နိစ္စ ဓူဝ ၊ ကု သိုလ် ရ အောင် ၊ ကြံ ဆောင် သင့် လှ ၊ လူ့ ဘ ဝ "
တစ်နေ့က ရင်းနှီးတဲ့ ဒေါ်ကြီး တစ်ယောက်နဲ့ စကားစပ်မိတဲ့အခါ သူပြောလာတာကတော့ --
သူ့မိတ်ဆွေများ ရိပ်သာဝင်သွားကြပေမယ့် သူ့မှာတော့ ချက်ပြုတ် ၊ ကျွေးမွေး ၊ လျှော်ဖွတ် ၊ သန့်ရှင်းရေးစတဲ့
အိမ်မှုကိစ္စတွေကို လုပ်နေရလို့ ကုသိုလ်ကောင်းမှုတွေ မပြုလုပ်နိုင်ဘူး ဆိုပြီး ညည်းညူပြောပြပါတယ် ။
ဒီတော့ ရိပ်သာမသွားဘဲ ဒီအတိုင်း လုပ်ကိုင်နေရင်းလဲ ကုသိုလ်တွေ ရနိုင်ပါတယ်၊ လုပ်ကြည့်မှာလားလို့မေးတော့ --
ကုသိုလ် တကယ် ရမယ်ဆိုရင် လုပ်မှာပေါ့ တဲ့ ။ အချိန်လဲရတယ်ဆိုလို့ အချိန်ယူပြီး သူ့ကို ရှင်းပြဖြစ်ခဲ့တယ် ။
ကောင်းပါပြီ - သေချာနားထောင်ပါနော် ၊
ကုသိုလ်ကို မြတ်မြတ်နိုးနိုးနဲ့ တကယ်လိုချင်တဲ့စိတ်တော့ ရှိမှဖြစ်ပါမယ် ၊
ဘာလို့လဲဆိုတော့ ဆန္ဒတကယ်ရှိမှ လုံ့လစိုက်ပြီး ပြုလုပ်နိုင်မှာမို့ပါ ။
အဓိကအနေနဲ့ကတော့ နေ့စဉ်နေ့တိုင်း မိမိနဲ့ တွေ့ကြုံ ဆက်ဆံရသူတိုင်းကို
စိတ်ဆင်းရဲမဖြစ်စေဖို့ သတိထားပြီးပြောဆို ပြုမူ ရမှာပါ ၊ နောက်တစ်ခုက
မိမိလုပ်ကိုင်နေတဲ့ အလုပ်တွေကို စိတ်ရင်း စေတနာ မှန်မှန်နဲ့
လုပ်ကိုင်ရပါမယ် ။
ပြီးတော့ ဘယ်သူ့အပေါ်မှ မကျေနပ်တဲ့စိတ် မဖြစ်စေရဘူးလို့ ဆုံးဖြတ်ထားရမှာပါ ။ အဲဒီလိုသာ အမြဲပြုလုပ်နိုင်ခဲ့ရင်
အချိန်တိုင်း အချိန်တိုင်း ကုသိုလ်တွေ ရနေမှာကို အာမခံပါတယ်ဆိုတော့ -
အဲဒီလို နေနိုင်အောင် ဘယ်လိုလုပ်ရမှာလဲ လို့ ပြန်မေးပါတယ် ။
သတိတော့ အမြဲရှိနေဖို့လိုမယ်နော် ၊ သတိမပါရင် ဘယ်ကုသိုလ်မျိုးကိုမျှ မရနိုင်လို့ပါ ။
မနက် အိပ်ရာက ထတာနဲ့ ဒီနေ့ ငါ ကုသိုလ်ရအောင် ကြိုးစားနေထိုင်မယ်လို့ မိမိကိုယ်ကို သတိပေးလိုက်ပါ ။
ကိုယ်လက်သန့်စင်ပြီးလို့ နံနက်စာပြင်ဆင်တဲ့အခါ စားရတဲ့သူတွေ စိတ်ကျေနပ်အောင် အတတ်နိုင်ဆုံး စီစဉ်မယ် ဆိုတဲ့
စိတ်နဲ့ လုပ်ကိုင်ပါ ၊ မျက်နှာကို အကြောလျှော့ထားပြီး ကြည်ကြည်လင်လင်လေးနေပါ ၊ ဖြစ်နိုင်ရင် ပြုံးပြုံးလေးနေပေးပါ ၊
စကားပြောတဲ့အခါ ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောနိုင်ရင် နူးညံ့တဲ့စကားပဲ
ပြောဖြစ်ပါတယ် ၊ သူတစ်ပါးကို ထိခိုက်မယ့်စကား မပြောဖြစ်တော့ဘူး ၊
ဒါဆို သူရော ကိုယ်ရော စိတ်ကြည်လင်လန်းဆန်းပြီး နေရထိုင်ရ တကယ်သက်သာတာကို တွေ့ရပါလိမ့်မယ် ။
ဈေးသွားဝယ်တဲ့အခါ ကိုယ့်ဘက်က အသာရချင်တဲ့ စိတ်ကို ချိုးနှိမ်ထားပါ ၊ ဈေးသိတ်မဆစ်ပါနဲ့ ၊ အဲဒီငွေလောက်နဲ့ သူရော ကိုယ်ရော
ဘာမှထူးခြားမသွားပါဘူး ၊ ဟင်းစားဝယ်လို့ ဈေးသည်က အလေးခိုးရင်တောင် ဘာမှမပြောပါနဲ့ ၊ စိတ်လဲမဆိုးပါနဲ့ ၊ သူ့မှာလိုအပ်နေလို့
သူလုပ်နေရတာပဲလို့ မှတ်လိုက်ပါ ၊
ဒါဆို လျှော့ယူလိုက်ရတဲ့ အလေးချိန်ရဲ့ တန်ဖိုးကို သူ့လှူလိုက်တာ ဖြစ်သွားပါတယ် ၊ စိတ်မကွက်ဘဲ
ကြည်ကြည်သာသာပေးလိုက်လို့ ဒါနမြောက်ပါတယ် ၊ ဈေးအပြန် အငှားယဉ် တစ်ခုခုနဲ့
ပြန်ဖြစ်ခဲ့မယ်ဆိုပါစို့ ၊ သူကပုံမှန်ထက် နဲနဲပိုတောင်းရင်
လိုက်လျောလိုက်ပါ ၊ ဒါလဲ ဒါနပါပဲ ၊ ပြီးတော့ကိုယ့်ကို သက်သက်သာသာ ဖြစ်အောင် လိုက်ပို့ပေးလို့ ကျေးဇူးတင်လိုက်ပါဦး ။
အလှူခံကို လိုက်ရှာမနေရပဲ နေ့စဉ် တကယ်လိုအပ်နေတဲ့သူတွေကို လှူနေရလို့ မွန်မြတ်တဲ့ ကုသိုလ်တွေ ရနေပါတယ် ။
ချက်ပြုတ် ကြော်လှော်တဲ့အခါ အကောင်းဆုံးဖြစ်အောင် ၊ လျှော်ဖွတ်တဲ့အခါလဲ
ဖြူဖြူစင်စင်လေး ဖြစ်အောင် ၊ သန့်ရှင်းရေး လုပ်ရင်လဲ
စေ့စေ့စပ်စပ်အသေးစိတ်လေး
တွေကအစ , အလုပ် လုပ်တဲ့အခါတိုင်း စိတ်ရင်း စေတနာ မှန်မှန်နဲ့ လုပ်ကိုင်ပေးရပါမယ် ။
ဒါပေမယ်လို့ မိမိက ဘယ်လောက် အကောင်းဆုံးလုပ်နေပါစေ မကျေနပ်တဲ့သူ ၊
မပြေလည်တဲ့သူ ဆိုတာတော့ ရှိနေဦးမှာ ထုံးစံပဲ ။ အဲဒီအခါ
သူဘာကိုမကြိုက်တာလဲဆိုတာ သိအောင် ကြိုးစားပါ ၊
မိမိလိုအပ်ချက်ကို ရှာပြီး ပြုပြင်ပါ ၊ ပြီးပြည့်စုံတဲ့လူ ဆိုတာ (ရဟန္တာ မဖြစ်သေးသ၍) မရှိပါဘူး ၊
မပြည့်စုံတဲ့သူချင်း အတူတူ ကိုယ်ကသူ့ထက် သဘောထား ကြီးကြီး ထားပေးပါ ၊
ကိုယ်က ရည်ရွယ်ချက်ကောင်းကောင်း ရှိထားသူမို့ပါ
သဘောထားကြီးတဲ့သူ , သဘောထားပြည့်တဲ့သူ ဖြစ်သွားရင် အသိအလိမ္မာရှိတဲ့သူ ၊ မြင့်မြတ်တဲ့သူ ဖြစ်လာပြီး ကုသိုလ်တွေ ရရှိလာတော့မှာပါ ။
ဒီအခါ မိမိနှင့်တကွမိမိပတ်ဝန်းကျင်က
လူတွေအားလုံး စိတ်ပျော်ရွှင်ချမ်းသာစွာနဲ့ နေကြရမှာဖြစ်တယ် ။
( အတ္တ မာန တွေ အားကြီးတဲ့သူ ဆိုရင်တော့ လက်တွေ့မှာ ဘယ်သူမှ ဒီလောက် သဘောထား မကြီးနိုင်ပါဘူးလို့ ထင်နေမှာပါပဲ )။
အဲဒီအခြေအနေကို အထောက်အကူပြုဖို့ အလေ့အကျင့်တစ်ခုကို ပြုလုပ်ရပါဦးမယ် ။ ဘယ်အလုပ်ကိုပဲလုပ်လုပ် လောလော, လောလောနဲ့
ပြာယာခတ်ပြီး မလုပ်မိဖို့ပါ ၊ အလုပ်ထဲမှာ စိတ်စိုက်ထားပြီး
ဖြေးဖြေးမှန်မှန်လုပ်ဖို့ အရေးကြီးပါတယ် ။ အချိန်မှီ ပြီးရမယ့်အလုပ်ဆိုရင်
အချိန်ကိုကြိုတင်ပြီး ပြုလုပ်ရမှာပါ ၊ အလုပ်ကို လောပြီးလုပ်ရင် အမှားဖြစ်တတ်တယ် ၊ စိတ်ရောလူရော ပင်ပန်းတတ်တယ် ၊ အလုပ်ကို
ဖြေးဖြေးမှန်မှန်နဲ့ အာရုံစိုက်ပြီး လုပ်တတ်တဲ့ အလေ့အကျင့် ရသွားရင် စိတ်ပါတည်ငြိမ်လာပါတယ် ၊
စကားကိုလဲ လက်လွှတ်စပယ်
မပြောထွက်တော့ပါဘူး ၊ စဉ်းစဉ်းစားစားနဲ့ ပြောတတ်သွားပါတယ် ၊ အမှားတွေလဲ
နည်းသွားပါတယ် ၊ အပြောအဆို အမူအရာ တွေအားလုံးလေးစားကြည်ညိုဖွယ်
အသွင်ဆောင်လာပါတယ် ။ အလုပ်ရယ် အိမ်ရယ် , လူရှေ့မှာရယ် နောက်ကွယ်မှာရယ် လို့
မခွဲခြားဘဲ အိနြေ္ဒသိက္ခာနဲ့ အမြဲနေလာတတ်ပါတယ် ၊
ဟန်ဆောင်မှုမရှိဘဲ
နှစ်လိုဖွယ် အလွန် ကောင်းနေပါတော့တယ် ။ အဲဒီအခါ ကုသိုလ်ဆိုတာ
မိမိသတိမထားမိဘဲအချိန်နဲ့အမျှ အလိုလို ရရှိနေပြီဖြစ်ပါတယ် လို့ သေသေချာချာ
ရှင်းပြလိုက်ပါတယ် ။
အဲဒီအခါ ဒေါ်ကြီးက သူတကယ်ကြိုးစားပြီးလုပ်ပါမယ်တဲ့ ၊ ကြားရတာနဲ့တင် စိတ်အေးချမ်းသွားတာပဲတဲ့ ၊ တကယ်လိုက်နာပြီးလက်တွေ့ လုပ်နိုင်ရင်
တကယ် ကုသိုလ်ရမယ်ဆိုတာ သူယုံကြည်ပါတယ်တဲ့ ။
ပြောရတဲ့သူလဲ တကယ်ပီတိ ဖြစ်ရပါတယ် ။ တစ်ဦးနဲ့တစ်ဦး ပါရမီချင်းမတူနိုင်တာမို့ လူတိုင်း
လက်ခံနိုင်မယ် မဟုတ်ဘူးဆိုတာလဲ မျှော်လင့်ထားပါတယ် ။
တကယ်တော့ လူတိုင်းပြုကျင့်နိုင်မယ်ထင်ပါတယ် ၊ ဝန်ထမ်းလဲ ဝန်ထမ်းအလျောက် , အရောင်းအဝယ်သမားလဲ အရောင်းအဝယ်သမားအလျောက်
မိမိနဲ့ ဆက်ဆံရတဲ့သူတိုင်း ၊ မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်း မှာ
အကောင်းဆုံး ဖြစ်အောင် ပြုမူ ပြောဆို နေထိုင် လုပ်ကိုင်ရင်းဖြင့်
ကုသိုလ်များကို
ရယူနိုင်ကြမှာ ဖြစ်ပါတယ် ။ လက်တွေ့ အမှန် လုပ်နိုင်ကြပါစေ ။ ။
dhammaransi
မှတဆင့်ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်ခင်ဗျာ
(ဗဟုသုတတိုးပွားပြီးကုသိုလ်တရားပွားများနိုင်ကြ
ပါစေခင်ဗျာ)
(ကျွန်တော့်၏Postများမှဓမ္မတရားတော်များကို အများသူငါဖတ်ရှုလေ့လာကုသိုလ်ပွားနိုင်ရန်အတွက်ထပ်ဆင့်၍ဝေမျှ Shareခြင်းဖြင့်ကုသိုလ်
ယူနိုင်ကြပါသည်ခင်ဗျာ)
facebookသါု့ သွားရန်နှိပ်ပါ
Monday, March 14, 2016
Home »
ဗဟုသုတဆိုင်ရာ
» မိမိတို့ နေ့စဉ်နှင့်အမျှ ကုသိုလ်ရအောင် ဘယ်လို လုပ်ရမလဲ ဘယ်လိုနေရမလဲ ဘယ်လိုပြောဆိုရမလဲ
0 comments:
Post a Comment