခနဲ့ ဗိမ္မိသာရမင်းတို့ဟာ အတော်ရင်းနှီးတဲ့သူတွေပဲ။ ဒီဘ၀မှာ လာဆုံကြတယ်။ ၉၂-ကမ္ဘာအထက်က တိဿ၊
ဖုဿ ဘုရားနှစ်ဆူပွင့်ခဲ့တယ်။အဲ့ဒီ ဖုဿဘုရား လက်ထက်မှာ ဘုရင်ကြီးရဲ့ သားတော်သုံးပါးက ကုသိုလ်ကောင်းမှုလုပ်ချင်ကြတယ်။ဘုရင်ကြီးဆီက ခွင့်တောင်းပြီး သူတို့က ၀ါတွင်းသုံးလပတ်လုံး သူတော်စင် အ၀တ်ကိုဝတ်ပြီး သူတို့တပည့် ပရိတ်သတ်တွေနဲ့ ဆယ်ပါးသီလစောင့်ကြတယ်။ အဲ့ဒီထဲမယ် ၀ိသာခအလောင်းက ဘာလဲဆိုရင် အဲ့ဒီမင်းသား သုံးယောက်ရဲ့ ဘဏ္ဍာရေးမှူးပေါ့။ ဘဏ္ဍာကိုသူက ကိုင်ရတယ်။ဗိမ္မိသာရကတော့ အဲ့ဒီတုန်းက မင်းသားသုံးယောက်ရဲ့ စီမန်ခန့်ခွဲရတဲ့ အခုခေတ်ဆိုရင် မန်နေဂျာပေါ့။သူတို့ နှစ်ယောက်ကို တာဝန်ပေးထားတယ်။

★ သူတို့ညီအစ်ကိုသုံးယောက်ပိုင်တဲ့ ဂိုဒေါင်တွေကနေ အလှည့်ကျနဲ့ နေ့စဉ်ထုတ်ပြီး သံဃာတွေကိုဆွမ်းကပ်ဖို့ သူတို့နှစ်ယောက်က ဦးဆောင်တယ်။
အဲ့ဒီမှာ ဝေယျာဝစ္စသမားတွေ အများကြီးပဲ။သူတို့ပေးထားတာက ဒါ သံဃာတွေကို ဆွမ်းကပ်ဖို့ သံဃာဝတ်ဆိုပြီး ခွင့်ပြုထားတဲ့ ပိုက်ဆံထဲက နောက်ပိုင်းဘာတွေ ဖြစ်လာလဲဆိုတော့ သံဃာတွေဆွမ်းကပ်လို့ ရှိရင်သိပ်မကျန်ဘူးတဲ့ လက်ကျန်သိပ်မရှိဘူးတဲ့။
တိုင်းပြီးတော့ လုပ်တာဆိုတော့ ဘုန်းကြီးတွေ ကပ်ပြီးရင်ပြောင်တာပဲ။ဝေယျာဝစ္စသမားက သူတို့ကိုပိုက်ဆံပေးထားတာဆိုတော့ သူတို့ကို ကျွေးတာ မွေးတာ သိပ်လုပ်ပုံမပေါ်ဘူး။ကျန်ရင်တော့ စားရမှာပေါ့။
နောက်ကျတော့ ဘာလုပ်လာလဲဆိုတော့ ဝေယျာဝစ္စသမားကလည်း (၃)လကြီးဆိုတော့ ရက်ရှည်လုပ်ရတဲ့ အခါကျတော့ အမေလည်းပါတယ်။ အဖေလည်းပါတယ်။ ထမင်းချက်တာဝန်ကျတယ်။ အမေက အသီးအနှံတွေချွတ်ဖို့ လှီးဖို့ မီးဖိုချောင်၊
အဖေက ထမင်းချက်ပေါ့။ အဲ့ဒီလို ဝေယျာဝစ္စလာတဲ့ အခါအိမ်က ကလေးတွေပါလာတယ်။ ဆွမ်းတွေဘာတွေ ချက်လို့ သံဃာတွေက မကြွလာသေးဘူး။

★ ကလေးတွေက မေမေဆာတယ်လို့ လုပ်လာတယ်။လုပ်လာတော့ သံဃာတော်တွေ
အတွက်လုပ်ထားတာကို အငိုတိတ်အောင် ပေးတာ၊ နောက်ကျတော့ သူ့တို့ပါ စားတော့တာပဲ။သံဃာတွေ မလာခင် ဆာတယ်ဆိုပြီး စားလိုက်တယ်။
အခြေအနေက အဲ့ဒီလိုပြောင်းလဲ သွားတယ်။လုပ်တာကတော့ သံဃာ့ဝေယျာဝစ္စ
ကုသိုလ်လပ်ကြတာပဲ။ သို့သော် သံဃာတွေမကပ်ခင် စားကြ သောက်ကြ ၊ သံဃာဝတ်ထဲက သံဃာ ရည်စူးထားတဲ့ ဆွမ်း ခဲဖွယ် ဘောဇဉ်တွေကို စားကြ သောက်ကြ ဖြစ်လာတဲ့အခါ သေလည်း သေရာ အဲ့ဒီ လူတွေ(၁၆၀၀၀) လောက်ရှိတယ်
အကုန်လုံး ပြိတ္တာတွေဖြစ်ကုန်တယ်။ ပြိတ္တာဆိုတာ စားရမဲ့ သောက်ရမဲ့ ဒဏ်ခတ်ခံရတယ်ပေါ့။ကံကြမ္မာရဲ့ ဒဏ်ခတ်မှုပေါ့။ အဲ့ဒါ-၉၂ ကမ္ဘာထက်ကနေ
ပြိတ္တာဖြစ်ပြီးတော့ ပြိတ္တာဘ၀ကနေ လွတ်တဲ့အခါ လူဖြစ်လိုက် ဘာဖြစ်လိုက်ပေါ့။
အခအား လျော်စွာ ဟော့ဒီဘဒ္ဒကမ္ဘာ ရောက်တဲ့အခါကျတော့ ကကုသန်မြတ်စွာဘုရားလက်ထက်မှာ တစ်ခါ ပြိတ္တာဘ၀ပြန်ရောက်ကြပြန်တယ်။

★ အဲ့ဒီ လူတွေ ပြိတ္တာ ပြန်ဖြစ်တယ်။ပြန်ဖြစ်တဲ့အခါကျတော့ ကကုသန်မြတ်စွာဘုရားဆီ ချဉ်းကပ်ပြီးတော့ တပည့်တော်တို့ မစားရတာလည်း
ကြာပြီ ဘယ်တော့ ကျွတ်မလဲဆိုတော့ ဘုရားက မင်းတို့ ငါဘုရားလက်ထက်မှာတော့ ရဦးမှာမဟုတ်ဘူး။ စိတ်ပျက် လက်ပျက်နဲ့ ပြိတ္တာတွေ ဒီလိုပဲ ငတ်ငတ်ပြတ်ပြတ်နဲ့နေကြရတယ်။
နောက်တစ်ခါ လူ့အသက် လေးသောင်းတမ်းမှာ ကကုသန်မြတ်စွာဘုရားပွင့်တယ်။ နောက်အဲ့ဒီလို ဆုတ်ကပ် တက်ကပ် ပြီးတဲ့အခါ နောက်တစ်ကျော့မှာ သုံးသောင်းတမ်းမှာ ကောဏဂမန မြတ်စွာဘုရားပွင့်တယ်။အဲ သူတို့က မသေသေးဘူး အသက်ရှည်တယ်။
ဘုရားဆီမှာ သွားပြီးမေးပြန်တယ် ဘုရားကလည်း ငါ့လက်ထက်မှာ မင်းတို့မရနိုင်သေးဘူး အမျှဝေမဲ့သူမရှိဘူး။ကျွတ်ဖို့ မရှိသေးဘူး။နောက် ကဿပဘုရား အသက်ရှစ်သောင်တမ်းမှာ ဆုတ်ကပ် တက်ကပ်ပြီးလို့ အသက် နှစ်သောင်းတမ်းမှာ
ကဿပ မြတ်စွာဘုရားပွင့်တယ်။ ဘုရားဆီ ချဉ်းကပ်ပြီးတော့ မေးပြန်တယ်။
ဘုရားရှင် ကလည်း မင်းတို့ ငါ့လက်ထက်တော့ စားရဦးမှာ မဟုတ်ဘူး
ငါ့ရဲ့နောက် ဂေါတမ မြတ်စွာဘုရား ပွင့်လိမ့်မယ်။ အဲ့ဒီ လက်ထက်ကျရင် မင်းတို့ရဲ့ တွေတော်မျိုးတော် မန်နေဂျာနဲ့ ဘဏ္ဍာထိန်းကြီးတို့က ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှဝေရင်တော့ မင်းတို့ကျွတ်ချိန်တန်ပါပြီလို့ အဲ့ဒီလိုပြောတယ်။

★ နောက်နေလိုက်ရော အကြာကြီး ဂေါတမ ဘုရားပွင့်လာတယ်။ရာဇဂြိုလ်ပြည် ကြွတော့ ဗိမ္မသာရမင်းကြီးက ဝေဠုဝန်ဥယျာဉ် လှူတယ် ရေစက်ချတယ်။သူတို့ မသိလိုက်ဘူး အမျှမရလိုက်ဘူး။ နောက်ဝိသာခလည်း ကုသိုလ်ကောင်းမှုတွေ လုပ်တယ်
သူတို့အမျှမရကြဘူး။ မြတ်စွာဘုရားက ဗိမ္မိသာရမင်းကိုပြောတော့ ဘုရားအမှူးရှိတဲ့ သံဃာတွေကို ဆွမ်း ခဲဖွယ် ဘောဇဉ် ချိုချဉ်ရသာ အဖြာဖြာတွေ ဆက်ကပ်ပြီး
အမျှဝေလိုက်တော့ စားစရာတွေ ရသွားကြတယ်။ညကျတော့ ကိုယ်တော်မြတ်တွေက
ရောက်လာကြသေးတယ် အ၀တ်မပါဘူး။ မြတ်စွာဘုရားက လျောက်တဲ့အခါ မြတ်စွာဘုရားက အ၀တ်လှူရမယ်ဆိုတော့ လှူပြီးအမျှပေးလိုက်တာ သူတို့တွေ သာဓုခေါ်လိုက်တော့ ဒီပြိတ္တာတွေဟာ လုံးဝကျွတ်တဲ့ အဆင့်ထိ ရသွားတယ်။
ဒါဟာ ဝေယျာဝစ္စလုပ်တဲ့သူတွေ သိထားသင့်ပါတယ်။ မြန်မာပြည်မှာ ဘုရားပွဲဆိုတာ သိတဲ့အတိုင်းပဲ။တချို့အရပ်တွေမှာ ဘုရားရှေ့မှာ အလှူခံပုံး ရှိတယ်။
လှူတဲ့သူတွေကတော့ ရွှေသင်္ကန်းကပ်ရန် လျှပ်စစ်မီးပူဇော်ရန်တို့ ဘာတို့ပေါ့။ သူခေါင်းစီးနဲ့သူ့ပေါ့။ဂေါပကတွေ ဘာလုပ်လဲဆိုရင် အဲ့ဒီပိုက်ဆံနဲ့
ပွဲငှားတယ် လာတဲ့သူတွေက ဘုရားရှိခိုးဖို့ မဟုတ်ဘူး။ ပွဲပြီးတော့ ပွဲခင်းမှာ အမှိုက်တွေအညစ်အကြေးတွေ။

★ ဒါတကယ့်အဖြစ်ကိုပြောတာ။ ဘုရားပွဲပြီးလို့ စာရင်းရှင်းတဲ့ အခါကျတော့
ဘယ်လိုရှင်းတုန်းဆိုရင် ဇာတ်ငှားခက ဘယ်လောက်ဘာက ဘယ်လောက်နဲ့
စာရင်းရှင်းလိုက်တာ လိုငွေပြတဲ့အခါ ဘုရားထံက ရရန်အကြွေးဘယ်လောက်ဆိုပြီး ဘုရားအပေါ်တောင် အကြွေးတင်လိုက်သေးတယ်နော်။
တကယ်တော့ ဘုရားပွဲ လုပ်ရင် မြတ်စွာဘုရားကို ၀တ်တက်ကြမယ်။ပန်းရေချမ်းပူဇော်ရမယ်။ ဗုဒ္ဓနုဿတိပွားရမယ်။ ပွဲကြည့်ဖို့ မလုပ်ရဘူး။ ပွဲဆိုတာနဲ့ ပတ်သက်ပြီး
"ဂါမဏိသံယုတ်" ထဲမှာ "တာလပုဋသုတ်" ထဲမှာ တာလပုဋ ဆိုတာ ဇာတ်ဆရာကြီးက
မြတ်စွာဘုရားကို လူထုကိုဖျော်ဖြေတဲ့ ကုသိုလ်ကြောင့် "ပဟာသ" ဆိုတဲ့ နတ်ပြည်တစ်ခုကိုရောက်တယ်ဆိုတာ မှန်လားဘုရား ဆိုတော့ မြတ်စွာဘုရားက
ဒီမေးခွန်း ငါ့ကိုမမေးနဲ့တဲ့ ငါမဖြေချင်ဘူးတဲ့။ ဘုရားက တစ်ခါ တစ်ခါ သူများကို ထိခိုက်မယ့်ဟာ
ဆို မပြောချင်ဘူး။မြတ်စွာဘုရားကို အတင်းမေးတဲ့အခါကျတော့ ဘုရားရှင်က "အေး နဂိုကမှ လူတွေဟာ တဏှာရာဂ များနေတာ တဏှာ ရာဂများအောင် လုပ်တယ်၊
နဂိုကမှ မုန်းတီးမှုတွေ များတဲ့လူတွေကို မုန်းတီးမှုရှိလာအောင် လုပ်တယ်။
နဂိုကမှ တွေဝေမိန်းမောအောင်လုပ်မယ်ဆိုပြီးတော့ လူတွေကို အကုသိုလ်ဖြစ်အောင် လုပ်သည့်အတွက်ကြောင့် "ပဟာသ" နတ်ပြည်မဟုတ်ဘူး "ပဟာသ" ငရဲကျတာတဲ့ " အဲ့ဒီလိုဖြေတယ်။သတိထားစရာ ကောင်းတယ်။

★ ဒါ့ကြောင့်တရားချစ်ခင် သူတော်စင်ပရိတ်သတ် အပေါင်းတို့ အခုဘုရားပွဲနဲ့ ပတ်သက်ပြီးတော့လည်းမှတ်ရမှာပဲ၊ သံဃာပွဲတွေနဲ့ ပတ်သက်လာရင်လည်း မှတ်ရမှာပဲ။
ကုသိုလ်ပွဲတွေနဲ့ ပတ်သက်လာရင် ကုသိုလ်ပြည့်ပြည့်၀၀ရအောင် စိတ်ထားတတ်ဖို့ အင်မတန်အရေးကြီးပါတယ်။ ကုသိုလ်ရအောင် စိတ်ထားထားတတ်ဖို့ အရေးကြီးတယ်ဆိုတာ ကိုယ်စီ ကိုယ်စီ မှတ်ထားပြီးတော့ ကုသိုလ်တရားဖြစ်ပွားအောင် သတိကြီးစွာထားပြီး
ကြိုးစားအားထုတ်နိုင်ကြပါကုန်စေသတည်း။

ပါမေက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

(ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ တရားမှကောက်နှုတ်ချက်)
Video file နာယူရန် အောက်ပါလင့်ကို နှိပ်ပါ----
https://m.facebook.com/story.php?story_fbid=1013742715498155&id=361144180758015

ဤဓမ္မဒါနကြောင့် သာသနာတော်ကိုထောက်ပံ့နိုင်ပြီး နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်စေသား။

 ♣ ♣ ♣ ♣ ♣

 ဓမ္မမိတ်ဆွေများ ကျန်းမာ ချမ်းသာကြပါစေဗျာ။

♣ ♣ ♣ ♣ ♣

Credit: Pay Thoe.

0 comments:

Post a Comment